အမည်တူ၊ တံဆိပ်တူများ မဲပေးသူကို ဝေဝါးစေမလား

မဲရုံထဲမှာ အမတ်လောင်းအမည်ကို ရှာဖွေပြီး မဲထည့်သူ ရှိသလို ပါတီတံဆိပ်ကို ရွေးချယ်သူလည်း အများအပြား ရှိတဲ့အတွက် ဆင်တူယိုးမှားဖြစ်ခြင်းဟာ မဲပေးမှားမှုကို ဦးတည်သွားနိုင်ပါတယ်။

Published on Sep 28, 2015
မူဝါဒမတူသော်လည်း တံဆိပ် ဆင်တူသည့် ပါတီသုံးခု မဲဆွယ်မှုကို စက်တင်ဘာ ၂၂ ရက်နေ့ထုတ် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။
မူဝါဒမတူသော်လည်း တံဆိပ် ဆင်တူသည့် ပါတီသုံးခု မဲဆွယ်မှုကို စက်တင်ဘာ ၂၂ ရက်နေ့ထုတ် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့လယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်မြင့်ရီကို နိုင်ငံရေးပါတီငါးခု သုံးထားကြတဲ့ ခွပ်ဒေါင်းတံဆိပ်တွေကို ပြလိုက်တော့ စက္ကန့် အနည်းငယ် တွေဝေသွားပါတယ်။

ဒီနှစ်ရွေးကောက်ပွဲဝင်ကြမယ့်ထဲမှာ ခွပ်ဒေါင်းပုံသုံးတဲ့ ပါတီတွေ ဒီလောက်များများ ရှိလိမ့်မယ်လို့ သူ မျှော်လင့်မထားပါဘူး။

ဒေါ်မြင့်ရီက မိနစ်အနည်းငယ် အချိန်ယူ စဉ်းစားလိုက်ရင် ဘယ်ဟာက ဘယ်ပါတီရဲ့တံဆိပ်ဆိုတာ အဖြေထွက်လာနိုင်ပါတယ်။

သို့ပေမယ့်လည်း အသည်းကြားကမဲတစ်ပြားအတွက် ရွေးချယ်ကြသူ တော်တော်များများကတော့ မဲရုံထဲရောက်ချိန် အမည်တူ၊ တံဆိပ်တူပါတီတွေကို တွေ့ရမယ် ဆိုရင်တော့ ဇဝေဇဝါ ဖြစ်သွားနိုင်တဲ့အထိ ဆင်တူယိုးမှား ဖြစ်ကြတဲ့ ပါတီတွေ ရှိနေပါပြီ။

မဲရုံထဲမှာ အမတ်လောင်းအမည်ကို ရှာဖွေပြီး မဲထည့်သူ ရှိသလို ပါတီတံဆိပ်ကို ရွေးချယ်သူလည်း အများအပြား ရှိတဲ့အတွက် ဆင်တူယိုးမှားဖြစ်ခြင်းဟာ မဲပေးမှားမှုကို ဦးတည်သွားနိုင်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ဝ ကျော်ထဲ  မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ အလံ ခွပ်ဒေါင်းတံဆိပ်ကို အသုံးပြုထားတဲ့ပါတီက ၅ ခု ရှိပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ကဒေါင်းတံဆိပ်သုံး ပါတီက ၃ ခု၊ အမျိုးသား ဆိုတဲ့အမည်ကို အသုံးပြုထားတဲ့ပါတီက ၃၃ ခု၊   လူ့ဘောင်သစ် ဆိုတဲ့ အမည်ပါတဲ့ ပါတီကလည်း ၄ ခု ရှိကြပါတယ်။

ခွပ်ဒေါင်းတံဆိပ်

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သပိတ်မှောက်လိုက်ရာမှာ  ပါတီဝင်တချို့က အမျိုးသားဒီမိုရေစီအင်အားစု (NDF) ဆိုတဲ့ ပါတီတစ်ခု ခွဲထောင်ပြီး ရွေးကောက်ပွဲဝင်ပါတယ်။ ပါတီတံဆိပ်ကတော့ NLD ရဲ့ တံဆိပ်ဟောင်း ခမောက်ပေါ်မှာ ကြယ်တစ်ပွင့် တစ်ခုတိုးလိုက်ခြင်းပါပဲ။

ဒါပေမဲ့ NLD က ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရာမှာ ပါတီအမှတ်တံဆိပ် မရှိတော့တဲ့အတွက်ကြောင့် ပါတီအလံဖြစ်တဲ့ ခွပ်ဒေါင်းနဲ့ကြယ်ဖြူကိုပဲ အမှတ်တံဆိပ်အဖြစ် သုံးလိုက်ခြင်းဖြစ်တယ် လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပါတီအမှတ်တံဆိပ်တချို့ ဆင်တူယိုးမှားဖြစ်နေခြင်းကြောင့် မြို့ပြထက် ကျေးလက်ဒေသ မဲဆန္ဒရှင်တွေ ပိုပြီး အခက်အခဲတွေ့နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ ရွေးကောက်ပွဲပညာပေး လုပ်တဲ့အချိန်တွေမှာ သင်တန်းဆရာတွေကလည်း ဒီအချက်ကို ထည့်ရှင်းပါတယ်” လို့ သူက ပြောပါတယ်။

NDF ထူထောင်သူများထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ ဦးသိန်းညွှန့်က ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို တည်ထောင်ပါတယ်။ သူ့ပါတီသစ်ရဲ့ တံဆိပ်ကတော့ ခမောက်သုံးလုံးပါ။

ပါတီနှစ်ခုကြား တံဆိပ်နဲ့အမည် ဆင်တူရိုးမှားဖြစ်နေတာဟာ စိုးရိမ်စရာမဟုတ်ပါဘူးလို့ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကပြောပါတယ်။

“သူတို့ခမောက်က သုံးလုံးတန်းနေတာ။ ကျွန်တော်တို့က ခမောက်အပေါ်မှာ ကြယ်ပါတယ်။ ခမောက်အောက်မှာ NDF ဆိုတဲ့ တံဆိပ်ကြီး ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ဦးသိန်းညွှန့်ကတော့  တံဆိပ်အဖြစ် ခမောက်ကို ရွေးချယ်ထားခြင်းဟာ  ဥပဒေအကြောင်းအရ ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုခဲ့လို့ တရားဝင်မှုရှိတယ်လို့ဆိုပါတယ်။

“ခမောက်သူခိုးတို့ဘာတို့ ပြောဆိုဝေဖန်နေသူတွေဟာ ဥပဒေအကြောင်းအရာကိုပဲ နားမလည်တာလား၊ အသက်တွေကြီးလာလို့ပဲ စိတ်တွေကယောက်ကယက်ဖြစ်နေတာလား၊ သက်ဆိုင်သူတွေပဲသိလိမ့်မယ်” လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဥပဒေနဲ့ညီရဲ့လား

၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းကတော့ ပါတီတံဆိပ်တွေ အမည်တွေ ဆင်တူနေခြင်းဟာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အပြည့်အဝရှိတယ်လို့ ယူဆနေပါတယ်။

“ဆင်တူယိုးမှားတောင် မဟုတ်ပါဘူးဗျာ၊ ကြယ်လေးပေါင်းထည့်လိုက်ရုံ၊ ဒီ ဒေါင်းအလံကို အရောင်လေးပြောင်းလိုက်ရုံနဲ့ (ကော်မရှင်က) ခွင့်ပြုလိုက်သလိုဖြစ်နေတယ်” လို့ သူက မကျေမနပ်ပြောပါတယ်။

သူတို့ပါတီတံဆိပ်အဖြစ်  ခွပ်ဒေါင်း၊ ကြယ်ဖြူ၁၄လုံးတို့ကို သုံးထားပြီး နောက်ပိုင်းမှာ ပေါ်လာတဲ့ ၈၈ ကျောင်းသားပါတီနှစ်ခုကလည်း ခွပ်ဒေါင်းနဲ့ကြယ်ဖြူကိုပဲ သုံးပါတယ်။

NLD ၂ဝ၁၂ မှာ ပါတီမှတ်ပုံပြန်စဉ်မှာလည်း ခွပ်ဒေါင်းအလံနဲ့ပတ်သက်ပြီး ဦးရဲထွန်းတို့က ကန့်ကွက်ခဲ့ပါသေးတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ မတူရင်ပြီးရော၊ တခြားပါတီတွေ ဆင်တူယိုးမှား ဖြစ်ပြီး မဲပြန့်သွားနိုင်တဲ့အခြေအနေရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ဖြစ်နိုင်တယ် လို့ စွပ်စွဲလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒါကို ငြင်းပါတယ်။ တံဆိပ်နဲ့ နံမည်တွေ ဆင်တူနေတာနဲ့ ပတ်သက်ပြီး ပါတီတွေကပဲ ရှင်းလင်းပြရမှာဖြစ်ပြီး ကော်မရှင်နဲ့မဆိုင်ပါဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ  ဦးခင်ဇော်ထွန်းက ပြောပါတယ်။  

တောင်ပေါ်ဒေသများ

တိုင်းရင်းသားလူမျိုးစုပါတီတွေ စုပေါင်းပြီး ဖွဲ့့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး  ဖြစ်တဲ့ ဦးစောသန်းမြင့်ကတော့ နိုင်ငံရေးပါတီအများစုက ကြယ်ပါတဲ့တံဆိပ်တွေကို အသုံးပြုတာများကြတယ်လို့ ဆိုပါတယ်။

“ကြယ်တွေများလို့ လူတွေရောမှာစိုးလို့ ဒီတံဆိပ်ကို ပြောင်းလိုက်တာ” လို့ သူက ပြောပါတယ်။

