သွေးအစွန်းဆုံးနေ့ကို ကျော်ဖြတ်အပြီး ဆန္ဒပြပွဲများ အားကောင်းနေဆဲ 

ဆန္ဒပြသူ  ၃၈ ဦးကို ပစ်သတ်ခဲ့ပြီး  နောက်တစ်ရက်တွင် အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူများက လမ်းပေါ်တွင်  စစ်တပ်နှင့် ရဲတို့ကို ဆက်လက် ရင်ဆိုင် အံတုနေကြသည်

သုဓမ္မာလမ်းတွင် စစ်သားများရောက်ရှိလာသည်ကို ယနေ့ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ  ယမန်နေ့က ပစ်ခတ်ဖြိုခွဲခဲ့သောကြောင့် ဆန္ဒပြလူထု မြို့တချို့တွင် သွေးမြေ ကျသော်လည်း ယနေ့ (မတ် ၄ ရက်) ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက် အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။

ပစ်ခတ်ဖြိုခွဲမှုကြောင့် ယမန်နေ့ တစ်ရက်တည်းတွင် နိုင်ငံအနှံ့ ၃၈ ဦးသေဆုံးခဲ့ပြီး စစ်အာဏာသိမ်းမှုအပြီး သွေးအစွန်းဆုံးနေ့ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောထားသည်။

ယမန်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် လမ်းပေါ်မှ လက်နက်မဲ့လူထုကို စစ်သားနှင့်ရဲများက ရှေ့တန်း စစ်မြေပြင်အလား ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့၍ လူ ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သော်လည်း ယနေ့ ဆန္ဒပြမှု လျော့ကျမသွားခဲ့ပေ။

မြောက်ဥက္ကလာပမြို့နယ်နည်းတူ သင်္ဃန်းကျွန်း၊ ကျောက်မြောင်း၊ စမ်းချောင်းနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူလူထုက ဆက်လက်တိုက်ပွဲဝင်ဆဲဖြစ်သည်။

သင်္ဃန်းကျွန်း

ယနေ့ နံနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းထိပ်နှင့် ဘဝမြင့်ထိပ်တို့တွင် လူထုက အံတုကြရာ  ဘဝမြင့်ထိုင်သပိတ်ကို ရဲ၊ စစ်တပ်အင်အားဖြင့် ခဏ ဖယ်ရှားခဲ့သော်လည်း ဘုရားလမ်းရှိ ထိုင်သပိတ်မှာ တားဆီးခံရမှု မရှိခဲ့ပေ။

ထိုသို့ ဆန္ဒပြနေစဉ် မွန်းတည့် ၁၂ နာရီခွဲတွင် ဘီအိုစီရှိ ဦးဘဟန်လမ်းအတွင်းမှ စစ်ထရပ်ကား သုံးစီးနှင့် ရဲကားနှစ်စီး ထွက်လာပြီး လေးထောင့်ကန်လမ်းပေါ်သို့ တက်လာခဲ့သည်။ 

ဘီအိုစီမှ ဘုရားလမ်းအကြား ကားတစ်မှတ်တိုင်စာအကွာအဝေးအတွင်း အတားအဆီးအဆင့်ဆင့်ဖြင့် အကာအကွယ်ပြုလုပ်ကာ ဆန္ဒပြပြည်သူများကလည်း ဖြိုခွင်းပါက ကာကွယ်ခုခံရန် အသင့်အနေအထားတွင် ရှိနေခဲ့သည် ။ 

သို့သော် အဆိုပါစစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များသည် ဘီအိုစီမှ စံပြဈေးဘက်သို့ ဆက်တက်သွားသည်။ ဘီအိုစီမှ အရှေ့ဘက်တစ်မှတ်တိုင်အကွာ ဘဝမြင့်အနီးအရောက် ယာဉ်တန်းပေါ်မှ စစ်သားနှင့် ရဲအင်အား ၃၀ ခန့် လမ်းမပေါ်သို့ ဆင်းလာကြသည်။

ထိုအချိန်တွင် ယင်းနေရာရှိ ဆန္ဒပြလူစုသည် နေရာတွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြသည်။ 

