“မင်းတို့တွေ မပစ်ရဲဘူးလား၊ အကုန်ပစ်၊ သတ်ပစ်လိုက်၊ ဘာမှမဖြစ်ဘူး" 

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ (မတ် ၃) က စစ်တပ်နှင့် ရဲများ၏ အကြမ်းဖက် ဖြိုးခွင်းမှုများကြောင့် သေဆုံးသူ ၈ ဦးဟုသာ အတည်ပြုနိုင်‌သေးသော်လည်း ၇၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူ အများအပြားရှိနေကြောင်း သိရကာ နံနက်ခင်းမှသည် ညဉ့်နက်ချိန်အထိ ဆင့်ကဲဆင့်ကဲ လာရောက်ပစ်ခတ်မှုများကြောင်း ကမ္ဘာပျက်သည့်အလားဖြစ်ခဲ့ကြောင်း ကြုံတွေ့ခဲ့ရသူများက ဆိုသည် 

Published on Mar 4, 2021
မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားအနီး ဆန္ဒပြည်သူများက အတားအဆီးပြုလုပ်ထားသည့် ကားတာယားများကို စစ်တပ်နှင့် ရဲများက မီးရှိ့ကာ စတင်ဖြိုခွင်းခဲ့စဉ်။ (ဓာတ်ပုံ − Myanmar Now) 
မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားအနီး ဆန္ဒပြည်သူများက အတားအဆီးပြုလုပ်ထားသည့် ကားတာယားများကို စစ်တပ်နှင့် ရဲများက မီးရှိ့ကာ စတင်ဖြိုခွင်းခဲ့စဉ်။ (ဓာတ်ပုံ − Myanmar Now) 

ကိုဝင်းခန့်မောင်တစ်ယောက် ရရှိထားသော ဒဏ်ရာများဖြင့် တုပ်တုပ်မှုမလုပ်တော့ပေ။ ဒဏ်ရာများက ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ပင်။ တချက်ချက်ထွက်ပေါ်လာသော ညည်းညူသံကြောင့်သာ အသက်ရှင်နေဆဲ ဖြစ်ကြောင်း သိနိုင်သည်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသူ ကိုဝင်းခန့်မောင်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင် ဆန္ဒပြမှုဖြင့် ယမန်နေ့ (မတ် ၃) တွင် ဖမ်းဆီးခဲ့ရသူဖြစ်သည်။ နံနက် ၁၀ ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ပန်းခြံအနီး ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ 

ကိုဝင်းခန့်မောင်သည် ဖမ်းဆီးခံရပြီးနောက် တစ်နေကုန် အချုပ်ကားပေါ်၌ နေထိုင်ခဲ့ရပြီး ညနေ ၅ နာရီခန့်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထိုမှ စစ်တပ်နှင့် ရဲများများ၏ လူမဆန်သော ညှင်းပန်းနှိပ်စက်မှုများကြောင့် သေလုမျောပါး ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

အဖမ်းခံထားရသူများနှင့် ပတ်သက်၍ ည ၁၁ နာရီအချိန်ခန့်တွင် ရွှေပေါက်ကံရဲစခန်းက ပရဟိတက ယ်ဆယ်ရေးသမားများကို အကြောင်းကြားခဲ့ရာမှ အရုပ်ကျိုးပျက်ဖြစ်နေသော ကိုဝင်းခန့် မောင်၏ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

“လက်နက်မဲ့ပါတယ်ဆိုမှ အဲဒီလောက်ကြီး အနိုင်ကျင့်စရာ မလိုပါဘူး” ဟု ကိုဝင်းခန့်မောင်၏ မိခင်ဖြစ်သူ က မချီတင်ကဲပြောသည်။ 

ပရဟိတက ယ်ဆယ်ရေးသမားများက ရပ်ကွက်ကိုအကြောင်းကြားခဲ့ပြီး ထိုမှတဆင့် မိသားစုဝင်များက သိရှိခဲ့ရခြင်းဖြစ်သည်။ 

“ဒဏ်ရာက အချက် ၃၀ လောက်ရှိတယ်။ သေနတ်တွေနဲ့ ထုထားတာ။ ခေါင်းကိုတောင် အကိုင် မခံနိုင်ဘူး။ ယောက်ကျားအင်္ဂါလည်း ထိထားတယ်။ ခြေထောက်တွေရော အကုန်ပဲ။လ က်မောင်း၊ ဒူးခေါင်းတွေရော အကုန်ထိထားတာ” ဟု ကိုဝင်းခန့်မောင်၏ မိခင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် ကိုဝင်းခန့်မောင်ကို အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဆရာဝန်များက စောင့်ရှောက်ကုသပေးလျက်ရှိသည်။ လတ်တလောက် ဆေးရုံပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် ရပ်ကွက် ဓမ္မာရုံတစ်ခုထဲတွင် ဖြစ်သလို စောင့်ရှောက်ပေးနေရသည်။ 