သူတို့ရဲ့ပါတီအလံမှာတော့ ကြယ်သုံးပွင့်ကိုအသုံးပြုထားပြီး၊ တံဆိပ်အဖြစ် သူတို့ရွေးထားတဲ့ ဗေဒါပန်းကတော့ တိုက်ခိုက်မှုများအပေါ် မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ပြယုဂ် တစ်ခုဖြစ်တယ်လို့ ရှင်းပြပါတယ်။

ကလောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးတင်ဦးကတော့ ပါတီတွေ၊ တံဆိပ်တွေ ဆင်တူနေတာဟာ တစ်ချိန်တုန်းက ပတ္တမြားတံဆိပ် ဆေးလိပ် သူတို့ဒေသမှာ ရောင်းအားကောင်းနေတုန်း ပတ္တလား ဆိုတဲ့ တံဆိပ်နဲ့ ဆေးလိပ်တစ်မျိုး စျေကွက်ထဲ ရောက်လာပုံနဲ့ တူနေတယ်လို့ ဥပမာပေးပါတယ်။

“အဲဒီတော့ ဆေးလိပ်တွေမှားပြီးဝယ်ကုန်တာပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

ကုန်းဘောင်ခေတ်ဘုရင်တံဆိပ်

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဝံသာနုဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ - ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် တို့ကတော့ ကုန်းဘောင်ခေတ်က အမှတ်အသား တစ်ခုဖြစ်တဲ့ ကဒေါင်းအမှတ်တံဆိပ်ကို ရွေးချယ်ထားကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ အမျိုးသားတိုးတက်ရေးပါတီနဲ့ သူတို့ပါတီက ဒေါင်းတံဆိပ်ခြင်း ဆင်တူဖြစ်နေပြီး အရောင်သာ မတူတဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေ ရောထွေးနိုင်တယ်လို့ ဆိုပါတယ်။

“မဲဆန္ဒရှင်တွေက ကဒေါင်းဆိုရင် သေချာသိမှာမဟုတ်ဘူး” လို့ သူက   ပြောပါတယ်။

မဲဆန္ဒရှင်များ

မဲဆွယ်ကာလ ရောက်ပြီဖြစ်တဲ့အတွက် ရန်ကုန်မှာတော့ ရပ်ကွက်တွေထဲ အုပ်စုလိုက်ဆင်းပြီး စည်းရုံးရေး ဆင်းနေကြပါပြီ။ မဲဆန္ဒရှင်တွေကို အချက်အလက်ပေး၊ စည်းရုံးတဲ့ ပါတီအမည်၊ တံဆိပ်ပါ စတစ်ကာများ နေရာအနှံ့ကပ်ကြရာမှာ ပြည်ခိုင်ဖြိုးပါတီထက် NLD ပါတီက အရှိန်ပိုရနေတာ တွေ့ရပါတယ်။

ရန်ကုန်မြို့က စျေးသည် ကရင်အမျိုးသမီးကြီးတစ်ဦးကို ဆင်တူတဲ့ ပါတီတံဆိပ်တွေပြလိုက်ရာမှာ သူက အနည်းငယ် တုန်လှုပ်သွားပါတယ်။ သိပ်မကြာသေးခင်နှစ်များအတွင်း အရင်စစ်အာဏာရှင်ခေတ်က နိုင်ငံရေးအကြောင်းပြောတဲ့သူ တစ်ယောက်ကို ဆက်ဆံဖို့ မဝံ့မရဲဖြစ်တဲ့ပုံမျိုးပါပဲ။ သူကဒေါ်အောင်ဆန်းစုကြည်ကို သိပေမယ့် ပါတီတံဆိပ်တွေကို မသိကြောင်း ပြောပါတယ်။

“တစ်နေ့တစ်နေ့ စျေးရောင်း စျေးသိမ်းနဲ့ ထမင်းစားဖို့ရုန်းကန်နေရတာ။ ဒါတွေကိုစိတ်မဝင်စားနိုင်ပါဘူး” လို့ လည်း သူက ခပ်တိုးတိုး ညည်းပြပါတယ်။

ရန်ကုန်မြို့လယ်မှာ   လက်ဘက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်မြင့်ရီကတော့   ဘယ်ပါတီကို သူမဲထည့်ဖြစ်မယ်ဆိုတာကို အတိအကျ ဆုံးဖြတ်ပြီးတဲ့ပုံပါပဲ။

“စနစ်ကြီးက တော်တော်ကြာနေပြီလေ၊ အဒေါ်တို့ကတော့ အပြောင်းအလဲတစ်ခုခု ဖြစ်ချင်နေပြီ” လို့ ဆိုင်နံရံမှာကပ်ထားတဲ့ ပါတီတစ်ခုရဲ့မဲဆွယ်ကြော်ငြာကို ညွှန်ပြရင်းပြောလိုက်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading