သတင်း

တိုက်ရိုက်တင်ဆက်မှု – မတ် ၅

၁၄ : ၅၇ – ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရပြန်

ဗဟိုလမ်းသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် စတင်ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ ပြည်သူများတည်ဆောက်ထားသည့် အတားအဆီးအကာအကွယ်များကိုလည်း စစ်တပ်နဲ့ ရဲက အကြိမ်ကြိမ်ဖျက်ဆီးခဲ့သည်။

၁၄ : ၂၆ မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ် ဖျက်ဆီးနေ

မန္တလေး စိန်ပန်းရပ်ကွက်ရှိ အိမ်တစ်ခုကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီ၏ လက်နက်ကိုင်များက  ရွှေနှင့် ငွေအချို့ကို ယူဆောင်သွားကြပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးလျက်ရှိသည်။

နေ့စဉ်ဆန္ဒပြနေသည့် မန္တလေး မြတောင်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ကူညီပေးသည်ဟုဆိုကာ ၃၅ လမ်း၊ ၈၆ လမ်းမှ ကမ်းနားလမ်းအထိ တစ်လျှောက်လုံးရှိ အိမ်များကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီအဖွဲ့ဝင်များသည် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အခြားအမျိုးသားနှစ်ဦးကိုမူ ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။

ထို့အတူ  ၃၅ လမ်း တောင်ဘက် စိန်ပန်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုထဲသို့ အကြမ်းဖက်ဝင်ရောက်ကာ ရွှေနားကပ်၊ ဆွဲကြိုးနှင့် ငွေကျပ် ၃သိန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ဒေသခံများကဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့်  သပိတ်စစ်ကြောင်းမှာ ပါဝင်သူများများသည် ထွက်ပြေးတိမ်းရှောင်ကြရသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သူများအား  စစ်တပ်နဲ့ ရဲတို့ ဖမ်းဆီးမခံရစေရန် ရပ်ကွက်နေပြည်သူများက လမ်းများကို ပိတ်ဆို့ကာကွယ်ပေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့သို့ ပြုလုပ်သည့် ၃၅ လမ်း၊ ၈၆ လမ်းမှ ကမ်းနားလမ်းအထိ တစ်လျှောက်လုံးရှိ လမ်းဘေး ဝဲ၊ ယာအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များက  ရာဘာကျည်များ၊ လေးခွများဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

မန္တလေး

၁၃ : ၅၁ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပျက်

ပြီးခဲ့သည့် မိနစ်ပိုင်းက ရန်ကုန်၊ မန္တေလေး၊ နေပြည်တော်အပါအဝင်  တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။ 

ရန်ကုန်လျှပ်စစ်ဓာတ်အား​ပေး​ရေး​ကော်ပို​ရေးရှင်းကတော့ 230kV ​လှော်ကား-သာ​ကေတမဟာဓာတ်အားလိုင်းသည် Under Frequency ဖြင့် ဓာတ်အားလိုင်းပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ဓာတ်အားပြန်လည်လွှတ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ယနေ့ နေ့လယ် ၁ နာရီ ၅၁ မိနစ်တွင် ထုတ်ပြန်အသိပေးထားသော်လည်း တိကျသည့်အချိန်ကိုမူ ထည့်သွင်းပြောဆိုထားခြင်းမရှိပေ။

၁၂ : ၅၄ – မန္တလေးတွင် သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မန္တလေးမြို့  မန္တလေးမြို့၊ ၄၉ လမ်းနှင့် ၁၁၄ လမ်းအနီးတွင် ပြည်သူတစ်ဦး ထပ်မံသေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ 

သေဆုံးသူအမျိုးသားသည် အသက် ၂၇ အရွယ် ကိုဇော်မျိုးဆိုသူဖြစ်ပြီး စစ်တပ်က ပစ်ခတ်မှုကြောင့် ကျည်ဆန် လည်ပင်းထုတ်ချင်းပေါက်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေးတွင် သေနတ်ဖြင့်ပစ်ခံရ၍ တစ်ဦးသေဆုံး

၁၂ ၄၀ မြင်းခြံတွင် စစ်သားများ လမ်းပိတ်ဆို့

မတ် ၃ ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားသည့် အသက် ၂၂ အရွယ် မောင်ဇင်ကိုကိုဇော်၏ နာရေးကို ယနေ့ နေ့လယ် ၁ နာရီခွဲတွင် ပြုလုပ်ရန်ရှိနေသည့ မြင်းခြံမြို့ လမ်းမကြီးများကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားလိုက်ကြပြီး အခြေအနေ တင်းမာနေသည်။ 

၁၂း၃၇ လှိုင်မြင့်မိုရ်အိမ်ရာလမ်း မျက်ရည်ယိုမီးခိုးဗုံး၊ အသံဗုံးများဖြင့် ဖြိုခွင်း

လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ကန်လမ်း၊ လှိုင်မြင့်မိုရ်အိမ်ရာလမ်းရှိ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူများကို  နေ့လယ် ၁၂ နာရီဝန်းကျင်က မျက်ရည်ယိုမီးခိုးဗုံး၊ အသံဗုံးများဖြင့် ဖြိုခွင်းခဲ့သည်။

ဆန္ဒပြသူများက မျက်ရည်ယိုဗုံးများကို ရေဖြင့် ငြှိမ်းသတ်ခဲ့ပြီး ဆက်လက်ဆန္ဒပြသည်ကို တွေ့ရသည်။

၁၂ း၂၀ ရေကျော်အနီး ဗိုလ်ချုပ်လမ်း အရံအတားများပြင်ဆင်နေ 

CRPH က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသော အာဏာသိမ်းစစ်ကောင်စီတပ်များ အလွယ်တကူ ဝင်ရောက်မလာနိုင်စေရန် ဆန္ဒပြသူတို့က ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတလျှောက်တွင်  အရံအတားအဆင့်ဆင့်ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်လမ်း အခြေအနေ မတ်-၅

၁၂ း၁၀ မန္တလေး သပိတ်စစ်ကြောင်း ဖြိုခွဲခံရ

နေ့ခင်း ၁၁ နာရီ ၂၀ ခန့်တွင် အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ၄၉ လမ်းနှင့် ၁၁၄လမ်း၌  ရဲကား၊ စစ်ကား ၊ မြေကော်စက်များဖြင့် လူစုခွဲ၍ သပိတ်ပြိုကွဲပြီး ဆန္ဒပြသူ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

လက်ရှိတွင် အဆိုပါနေရာအနီး စစ်သားနှင့်ရဲအများအပြား ပိတ်ဆို့နေရာယူထားကြောင်း သိရသည်။ 

၁၂ ၀၀ အင်းစိန်ပေါက်တောဝ လူပြန်စုပြီး ဆန္ဒပြပြန်ပြ 

လက်နက်ကိုင်လုံထိန်းများက ပေါက်တောဝလမ်းဆုံမီးပွိုင့်ကို စစ်ကားများဖြင့် ကန့်လန့်ပိတ်ဆို့ထားပြီး ဆန္ဒပြသူများက ပြန်လည်လူစု၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေသည်။

နံနက် ၁၀ နာရီခန့်က ဘုရင့်နောင်လမ်းမပေါ် ၌ လူငယ်  ၃၀၀ ကျော်  ဆန္ဒပြနေစဥ် စစ်သားနှင့်ရဲများက လူစုခွဲခိုင်းပြီး မခွဲပါက ပစ်ခတ်ဖြိုခွင်းမည်ဟု လာရောက်ခြိမ်းခြောက်သဖြင့် ဆန္ဒပြသူများမှ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြခြင်း ဖြစ်သည်။

၁၁ ၃၀ ပုဇွန်တောင် ရေကျော်

စစ်ကောင်စီကို ဆန့်ကျင်ရေးအတွက် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမှ လူငယ်များသည် အရံအတားများပြုလုပ်ကာ ဆန္ဒပြလျက်ရှိသည်။

ပုဇွန်တောင် မတ် ၅

၁၁ ၁၀ မင်းဘူးမြို့ 

ယနေ့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက နွေဦးတော်လှန်ရေးအဖြစ် မကွေးတိုင်း၊ မင်းဘူးမြို့တွင် ရေနံမြေမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ အပါအဝင် ဒေသခံများက မြို့တွင်းချီတက်၍ လှည့်လည်ဆန္ဒပြလျက်ရှိသည်။