ယမန်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကျည်အစစ်များ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းမှု များကြောင့် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ စလေနှင့် မော်လမြိုင်တို့တွင် လူသေဆုံးမှုများရှိခဲ့ရာ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်သည် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် မြို့နယ်ဖြစ်သည်။ 

မြောက်ဥက္ကလာပအဝိုင်းအနီးတွင် ထောင်နှင့်ချီသော လူငယ်များပါဝင်သော ဆန္ဒပြပြည်သူလူထုသည် နံနက်ပိုင်းကတည်းပင် စုစည်းခဲ့ကြသည်။ စစ်တပ်နှင့် ရဲများကလည်း လမ်းမကြီးတစ်လျှောက်ရှိ ဆန္ဒပြ ပြည်သူများ ရှေ့ဆက်တိုးနိုင်ခြင်း မရှိစေရန် ပိတ်ဆို့ထားခဲ့သည်။ 

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက  မြောက်ဥက္ကလာအဝိုင်းနားတွင်လည်းကောင်း  မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားတွင်လည်းကောင်း နှစ်ဖက်ပိတ်ဆို့ထားခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြလိုသော ပြည်သူများက တဖြည်းဖြည်းချင်း နောက်ဆုတ်ပေးနေချိန်တွင် စစ်တပ်နှင့် ရဲများက မပြောမဆို စတင်ဖြိုခွင်းတော့သည်။ 

“နည်းနည်းခြင်းနည်းဆုတ်ပေးလိုက်တယ်။ ပြည်သူတွေ ဝိုင်းထားတော့ တောင်းဆိုလို့ရမယ်ထင်ထားတာ။ အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့ ရဲက ဒရကြမ်း၊ စစ်ကားတွေ ဆင်းလာတယ်ဆိုတဲ့ သတင်းကြားရတယ်။ ၅ မိနစ်လောက်မှာ ရောက်လာပြီး ချက်ခြင်းကို ပစ်ခတ်တာ။ မီးခိုးဗုံးတွေပစ်တယ်။ ရာဘာကျည်တွေနဲ့ ပစ်တယ်" ဟု သပိတ်စစ်ကြောင်း ခေါင်းဆောင်လူငယ်တစ်ဦးက ဆိုသည်။ 

မီးခိုဗုံး ၅ လုံးခန့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြလူထုမှာ ပြိုကွဲသွားခြင်း မရှိသဖြင့် စစ်တပ်နှင့် ရဲများ က ထပ်မံ၍ မျက်ရည်ယိုဗုံးများဖြင့် တရစပ်စတင်ပစ်ခတ်တော့သည်ဟု ဆိုသည်။ ထို့နောက်တွင် ကျည်ဆန်အစစ်များပါ အသုံးပြုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

ဆန္ဒပြလူငယ်များသည် ရပ်ကွက်လမ်းကြားများအတွင်း ပြေးဝင်ကာ ပုန်းခိုရန် ကြိုးစားခဲ့ရသည်။ စစ်တပ် နှင့် ရဲများကလည်း ရပ်ကွက်အတွင်းသို့ပင် လိုက်လံဖမ်းဆီးခဲ့သည်။

“ပုန်းခိုခွင့်ပေးတဲ့အိမ်က လူတွေကိုပါ ရိုက်တာ။ နွယ်နီ ၆ လမ်းက အိမ်တွေထဲ ဆန္ဒပြတဲ့သူတွေ ဝင်ပြေး တော့ အဲဒီအိမ်တွေထဲအထိ လိုက်ရိုက်တာ။ ရုတ်ရင်းကြမ်းတမ်းတာတွေ ပြောတယ်။ မင်းတို့ မြောက်ဥက္က လာသမိုင်း ဘာလဲဆိုပြီးတော့ ပြောပြောပြီး ရိုက်တယ်။ သေနတ်တွေနဲ့ ရိုက်တယ်။ စစ်ဖိနပ်တွေနဲ့ ကန်တယ်" ဟု ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးက ပြန်ပြောင်း ပြောပြသည်။

ထိုသို့ ပုန်းအောင်နေစဉ် လိုက်လံဖြိုခွင်းသူ စစ်တပ်နှင့် ရဲများ အချင်းချင်း ပြောဆိုသည်များကိုလည်း အတိုင်းသားကြားသိခဲ့ရသည်ဟု ဆိုသည်။ 

“မင်းတို့တွေ မပစ်ရဲဘူးလား။ ဘာကြောက်စရာရှိလဲ။ အကုန်ပစ်။ သတ်ပစ်လိုက် ဘာမှမဖြစ်ဘူးလို့ ပြောနေတာတွေ ကြားရပါတယ်။ သူတို့က ရာဘာကျည်တွေရော၊ ကျည်အစစ်တွေရော သုံးတယ်။ အဓိက သူတို့ဖြစ်စေချင်တာ လူထုကို သွေးကြွအောင်လုပ်ခဲ့တယ်။ လေးဂွတွေနဲ့ စပစ်တာပါ။ လူထုက မခံနိုင်လို့ ပြန်ပြောတော့မှ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်တာ” ဟု ထိုသို့ကြားခဲ့ရသူ သပိတ်ခေါင်းဆောင်က ပြောသည်။ 

မြောက်ဥက္ကလာပအဝိုင်းအနီးက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်သည် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်တပ်နှင့် ရဲများ၏ အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခြင်းကို ခံခဲ့ရပြီးနောက် ဆန္ဒပြသူ သုံးဦးဖမ်းဆီး ခံခဲ့ရသည်။  

ထိုသို့ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသော်လည်း ပြည်သူလူထုသည် အလျှော့ပေးခြင်း မရှိဘဲ ပြန်လည်စုရုံး ခဲ့ကြသည်။ စစ်တပ်နှင့် ရဲများ အလွယ်တကူ ဝင်ရောက်လာနိုင်ခြင်း မရှိစေရန် မြောက်ဥက္ကလာအဝင် လမ်းဝခုံးတံတားအနီးတွင် ကားတာယာများကို လမ်းပေါ်စုပုံချထားကာ အတားအဆီးပြုလုပ်ခဲ့ကြသည်။

 

နေ့လယ် ၁ နာရီအချိန်တွင် စစ်တပ်နှင့် ရဲများက ဆန္ဒပြပြည်သူများ အတားအဆီးပြုလုပ်ထားသည့် ကားတာယာများကို မီးရှို့ဖျက်ဆီးကာ စတင်အကြမ်းဖက်ဖြိုခွင်းတော့သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှု အတွင်း လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

အသက် ၁၉ နှစ်အရွယ် ကိုထက်အောင်ဆိုသူ လူငယ်လေးမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ရင် အသက်စတေးခဲ့ရသည်။ သေနတ်ကျည်ဆန် ထိမှန်သဖြင့် ရင်ဘတ်ပွင့်ကာ သေဆုံးသွားခြင်း ဖြစ်သည့် လက်ခံကုသပေးခဲ့သူ ဆရာဝန်က ဆိုသည်။ 

ထိုအကြမ်းဖက် ဖြိုခွင်းခံရမှုအတွင်း အသက် ၂၀ အရွယ် လူငယ်တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။ မင်းဦးဆိုသူ ထိုလူငယ်မှာ ဆီးခုံတွင် ရရှိသော သေနတ်ဒဏ်ရာဖြင့် ဆေးရုံရောက်ပြီး ညနေပိုင်းတွင် သေဆုံးခဲ့သည်။ 

မြောက်ဥက္ကလာအဝင် ခုံးတံတားအနီးတွင် ထိုသို့ အကြမ်းဖက်ဖြိုခွင်းပြီးနောက် ထွက်ပြေးသူများကို လည်း လိုက်လံဖမ်းခဲ့သည်။ ထိုနေရာတွင် လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး စစ်ကားသုံးစီးဖြင့် ခေါ် ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့ရသူ ရန်ကုန်နာကူညီမှုအသင်းမှ အရေးပေါ်ကယ်ဆယ်ရေးသမား ကိုရဲကျော်သူက ပြောသည်။

အဖမ်းဆီးခံလိုက်ရသည့ လူငယ်များကို ပြန်လွှတ်ပေးရန် ရပ်ကွက်နေပြည်သူများက လိုက်လံတောင်းဆို ရာတွင် စစ်တပ်နဲ့ ရဲများက ထပ်မံက အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ 

“ကျောင်းသားတွေကို ပြန်ပေး၊ ပြန်ပေးဆိုပြီးတောင်းတော့ တံတားထိပ်ကနေ ဆီးပြီးပစ်တာ။ ပထမတော့ သူတို့ ရာဘာကျည်နဲ့ ပစ်တယ်။ အသံဗုံးခွဲတယ်။ လူစုကွဲသွားတော့ သူတို့က တောက်လျှောက်စက်သေ နတ်နဲ့ဆွဲတာ။ ရှေ့ကို တက်သွားတဲ့ ကလေးတွေ အကုန်လုံးက ထွေးခနဲ.. ထွေးခနဲ ပြုတ်ကျတာ” ဟု ကိုရဲကျော်သူက ပြောသည်။

ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသူများကို စစ်သားများက ကားပေါ်မှဆင်းကာ ပုံစံတကျ နေရာယူလျက် ဆီမီးအော်တိုသေနတ်များဖြင့် တရစပ်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

စစ်သားများက အထိကရုဏ်းနှိမ်နှင်ရေးတွင် အသုံးပြုလေ့မရှိဘဲ စစ်ပွဲသုံး သေနတ်များဖြင့် လက်နက်မဲ့ ဆန္ဒပြပြည်သူများကို စစ်မြေပြင်ပမာ အကြမ်းပတမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ဘုန်း... ဘုန်း... ဘုန်းနဲ့ အသံကြားတော့ ဝပ်.. ဝပ်.. လို့ပြောတုန်းရှိသေးတယ်။ ရှေ့က လူတွေက ကျကုန်ပြီ။ ဆက်မလိုက်နိုင်အောင် မျက်ရည်ယိုဗုံးတွေခွဲခဲ့တာ။ ပစ်တာက ၅ မိနစ်လောက်ပဲကြာတယ်။ စက်သေနတ်နဲ့ဆွဲဆိုတော့။ အသံမိုင်းတွေ၊ မျက်ရည်ယိုဗုံးတွေခွဲပြီး ပြန်မောင်း (စစ်ကားများ) ထွက်သွားတာ” ဟု ကိုရဲကျော်သူက ပြောသည်။

ထိုသို့ လူမဆန်စွာပစ်ခတ်ခံရပြီးနောက် ဒဏ်ရာရရှိသူ ၈ ဦးကို နီးစပ်ရာဆေးကုပေးနိုင်မည့်နေရာသို့ ကိုရဲကျော်သူကိုယ်တိုင် ပို့ဆောင်ပေးခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ဖြစ်သည့် ယမန်နေ့က မြောက်ဥက္ကလာနေ ပြည်သူများ မြင်တွေ့ခဲ့ရသည်များက တစ်သက် မမေ့နိုင်စရာဖြစ်သည်။ လူမှုကွန်ရက် စာမျက်နှာများပေါ် ရောက်ရှိလာသည့် CCTV မှတ်တမ်းတစ်ခုအရ အရေးပေါ် လူနာတင်ယာဉ် ပေါ်လိုက်ပါလာသော ကူညီကယ်ဆယ်ရေး ဝန်ထမ်းသုံးဦးကို ၁၀ ဦးထက် မနည်းသော ရဲများက ဝိုင်းဝန်းရိုက်နှက်ခဲ့ပုံမှာ အရက်စက်အကြမ်းကြုပ်ဆုံးသော အဆိုးရွားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုပင်ဖြစ်သည်။

ထိုလူနာတင်ယာဉ် ဝန်ထမ်းသုံးကို အထိုင်ခိုင်းကာ ရဲများက သေနတ်ဒင်ဖြင့် စိတ်ရှိလက်ရှိ ရိုက်နှက်ကြ သည့်အပြင် ခြောက်တောက်များဖြင့်လည်း ကန်ကျောက်နေကြပုံမှာ လူစိတ်ပျောက်နေသည့်အလားပင်။ 

စစ်ကောင်၏ လက်နက်ကိုင်များသည် မြောက်ဥက္ကလာပမြို့နယ်တွင် နေ့ခင်းဘက်၌သာမက ညပိုင်းတွင် ပါ လာရောက်ဖြိုခွင်းခဲ့သည်။ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကားအစီး၂၀ ခန့်  မြောက်ဥက္ကလာပမြို့နယ် အတွင်းမောင်းဝင်လာပြီး လမ်းတလျှောက်တွင် သေနတ်များ ပစ်ဖောက်ခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ စစ်ကားအစီး ၂၀ အနက် ၁၆ စီးမှာ မြောက်ဥက္ကလာပမြို့နယ်နှင့် ဆက်စပ်နေသည့် မြောက်ဒဂုံ ဘက်သို့ မောင်းနှင်သွားခဲ့ပြီး ကျန်စစ်ကားလေးစီးက ရွှေပေါက္ကံဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

မြောက်ဒဂုံဘက်သွားသည့် စစ်ကား ၁၆ စီးခန့်သည် ရန်ကုန်နာရေးကူညီမှုအသင်းရုံးကို ဝင်ရောက်စီးနင်း ခဲ့သည်။ ထိုလက်နက်ကိုင်များ၏ အကြမ်းဖက်ဝင်ရောက် စီးနင်းမှုကြောင့် နာရေးကူညီမှုအသင်းပိုင် ရုံးခန်းပစ္စည်းများ ပျက်စီးခဲ့သည့်အပြင် အသင်းသား ၁၀ ဦးသည်လည်း ရိုက်နှက်ခံရကာ ဒဏ်ရာရရှိခဲ့ သည်။ 

 ရွှေပေါက္ကံဘက် ဦးတည်မောင်းနှင်သွားသည့် စစ်ကားလေးစီးသည် နေ့ခင်းဘက်က ဖမ်းဆီးထားသူများ အနက် အစွမ်းကုန်ညှင်းပန်းနှိပ်စက်ခံထားရသူများ ၈ ဦးကို ရွှေပေါက်ကံရဲစခန်းရှေ့တွင် လာရောက်ချ ထားခြင်းဖြစ်သည်ဟု ထိုနေရာသို့ သွားရောက်ကာ ဒဏ်ရာရရှိခဲ့သူများကို ကယ်ဆယ်ခဲ့သူ လူမှုကူညီရေး သမားတစ်ဦးက ပြောသည်။

“စစ်ကားတွေက လမ်းကြောင်းရှင်းတဲ့အနေနဲ့ လမ်းတွေကို ပစ်သွားတယ်။ ခေမာသီဘက်က ဝင်လာ တယ်ဆိုရင် ဝေပုလ္လတစ်ချက်ပစ်တယ်။ မေဒါဝီလမ်းဘက်ကို တစ်ချက်ပစ်တယ်။ လူတွေ ထွက်မလာ အောင် ပစ်တာ။ ဒဏ်ရာရနေတဲ့ လူ ၈ ယောက်ကို ရွှေပေါက္ကံရဲစခန်းရှေ့ချခဲ့တယ်" ၎င်းက ဆိုသည်။

ထိုသို့ ပစ်ချခံခဲ့ရသူ ၈ ဦးတွင် အသက် ၁၈ နှစ်အရွယ် ကိုဝင်းခန့်မောင်လည်း ပါဝင်ခဲ့သည်။ ၎င်း၏ ခန္ဓာ ကိုယ်၌ ရာဘာကျည်ဖြင့် ပစ်ခတ်ခံထားရသည့် ဒဏ်ရာ အချက် ၃၀ ထက်မနည်း ရရှိထားသည်ဟု ကုသ ပေးနေသည့် ဆရာဝန်က ဆိုသည်။ 

“လူနာက ဆန္ဒပြပွဲဖြိုခွင်းလို့ ထွက်ပြေးလို့ ရတဲ့ဒဏ်ရာမဟုတ်ဘူး။ တမင်သက်သက် အဖမ်းခံရတဲ့ အချိန် မှာ ညှဉ်းပန်းနှိပ်စက်ပြီးတော့ တမင်သက်သက် ပစ်တဲ့ဒဏ်ရာတွေ။ အဖမ်းခံရတဲ့ အချိန်မှာ ဝိုင်းပြီးနှိပ်စက် တယ်။ သေနတ်နဲ့ ဝိုင်းပြီးတော့ တည်ပစ်ကြတာ။ အဲဒါကြောင့် ဒဏ်ရာတွေ များတာ” ဟု အဆိုပါ ဆရာဝန် က သုံးသပ်သည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် ထိုသို့သော ဆင့်ကဲဆင့်ကဲ အကြမ်းဖက်ဖြိုခွင်းခံရမှုများကြောင့် ယနေ့ည နေပိုင်းအထိ သေဆုံးသူ ၈ ဦးဟုသာ အတည်ပြုနိုင်သေးသော်လည်း ဒဏ်ရာရရှိသူ ၇၃ ဦးရှိပြီး ပျောက်ဆုံးနေသူး အများအပြားရှိနေကြောင်း သက်ဆိုင်ရာ ဆရာဝန်များက အတည်ပြုထားသည်။ 

ယမန်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading