ဆောင်းပါး

သွေးအစွန်းဆုံးနေ့ကို ကျော်ဖြတ်အပြီး ဆန္ဒပြပွဲများ အားကောင်းနေဆဲ 

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များ ယမန်နေ့က ပစ်ခတ်ဖြိုခွဲခဲ့သောကြောင့် ဆန္ဒပြလူထု မြို့တချို့တွင် သွေးမြေကျသော်လည်း ယနေ့ (မတ် ၄ ရက်) ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်လက်အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။

ပစ်ခတ်ဖြိုခွဲမှုကြောင့် ယမန်နေ့ တစ်ရက်တည်းတွင် နိုင်ငံအနှံ့ ၃၈ ဦးသေဆုံးခဲ့ပြီး စစ်အာဏာသိမ်းမှုအပြီး သွေးအစွန်းဆုံးနေ့ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောထားသည်။

ယမန်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်လမ်းပေါ်မှ လက်နက်မဲ့လူထုကို စစ်သားနှင့် ရဲများက ရှေ့တန်းစစ်မြေပြင်အလား ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွဲခဲ့၍ လူ ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သော်လည်း ယနေ့ဆန္ဒပြမှု လျော့ကျမသွားခဲ့ပေ။

မြောက်ဥက္ကလာပမြို့နယ်နည်းတူ သင်္ဃန်းကျွန်း၊ ကျောက်မြောင်း၊ စမ်းချောင်းနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူလူထုက ဆက်လက်တိုက်ပွဲဝင်ဆဲဖြစ်သည်။

သင်္ဃန်းကျွန်း

ယနေ့နံနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းထိပ်နှင့် ဘဝမြင့်ထိပ်တို့တွင် လူထုက အန်တုကြရာ ဘဝမြင့်ထိုင်သပိတ်ကို ရဲ၊ စစ်တပ်အင်အားဖြင့် ခဏဖယ်ရှားခဲ့သော်လည်း ဘုရားလမ်းရှိ ထိုင်သပိတ်မှာ တားဆီးခံရမှု မရှိခဲ့ပေ။

ထိုသို့ဆန္ဒပြနေစဉ် မွန်းတည့် ၁၂ နာရီခွဲတွင် ဘီအိုစီရှိ ဦးဘဟန်လမ်းအတွင်းမှ စစ်ထရပ်ကား သုံးစီးနှင့် ရဲကားနှစ်စီး ထွက်လာပြီး လေးထောင့်ကန်လမ်းပေါ်သို့ တက်လာခဲ့သည်။ 

ဘီအိုစီမှ ဘုရားလမ်းအကြား ကားတစ်မှတ်တိုင်စာအကွာအဝေးအတွင်း အတားအဆီးအဆင့်ဆင့်ဖြင့် အကာအကွယ်ပြုလုပ်ကာ ဆန္ဒပြပြည်သူများကလည်း ဖြိုခွင်းပါက ကာကွယ်ခုခံရန် အသင့်အနေအထားတွင် ရှိနေခဲ့သည် ။ 

သင်္ဃန်းကျွန်း ၊ ဘဝမြင့်ရပ်ကွက်တွင် ဆန္ဒပြသူများ အကာအရံများဖြင့် တားဆီးထားစဉ်။ (ဓာတ်ပုံ-Myanmar Now)

သို့သော် အဆိုပါစစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘီအိုစီမှ စံပြဈေးဘက်သို့ ဆက်တက်သွားသည်။ ဘီအိုစီမှ အရှေ့ဘက်တစ်မှတ်တိုင်အကွာ ဘဝမြင့်အနီးအရောက် ယာဉ်တန်းပေါ်မှ စစ်သားနှင့် ရဲအင်အား ၃၀ ခန့် လမ်းမပေါ်သို့ ဆင်းလာကြသည်။

ထိုအချိန်တွင် ယင်းနေရာရှိ ဆန္ဒပြလူစုသည် နေရာတွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြသည်။ 

စစ်သားနှင့် ရဲများက လမ်းဘေးဝဲယာတွင် နေရာယူကာ ကားဖြတ်သန်းမောင်းနှင်နိုင်ရန်သာ လမ်းရှင်း၍ စံပြဈေးဘက်ကို ဆက်တက်သွားသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထွက်ခွာသွားသည်နှင့် ပြည်သူများက လမ်းပေါ်ပြန်တက်ကာ ဆန္ဒဆက်ပြခဲ့ကြသည်။