မကွေးမြို့တွင် ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းမှုများ ရှိခဲ့သော်လည်း မင်းဘူးတွင် ဖြိုခွင်းမှု တစ်စုံတစ်ရာ မရှိသေးပေ။

မကွေးတိုင်း၊ မင်းဘူးမြို့

၁၀ ၀၄ ပဒုမ္မာလမ်း ဖြိုခွဲခံနေရ

စမ်းချောင်းမြို့နယ်၊ ပဒုမ္မာလမ်းကိုလည်း ရဲနှင့်စစ်သားများက ဖြိုခွဲနေသည်ဟု သိရသည်။


၁၁ ၀၃ ကျွန်းတောလမ်းသပိတ် လာပူးပေါင်း 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ကို ဆေးနှင့် ဆေးနှီးနွှယ်စစ်ကြောင်းမှ အင်အား ၁၀၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြသည်။ 

ကျွန်းတောလမ်းသပိတ်စစ်ကြောင်း

၁၁ ၀၀ ပုသိမ် ရဲအစောင့်အရှောက်တိုးချ

ယမန်နေ့က ပုသိမ်မြို့တွင် သေနတ်ပစ်ဖောက်လူစုခွဲခဲ့သော်လည်း ပုသိမ်ဒေသခံများက သပိတ်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဆန္ဒပြခဲ့ကြပြီး ရဲများ၊ စစ်သားများ အများအပြားချထားပြီး စောင့်ကြည့်နေကြကာ ၁၁ နာရီခန့်တွင် ဆန္ဒပြသူများက လူစုခွဲလိုက်သည်။

ပုသိမ် ရဲအစောင့်အရှောက်တိုးချ မတ် ၅

၁၀ ၅၀ ရေးမြို့ ရဲများဖြိုခွင်းရန်စောင့်နေသော်လည်း အခြားဘက်မှ ပတ်၍ ဆန္ဒပြခဲ့

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၂၆ ရက်မြောက်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့မှာ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီမှစ၍ ဒေသခံ တစ်ထောင်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့က သပိတ်ဖြိုခွင်းရန် လာရောက်စောင့်ဆိုင်းခဲ့သော်လည်း ဆန္ဒပြသူများက အဖွဲ့ ၃ ဖွဲ့ခွဲကာ အခြားဘက်မှ ပတ်၍ မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။ 

မွန်ပြည်နယ် ရေးမြို့ မတ် ၅

၁၀ : ၄၅ – ဖြိုခွင်းခံရသည့် ဗဟိုလမ်း၌ လူပြန်စု

မကြာသေးမီကမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားသုံးဖြိုခွင်းခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဗဟို လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများလူပြန်စုနေပြီဖြစ်သည်။ နံနက်ပိုင်းကဖယ်ရှားခံခဲ့ ရသည့် အရံအတားများကို လမ်းအတွင်းပြန်လည်ချထားနိုင်ရန် ပြည်သူတို့က ပြင်ဆင်နေသည်။##

ဗဟိုလမ်း၌ စစ်ကောင်စီကို ပြန်လည်အန်တု

၁၀ ၄၁ မြင်းခြံ ဆန္ဒပြ ရဲများစောင့်ကြည့် 

အင်အားသုံးဖြိုခွင်းမှုများ ရှိသော်လည်း မြင်းခြံမြို့ခံပြည်သူများက ယနေ့ ဆက်လက်ဆန္ဒပြနေကြပြီး ၁၀ နာရီ ၁၅ ခန့်တွင် လူစုခွဲခဲ့ကြသည်။

မြင်းခြံမြို့တွင် ပြောင်ပြာတံတားအနီး အသင့်အနေအထားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနေရာယူထားကြသည်။

မတ် ၃ ရက်က မြင်းခြံတွင် မျက်ရည်ယိုဗုံး၊ ကျည်အစစ်များဖြင့် ဖြိုခွင်းခဲ့၍ လူငယ် တစ်ဦး ဦးခေါင်း၌ သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသည်။

သေဆုံးသူ အသက် ၂၂ အရွယ် မောင်ဇင်ကိုကိုဇော်၏ နာရေးဈာပနကို ယနေ့ နေ့လယ်တွင် ပြုလုပ်မည်ဖြစ်သည်။

မြင်းခြံ မတ် ၅

၁၀ : ၄၀ – ရေကျော်ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့များဦးတည်နေ

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်၌ ဆန္ဒပြသူများကို လူစုမခံတော့ဘဲ စစ်သား ၂၀ ခန့်က စောင့်ကြည့်နေသည်။

စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက သိမ်ဖြူလမ်းဘက်မှ ရေကျော်လမ်းဘက်သို့ တဖြည်းဖြည်းချီတက်လာနေသည်ကိုလည်းတွေ့ရသည်။ ##

၁၀ ၁၀ မုံရွာ ဆန္ဒပြနေဆဲ 

လူအသေအပျောက် ရှိခဲ့သော်လည်း မုံရွာမြို့သည် ဖေဖော်ဝါရီ ၇ ရက်က စတင်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားဆန္ဒပြခဲ့ကြသည်မှာ ယနေ့ မတ် ၅ အထိ၂၇ ရက်ရှိပြီ ဖြစ်သည်။

မုံရွာ

၀၉ : ၅၅ ဗဟိုလမ်းသပိတ် စတင်ဖြိုခွင်းနေ

နေ့စဉ်ဖြိုခွင်းခံနေရေသော စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်သည် စတင်ဆန္ဒပြပြီး မကြာမီ ဖြိုခွင်းခံနေရသည်။ ဗဟိုလမ်း၌ဖြိုခွင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များအတွင်း အရပ်ဝတ်များပါ ပါဝင် နေသည်ကို တွေ့ရသည်။ ##

 

၀၉ : ၄၀ –  သန်လျင်မြို့တွင် ထိုင်သပိတ်ပြုလုပ်နေ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများဦးဆောင်ပြီး စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြနေသည့် ထိုင်သပိတ်စတင်နေပြီဖြစ်သည်။ ##

သန်လျင် မတ်-၅

၀၉ : ၃၉ – မန္တလေးသပိတ်စစ်ကြောင်းများစထွက်ပြီ

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက်ဆန့်ကျင်နေပြီး ထိခိုက်သေဆုံးမှုများရှိနေသော်လည်း မန္တလေး မြို့သူ မြို့သားများ၏ သပိတ်စစ်ကြောင်းများ ချီတက်နေပြီဖြစ်သည်။


မန္တလေး မြတောင်စစ်ကြောင်း

၀၉ ၃၀ အင်းစိန်အခြေအနေ

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နီးပါးအကြမ်းဖက်ဖြိုခွင်းလေ့ရှိသည့် အင်းစိန်မြို့နယ်၊ ပေါက် တောဝတွင် အခြေအနေတည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် အင်းစိန်ဈေးအနီးရှိ ဆန္ဒပြလူထုကို စစ်ကောင်စီ တပ်ဖွဲ့က စတင်ဖြိုခွဲနေသည်။ ##

၀၉ : ၃၆ – ကျောက်မဲ သပိတ်စတင်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ မြို့တွင်း လှည့်လည် ဆန္ဒပြနေပြီဖြစ်သည်။ ##

ကျောက်မဲဆန္ဒပြလှုပ်ရှားမှု

၀၉ : ၃၀ ကျွန်းတောလမ်း သပိတ်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် စစ်ကောင်စီ၏ ရဲနှင့် စစ်တပ်တို့ အကြမ်းဖက်တိုက်ခိုက်မှုကို ကာကွယ်ရန် အရံအတားများပြုလုပ်လျက်ရှိသည်။

ကျွန်းတောလမ်းသပိတ်စစ်ကြောင်း

၀၉ : ၂၀ – ရန်ကုန်မြို့လယ်တည်ငြိမ်ဆဲ

ယခင်နေ့များက ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သည့် ရန်ကုန်မြို့လယ် ပန်းဆိုးတန်းနှင့် ဆူးလေ တစ်ဝိုက်တွင် လက်ရှိအချိန်အထိ တည်ငြိမ်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button