စစ်သားနှင့်ရဲများက လမ်းဘေးဝဲယာတွင် နေရာယူကာ ကား ဖြတ်သန်းမောင်းနှင်နိုင်ရန်သာ လမ်းရှင်း၍ စံပြဈေးဘက်ကို ဆက်တက်သွားသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထွက်ခွာသွားသည်နှင့် ပြည်သူများက လမ်းပေါ်ပြန်တက်ကာ ဆန္ဒဆက်ပြခဲ့ကြသည်။

စံပြဈေးထိပ် လေးထောင့်ကန်နှင့် သံသုမာလမ်းထောင့်တွင် ယာဉ်တန်းကို ရပ်၍ လက်နက်အပြည့်အစုံဖြင့် ဆက်လက် တပ်စွဲထားပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအားလုံးသည် စံပြဈေးအနီးရှိ ပြည်ထောင်စု ခုံးကျော်တံတားမှတစ်ဆင့် သံသုမာလမ်းအတိုင်း သုဝဏ္ဏဘက်သို့ ဆက်လက်ထွက်ခွာသွားကြသည်။

အဆိုပါ ယာဉ်တန်းသည် မွန်းလွဲ ၂ နာရီဝန်းကျင်၌ သုဝဏ္ဏ၊ ကမာကြည်လမ်းဘက် ရောက်လာပြီး ဆန္ဒပြနေသူများ အကြား ကားသွားနိုင်ရန်သာ လမ်းရှင်းကာ  သာကေတမြို့နယ်ဘက်သို့ သွားခဲ့သည်။

တာမွေ၊ ကျောက်မြောင်း 

ကျောက်မြောင်းရပ်ကွက်တွင် ယမန်နေ့က ကျောင်းသားသမဂ္ဂများအပါအဝင် ဆန္ဒပြသူ ရာနှင့်ချီပြီး အဖမ်းခံရသော်လည်း တာမွေသူ၊ တာမွေသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ရပ်တန့်သွားခြင်း မရှိသည်ကို တွေ့ရသည်။ 

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဩဘာလမ်းထိပ်တွင် အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ယနေ့ ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပြည်သူများအား ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရသူအနည်းသာရှိပြီး ဖမ်းဆီး ခံရသူ မရှိကြောင်း သိရသည်။ ရာဘကျည်ပစ်ခတ်မှုကြောင့် တစ်ဦးမှာ လက်မောင်းတွင် ထိမှန်ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ကလည်း တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေထိုင်သူ ၅၀ ခန့်က စစ်ကောင်စီ ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြနေစဉ် ရဲအင်အား ရာချီဖြင့် အကြမ်းဖက် ဖြိုခွင်းခဲ့သေးသည်။

၎င်းတို့ကို လူထုက သံပုံးတီး ကန့်ကွက်ခဲ့ကြသောကြောင့် လူစုကွဲအောင် မီးကျည်အများအပြား လူအုပ်ကြားထဲ ပစ်ထည့်ခဲ့ပြီး လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ကာ ဗညားဒလလမ်းတစ်ခုလုံးကို ညလုံးပေါက် ရဲကား၊ ရေကား၊ စစ်ကားများနှင့်  အင်အားပြခဲ့သည်။

ဖြိုခွင်းခံရသော်လည်း ဆက်လက်၍ ဆန္ဒပြနေဦးမည်ဟု တာမွေတွင် နေထိုင်သူများက ပြောသည်။ 

စမ်းချောင်းမြို့နယ်

စမ်းချောင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သူတို့  စုဝေးဆန္ဒပြရာနေရာဖြစ်သည့် ကျွန်းတောလမ်း သပိတ်နှင့် ဗဟိုလမ်းသပိတ်တို့ကိုလည်း နေ့စဉ် မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွဲနေသည်။

ယနေ့ မတ် ၄ တွင်လည်း စမ်းချောင်းရှိ ကျွန်းတောလမ်းသပိတ်နှင့် ဗဟိုလမ်းသပိတ် နှစ်ခုလုံး ဖြိုခွင်းခံရသည်။ 

ကျွန်းတောလမ်း တောက်လျှောက်တွင် သဲအိတ်များ၊ ခံတပ်များပြုလုပ်ထားပြီး  အမျိုးသမီး အ၀တ်အထည်များကို ကြိုးတန်းဖြင့် လှမ်းထားသည့် ထဘီတန်းခံတပ်ကိုလည်း တွေ့ရသည်။ 