စံပြဈေးထိပ် လေးထောင့်ကန်နှင့် သံသုမာလမ်းထောင့်တွင် ယာဉ်တန်းကို ရပ်၍ လက်နက်အပြည့်အစုံဖြင့် ဆက်လက်တပ်စွဲထားပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များအားလုံးသည် စံပြဈေးအနီးရှိ ပြည်ထောင်စုခုံးကျော်တံတားမှတစ်ဆင့် သံသုမာလမ်းအတိုင်း သုဝဏ္ဏဘက်သို့ ဆက်လက်ထွက်ခွာသွားကြသည်။

အဆိုပါ ယာဉ်တန်းသည် မွန်းလွဲ ၂ နာရီဝန်းကျင်၌ သုဝဏ္ဏ၊ ကမာကြည်လမ်းဘက် ရောက်လာပြီး ဆန္ဒပြနေသူများအကြား ကားသွားနိုင်ရန်သာ လမ်းရှင်းကာ  သာကေတမြို့နယ်ဘက်သို့ သွားခဲ့သည်။

တာမွေ၊ ကျောက်မြောင်း 

ကျောက်မြောင်းရပ်ကွက်တွင် ယမန်နေ့က ကျောင်းသားသမဂ္ဂများအပါအဝင် ဆန္ဒပြသူ ရာနှင့်ချီပြီး အဖမ်းခံရသော်လည်း တာမွေသူ၊ တာမွေသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ ရပ်တန့်သွားခြင်း မရှိသည်ကို တွေ့ရသည်။ 

တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဩဘာလမ်းထိပ်တွင် အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ယနေ့ ညနေ ၄ နာရီခန့်တွင် ဆန္ဒပြပြည်သူများအား ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရသူအနည်းသာရှိပြီး ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။ ရာဘာကျည်ပစ်ခတ်မှုကြောင့် တစ်ဦးမှာ လက်မောင်းတွင် ထိမှန်ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ကလည်း တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေထိုင်သူ ၅၀ ခန့်က စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒပြနေစဉ် ရဲအင်အားရာချီဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့သေးသည်။

၎င်းတို့ကို လူထုက သံပုံးတီးကန့်ကွက်ခဲ့ကြသောကြောင့် လူစုကွဲအောင် မီးကျည်အများအပြား လူအုပ်ကြားထဲ ပစ်ထည့်ခဲ့ပြီး လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ကာ ဗညားဒလလမ်းတစ်ခုလုံးကို ညလုံးပေါက် ရဲကား၊ ရေကား၊ စစ်ကားများနှင့် အင်အားပြခဲ့သည်။

ဖြိုခွင်းခံရသော်လည်း ဆက်လက်၍ ဆန္ဒပြနေဦးမည်ဟု တာမွေတွင် နေထိုင်သူများက ပြောသည်။ 

စမ်းချောင်းမြို့နယ်

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် ကျဆုံးသွားသူများအတွက် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြသည်။ (ဓာတ်ပုံ- Myanmar Now)

စမ်းချောင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သူတို့ စုဝေးဆန္ဒပြရာနေရာဖြစ်သည့် ကျွန်းတောလမ်းသပိတ်နှင့် ဗဟိုလမ်းသပိတ်တို့ကိုလည်း နေ့စဉ် မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွဲနေသည်။

ယနေ့ မတ် ၄ တွင်လည်း စမ်းချောင်းရှိ ကျွန်းတောလမ်းသပိတ်နှင့် ဗဟိုလမ်းသပိတ် နှစ်ခုလုံး ဖြိုခွင်းခံရသည်။ 

ကျွန်းတောလမ်းတောက်လျှောက်တွင် သဲအိတ်များ၊ ခံတပ်များပြုလုပ်ထားပြီး အမျိုးသမီးအဝတ်အထည်များကို ကြိုးတန်းဖြင့် လှမ်းထားသည့် ထဘီတန်းခံတပ်ကိုလည်း တွေ့ရသည်။ 

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ကျွန်းတောလမ်းသပိတ်ကို ပစ်ခတ်ဖြိုခွဲသော်လည်း ဆန္ဒပြပြည်သူများက ထွက်ပြေးခြင်း မရှိဘဲ တဖြည်းဖြည်း နောက်ဆုတ်နေရာယူကာ ရဲတပ်ဖွဲ့ပြန်ဆုတ်ချိန်တွင် လူပြန်စုပြီး ချက်ချင်း ပြန်လည်ဆန္ဒပြခဲ့ကြသည်။ 

ပဒုမ္မာလမ်းသပိတ်ကိုလည်း ရဲအင်အားများဖြင့် ဖြိုခွဲကာ ၁၀ နာရီဝန်းကျင်ခန့်တွင် အတားအဆီးများကို မြေကော်စက်များဖြင့် ဖယ်ရှားလိုက်သည်။ 

အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် ဗဟိုလမ်းသပိတ်၌ ဆန္ဒပြသူများက နေ့လယ် ၁၁ နာရီခွဲခန့်တွင် ၁ မိနစ် ငြိမ်သက်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဗဟိုလမ်းသပိတ်ဖြိုခွဲခံရပြီး ရဲနှင့် စစ်သား အင်အား ၁၀၀ ကျော်က ဆန္ဒပြသူများကို လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးစားခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်

အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန်မြောက်ပိုင်း၊ မြောက်ဥက္ကလာမြို့နယ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စခန်းများမှာ ယမန်နေ့က အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၁၀ ဦး ထက်မနည်း

သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက်လှုမှုကူညီရေးအသင်းများထံမှ သိရသည်။

မြောက်ဥက္ကလာအဝိုင်းနှင့် ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများ ယမန်နေ့ နေ့လယ်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့များက အကြမ်းဖက်ဖြိုခွဲရာမှာ ဆန္ဒပြသူများကို သာမကဘဲ လူနာတင်ယာဉ်များကိုပါ ဖျက်ဆီးလိုက်ကြသည်။ 

ထို့ကြောင့် ယမန်နေ့ (မတ် ၃) က စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသူများအတွက် ကျောက်ရေတွင်းတံတားအဆင်း၌ ယာယီအထိမ်းအမှတ်နေရာပြုလုပ်ကာ ပြည်သူများက ယနေ့ မတ် ၄ တွင် ဂုဏ်ပြုဆုတောင်းခဲ့ကြသည်။

ညနေ ၄ နာရီခန့်တွင် သုဓမ္မာအဝိုင်းမှ ကန်သာယာအထိ လမ်းမတစ်လျှောက်တွင် စစ်သားများကလည်း အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကြပြီး ဆန္ဒပြသူများ တားဆီးထားသော အကာအရံများကို မြေကော်စက်ဖြင့် ဖယ်ရှားခဲ့သော်လည်း ယနေ့ ပစ်ခတ်ဖြိုခွင်းမှု မလုပ်ခဲ့ပေ။ 

၎င်းတို့ထွက်သွားသည်နှင့် မြောက်ဥက္ကလာပမြို့နယ်လူထုက အကာအရံများ ပြန်ပိတ်ဆို့ခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံသပိတ်စခန်းအဝင် သုဓမ္မာလမ်းထိပ်တွင် ရဲနှင့် စစ်သားများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဆန္ဒပြပြည်သူတို့က PVC လေးပေ ပိုက်လုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့သည်။  

ထူးခြားမှုအနေဖြင့် သုဓမ္မာလမ်းနှင့် နွယ်နီလမ်းထောင့်တွင် ပြည်သူများက ကြိုးတန်း မြင့်မြင့်တန်းပြီး ထဘီများလှန်းထားခဲ့ကြသည်။ 

သေဆုံးသူများအတွက် ကျောက်ရေတွင်းတံတားတွင် အထိမ်းအမှတ်ပြုလုပ်ထားခဲ့ကြသည်။ (ဓာတ်ပုံ- Myanmar Now) 

အင်းစိန်

အင်းစိန်စျေးရှိ မီးရထားဝန်ထမ်း သပိတ်စခန်းနှင့် ပြည်သူ့အထိုင်သပိတ်စခန်း ၂ ခုကို ယမန်နေ့ (မတ် ၃ ရက်နေ့) ညနေပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ပြီး ရပ်ကွက်ထဲထိ လိုက်လံဖမ်းဆီးခဲ့သော်လည်း ယနေ့ နံနက် ၁၀ နာရီခန့်မှစ၍ လူငယ်များက စစ်အာဏာ​ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို အင်းစိန်ပေါက်တောဝတွင် ဆက်လက်ပြုလုပ်ခဲ့သည်။ 