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကျွန်းတောလမ်းသပိတ်ကို ပစ်ခတ်ဖြိုခွဲသော်လည်း ဆန္ဒပြပြည်သူများက ထွက်ပြေးခြင်း မရှိဘဲ တဖြည်းဖြည်း နောက်ဆုတ်နေရာယူကာ ရဲတပ်ဖွဲ့ ပြန်ဆုတ်ချိန်တွင် လူပြန်စုပြီး ချက်ချင်း ပြန်လည် ဆန္ဒပြခဲ့ကြသည်။ 

ပဒုမ္မာလမ်းသပိတ်ကိုလည်း ရဲအင်အားများဖြင့် ဖြိုခွဲကာ ၁၀ နာရီဝန်းကျင်ခန့်တွင် အတားအဆီးများကို မြေကော်စက်များဖြင့် ဖယ်ရှားလိုက်သည်။ 

အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် ဗဟိုလမ်းသပိတ်၌ ဆန္ဒပြသူများက နေ့လယ် ၁၁ နာရီခွဲခန့်တွင် ၁ မိနစ် ငြိမ်သက်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဗဟိုလမ်းသပိတ်ဖြိုခွဲခံရပြီး ရဲနှင့်စစ်သား အင်အား ၁၀၀ ကျော်က ဆန္ဒပြသူများကို လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးစားခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်

အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန်မြောက်ပိုင်း၊ မြောက်ဥက္ကလာမြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စခန်းများမှာ ယမန်နေ့က အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၁၀ ဦး ထက်မနည်း

သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက်လှုမှုကူညီရေးအသင်းများထံမှ သိရသည်။

မြောက်ဥက္ကလာအဝိုင်းနှင့် ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများ ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့များက အကြမ်းဖက်ဖြိုခွဲရာမှာ ဆန္ဒပြသူများကို သာမကဘဲ လူနာတင်ယာဉ်များကိုပါ ဖျက်ဆီးလိုက်ကြသည်။ 

ထို့ကြောင့် ယမန်နေ့ (မတ် ၃) က စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသူများအတွက် ကျောက်ရေတွင်းတံတား အဆင်း၌ ယာယီအထိမ်းအမှတ်နေရာ ပြုလုပ်ကာ ပြည်သူများက ယနေ့ မတ် ၄ တွင် ဂုဏ်ပြုဆုတောင်းခဲ့ကြသည်။

ညနေ ၄ နာရီခန့်တွင် သုဓမ္မာအဝိုင်းမှ ကန်သာယာအထိ လမ်းမတစ်လျှောက်တွင် စစ်သားများကလည်း  အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကြပြီး ဆန္ဒပြသူများ တားဆီးထားသော အကာအရံများကို မြေကော်စက်ဖြင့် ဖယ်ရှားခဲ့သော်လည်း ယနေ့ ပစ်ခတ်ဖြိုခွင်းမှု မလုပ်ခဲ့ပေ။ 

၎င်းတို့ထွက်သွားသည်နှင့် မြောက်ဥက္ကလာပမြို့နယ်လူထုက အကာအရံများ ပြန်ပိတ်ဆို့ခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံသပိတ်စခန်း အဝင် သုဓမ္မာလမ်းထိပ်တွင် ရဲနှင့်စစ်သားများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဆန္ဒပြပြည်သူတို့က PVC လေးပေ ပိုက်လုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့သည်။  

ထူးခြားမှုအနေဖြင့် သုဓမ္မာလမ်းနှင့်နွယ်နီလမ်းထောင့်တွင် ပြည်သူများက ကြိုးတန်း မြင့်မြင့်တန်းပြီး ထဘီများ လှန်းထားခဲ့ကြသည်။ 

အင်းစိန်

အင်းစိန်စျေးရှိ မီးရထားဝန်ထမ်း သပိတ်စခန်းနှင့် ပြည်သူ့အထိုင်သပိတ်စခန်း ၂ ခုကို ယမန်နေ့ (မတ် ၃ ရက်နေ့) ညနေပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ပြီး ရပ်ကွက်ထဲထိ လိုက်လံဖမ်းဆီးခဲ့သော်လည်း ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ လူငယ်များက စစ်အာဏာ​ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို  အင်းစိန်ပေါက်တောဝ တွင် ဆက်လက်ပြုလုပ်ခဲ့သည်။ 