လက်နက်ကိုင်စစ်လုံထိန်းများ အလွယ်တကူ မဝင်ရောက်လာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းမကြီးကို ကွန်တိန်နာကားနှစ်စီးဖြင့် ကန်လန့်ဖြတ် ပိတ်ထားလိုက်ကြသည်။ ထို့နောက် ခံတပ်စည်း လေးခုအတွင်းမှ လူထောင်ချီကာ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ပေါက်တောဝ အခြေအနေသည် နေ့လယ် ၁ နာရီခွဲခန့်တွင် တင်းမာလာနေပြီး တပ်မ ၇၇ ရောက်ရှိလာသည်။ ဆန္ဒပြပြည်သူ သောင်းချီက နောက်ဆုတ်လိုက်သော်လည်း လူစုမခွဲဘဲ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ 

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝသပိတ်ကို ဖြိုခွင်းမှုများမရှိသော်လည်း စစ်သားနှင့်ရဲများက လာရောက် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် ညနေ သုံးနာရီခွဲခန့်တွင် ထောင်ချီသော ဆန္ဒပြသူများက လူစုခွဲလိုက်ကြသည်။ 

ရွှေပြည်သာမြို့နယ် 

​ရွှေပြည်သာမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေအနေမှာ ငြိမ်သက်စွာ ယနေ့ ပြီးဆုံးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်က သပိတ်စစ်ကြောင်းနှင့် လက်နက်ကိုင်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြသော်လည်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

ထိုအဖွဲ့များသည် ပြည်သူများ၏ လုံခြုံရေးစည်းတစ်ခုကို ချိုးဖျက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်တပ်က ၎င်းတို့စခန်းချထားသည့် အ.ထ.က (၁) ကျောင်းဝင်းအတွင်းသို့လည်းကောင်း၊ ရဲတပ်ဖွဲ့က ရွှေပြည်သာမြို့မရဲစခန်းအတွင်းသို့လည်းကောင်း ပြန်လည်ဆုတ်ခွာသွားကြသည်။

ဗိုလ်ချုပ်လမ်း 

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်များဦးဆောင်ပြီး လူဦးရေ အင်အား ၆၀၀ နီးပါးဖြင့် ဆန္ဒပြခဲ့ကြသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဆန္ဒပြသူများကို အလွယ်တကူ ဝင်ရောက်ဖြိုခွဲခြင်းမပြုနိုင်ရန် ခံတပ်အမျိုးမျိုးကို ကာရံထားပြီး “ ဒီမိုကရေစီရရှိရေး ဒို့အရေး”၊ “အရေးတော်ပုံ အောင်ရမည်”၊ “ ၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့” စသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည်။ 

ဗိုလ်ချုပ်လမ်းနှင့် မနီးမဝေးရှိ ရေကျော်လမ်းရှိ ဘာသာရေးအသင်းအဖွဲ့ဖြစ်သော YMBA  အဆောက်အအုံတွင် တပ်များ စခန်းချထားသည်။ 

စစ်အာဏာသိမ်းမှု တစ်လကျော်ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့များက အင်အားသုံးဖြိုခွဲခြင်း၊ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ဖြိုခွဲခြင်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားပြည်သူ ၅၀ ကျော် ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ရာနှင့်ချီ ရှိနေပြီဖြစ်သည်။ 

စစ်သားများကြားထဲတွင် စနိုက်ပါ ခေါ် မှန်ပြောင်းတပ် ရိုင်ဖယ်ကိုင်ဆောင်သူများလည်း ပါ၀င်သည်။

ကျဆုံးခဲ့ရသူအများစုမှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်များဖြစ်ပြီး အများအပြားမှာ ဦးခေါင်းပိုင်း ကျည်ဆန်ထိမှန်မှုကြောင့် ကျဆုံးရခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူအရေအတွက်မှာ မတ်  ၂ အထိ စာရင်းများအရ ၁၂၄၉ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှာက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button