လက်နက်ကိုင်စစ်လုံထိန်းများ အလွယ်တကူ မဝင်ရောက်လာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းမကြီးကို ကွန်တိန်နာကားနှစ်စီးဖြင့် ကန်လန့်ဖြတ် ပိတ်ထားလိုက်ကြသည်။ ထို့နောက် ခံတပ်စည်း လေးခု အတွင်းမှ လူထောင်ချီကာ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ပေါက်တောဝ အခြေအနေသည် နေ့လယ် ၁ နာရီခွဲခန့်တွင် တင်းမာလာနေပြီး တပ်မ ၇၇ ရောက်ရှိလာသည်။ ဆန္ဒပြပြည်သူ သောင်းချီက  နောက်ဆုတ်လိုက်သော်လည်းလူစုမခွဲဘဲ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ 

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝသပိတ်ကို ဖြိုခွင်းမှုများမရှိသော်လည်း စစ်သားနှင့်ရဲများက လာရောက် စောင့်ကြည့်နေခဲ့သည်။  ထို့နောက် ညနေ သုံးနာရီခွဲခန့်တွင် ထောင်ချီသော ဆန္ဒပြသူများက လူစုခွဲလိုက်ကြသည်။ 

ရွှေပြည်သာမြို့နယ် 

​ရွှေပြည်သာမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေအနေမှာ ငြိမ်သက်စွာ ယနေ့ ပြီးဆုံးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်က သပိတ်စစ်ကြောင်းနှင့် လက်နက်ကိုင်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြသော်လည်း ပြဿနာတစ်စုံတရာ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

ထိုအဖွဲ့များသည် ပြည်သူများ၏ လုံခြုံရေးစည်းတစ်ခုကို ချိုးဖျက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်တပ်က ၎င်းတို့စခန်းချထားသည့် အ.ထ.က (၁) ကျောင်းဝန်းအတွင်းသို့လည်းကောင်း၊ ရဲတပ်ဖွဲ့က ရွှေပြည်သာမြို့မရဲ စခန်းအတွင်းသို့လည်းကောင်း ပြန်လည်ဆုတ်ခွာသွားကြသည်။

ဗိုလ်ချုပ်လမ်း 

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်များဦးဆောင်ပြီးလူဦးရေ အင်အား ၆၀၀ နီးပါးဖြင့် ဆန္ဒပြခဲ့ကြသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဆန္ဒပြသူများကို အလွယ်တကူ ဝင်ရောက်ဖြိုခွဲခြင်းမပြုနိုင်ရန် ခံတပ်အမျိုးမျိုးကို ကာရံထားပြီး “ ဒီမိုကရေစီ ရရှိရေး ဒို့အရေး”၊ “အရေးတော်ပုံ အောင်ရမည်”၊ “ ၈၈ က အချိုးတွေနဲ့ ၂၁ မှာ လာမချိုးနဲ့” စသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေး  ဆန္ဒပြခဲ့ကြသည်။ 

ဗိုလ်ချုပ်လမ်းနှင့် မနီးမဝေးရှိ ရေကျော်လမ်းရှိ ဘာသာရေးအသင်းအဖွဲ့ဖြစ်သော YMBA  အဆောက်အအုံတွင် တပ်များ  စခန်းချထားသည်။ 

စစ်အာဏာသိမ်းမှု တစ်လကျော်ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက အင်အားသုံးဖြိုခွဲခြင်း၊ ကျည်အစစ် အသုံးပြုပြီး ပစ်ခတ်ဖြိုခွဲခြင်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ ၅၀ ကျော် ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရာနှင့်ချီ ရှိနေပြီဖြစ်သည်။ 

စစ်သားများကြားထဲတွင် စနိုက်ပါ ခေါ် မှန်ပြောင်းတပ် ရိုင်ဖယ်ကိုင်ဆောင်သူများလည်း ပါ၀င်သည်။

ကျဆုံးခဲ့ရသူအများစုမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များဖြစ်ပြီး အများအပြားမှာ ဦးခေါင်းပိုင်း ကျည်ဆန်ထိမှန်မှုကြောင့် ကျဆုံးရခြင်း ဖြစ်သည်။ 

စစ်ကောင်စီ၏ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ အရေအတွက်မှာ မတ်  ၂ အထိ စာရင်းများအရ ၁၂၄၉ ဦး ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှာက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading