မတတ်မြောက်သည့် ပညာရေးစနစ်မှ လွတ်မြောက်လိုသူ ဆရာမ၏ နောက်ဆုံးခရီး 

ဆရာမဒေါ်တင်နွဲ့ရီ သေဆုံးမှုအတွက် အာဏာရှင်ခေတ်တွင် ဘာမျှ မမျှော်လင့်သော်လည်း ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ပါက သေချာပေါက် အရေးယူပေးစေလိုသည်ဟု မိသားစုဝင်တစ်ဦးက တောင်းဆိုသည်

အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနကို မတ် ၂ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

ရဲနှင့် စစ်သားများသည် အကြမ်းဖက်ဖြိုခွင်းနေသော်လည်း ကျောင်းဆရာမ၊ ပညာရေးဝန်ထမ်း၊ အမျိုးသမီးများ ဆိုသည့် ဂုဏ်ကိုတော့ ငဲ့ကွက်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ 

ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် ဆန္ဒပြနေသော ပညာရေးဝန်ထမ်းများ၏ စုရပ် ဖြစ်သည့် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံးရှေ့၌ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့်  ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့သည်။ 

လူစုခွဲရန် သတိပေးပြောဆိုခြင်း မရှိဘဲ ပညာရေးဝန်ထမ်းများကို အလစ်အငိုက် ဖြိုခွင်းခဲ့ရာ အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့ခြင်းက ဆရာမများ၏ ယူဆချက်ကို လုံးဝ ချုပ်ငြိမ်းသွားစေသည်။ 

ဆန္ဒမပြမီ စုရပ်တွင် စတင်ဖြိုခွဲ

ပညာရေးဝန်ထမ်းများ၏ ဆယ့်ငါးမြို့နယ်ခန့် စုပေါင်းစစ်ကြောင်းအနက် နှစ်မြို့နယ်ကျန်နေသေး၍ စုရပ်ရှိ ဆရာ၊ ဆရာမ ဦးရေ ၂၀၀ ခန့်က စောင့်ဆိုင်းကာ လက်ကမ်း စာစောင်ဝေအပြီး မနက်စာ ထမင်းဘူးများ စားနေသည့် အချိန်တွင် ရုတ်တရက် အကြမ်းဖက် ဖြိုခွဲခံရခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ တပ်ဖွဲ့များက စုရပ်ကို ကြိုသိနေပြီး ဆန္ဒမပြရသေးသည့် အချိန်၌ပင် ရည်ရွယ်ချက်ရှိရှိဖြင့်  အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း ဟု  မြို့နယ်အသီးသီးမှ ဆရာမများက ယူဆနေကြသည်။ 

အသံဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ဖြိုခွင်းချိန်တွင် ဆရာမဒေါ်တင်နွဲ့ရီသည် သူ၏ခန္ဓာကိုယ်ဖြင့် တခြားသူများကို ကွယ်ထားရင်း လက်ဖြင့်လည်း ကာထားသေးရာ လက်မောင်းသို့ သေနတ်ကျည် ထိမှန်ခဲ့သည်။ 

ထို့နောက် ရင်ကြပ်ရောဂါ ရှိသော အသက် ၅၉ နှစ်အရွယ် ဆရာမ ဒေါ်တင်နွဲ့ရီသည် နာကျင်မှုဒဏ်နှင့် မျက်ရည်ယိုဗုံးဒဏ်ကို ခံနိုင်ရည် မရှိတော့ဘဲ ဆေးရုံသို့ မရောက်မီ လူနာတင်ယာဉ်ပေါ်တွင်ပင် အသက်ဆုံးခဲ့ရ သည်။ 

ပညာရေးဝန်ထမ်းများ၊ အမျိုးသမီးများ ဖြစ်ကြ၍ အလွန်ဆုံး လူစုခွဲခိုင်းခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းသာ ပြုလုပ်မည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ 

“သတိ လုံးဝမပေးဘူး။ ဆရာမတို့ ထင်တာက သူတို့ အရင်ဆုံး သတိပေးမယ်။ လူစုခွဲခိုင်းတာတွေ အရင်လုပ်မယ်လို့ ထင်တာ။ ဒီလိုမျိုး ရုတ်တရက်ကြီး ဘာသတိပေးချက်မှ မရှိဘဲ ဖြိုခွင်းမယ်လို့ မထင်ဘူး”ဟု ဆရာမတစ်ဦးက ပြောသည်။ 

အဆိုပါနေ့ ပစ်ခတ်ဖြိုခွင်းမှုတွင် ဆရာမ အများအပြား ဒဏ်ရာရခဲ့ပြီး လှိုင်သာယာမြို့နယ်မှ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ သေဆုံးခဲ့သည်။ ယင်း ဖြိုခွင်းမှုတွင် ဆရာ၊ ဆရာမ ၇ ဦး အဖမ်းခံရပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ 

ယခင်အာဏာရှင်လက်ထက်ကဲ့သို့ ကျောင်းသူ၊ ကျောင်းသားများကို မှန်ကန်သည့် လမ်းကြောင်း မပြနိုင်သည့် ဆရာ၊ ဆရာမများ အဖြစ်သို့ ပြန်မရောက်လိုတော့၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆရာမများက ဆိုသည်။ 

“ကျွန်မတို့မှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ အရင်ကလိုမျိုး အားလုံးက ချုပ်ကိုင်မှုနဲ့ လမ်းလျှောက်ရမယ် ဆိုရင် ကျွန်မတို့ ကလေးတွေကို ကျွန်မတို့က ဆရာ၊ဆရာမတွေ ကိုယ်၌ကိုက ဘာလုပ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို မချပေးနိုင်တော့ဘူး။ အဲဒီလို ချပေးနိုင်တဲ့ အခွင့်အရေးတွေ အားလုံးဆုံးရှုံးသွားတယ်လို့ ခံစားရတယ်” ဟု ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနသို့ လိုက်ပါပို့ဆောင်သူ ဆရာမ တစ်ဦးက ဆိုသည်။ 

အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ 

ဆရာမ ဒေါ်တင်နွဲ့ရီသည် လှိုင်သာယာမြို့နယ် ထခွဲ လ(၁၀) ကျောင်းတွင် မြန်မာစာ၊ သမိုင်းနှင့် သင်္ချာ ဘာသာရပ်များကို သင်ကြားပို့ချသည့် အလယ်တန်းပြဆရာမ တစ်ဦးဖြစ်ပြီး လုပ်သက် နှစ် ၃၀ ကျော် ရှိပြီ ဖြစ်သည်။ 

သူသည် ယခုနှစ် ဒီဇင်ဘာလတွင် ပင်စင်ယူရမည် ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းများစွာ ပါဝင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်သည်။ 

သူသည် မဟုတ်မခံစိတ်နှင့် မှန်ရာကို အမှန်အတိုင်း ပြောလေ့ ရှိသူတစ်ဦးဟု လုပ်ဖော်ကိုင်ဖက်များက ဆိုကြသည်။ 

ပညာရေးစနစ်ကောင်းမွန်စေရေးနှင့် ဆရာမများ တာဝန်ယူခဲ့သည့် မဲစာရင်းမှားယွင်းသည်ဆိုခြင်းကို ခံပြင်း၍ ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆရာမ၏ သမီးကြီးက ပြောသည်။ 

ဆရာမ၏ မောင်ဖြစ်သူ ဆုံးပါးခဲ့၍ ၎င်းဈာပနအပြီး ဆန္ဒပြထွက်ရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ 

“ ငါ့မောင်လေး ရက်လည်သွားပြီ ထွက်မယ်ဆိုပြီးထွက်တယ်။ အဲဒီနေ့ ( နှစ်ငါးလုံးနေ့) က ပျော်နေတာ။ ဘာမှ မဖြစ်ဘူး သမီး၊ ငါတို့ အဖြူအစိမ်းနဲ့ ဆရာမတွေကို ဘယ်သူမှ ဘာမှ ဒုက္ခမပေးဘူး။ ဘေးနားက ပြည်သူတွေကလည်း ဝန်းရံပေးတယ်။ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိတယ်။ အဲဒီလိုပြောပြီး ပြန်လာတာ ” ဟု သမီးကြီးက ဆိုသည်။ 

အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ ဆန္ဒပြသည့်နေရာများသို့ မလိုက်ပါရန် လုပ်ဖော်ကိုင်ဖက် ဆရာမများနှင့် သမီးများက တိုက်တွန်းခဲ့သည်ကို သဘောတူခဲ့သော်လည်း သေဆုံးမည့်နေ့ ဖေဖော်ဝါရီ ၂၈ နံနက်တွင် ဆန္ဒပြမည်ဆိုကာ ဆရာမ ဒေါ်တင်နွဲ့ရီက  ရုတ်တရက် လိုက်ပါခဲ့ခြင်း ဖြစ်သည်။ 

ကျန်းမာရေးမကောင်းသည့် အငြိမ်းစားကျောင်းဆရာမတစ်ဦး အိမ်တွင် ကူညီအိပ်ပေးလေ့ရှိသော ဆရာမ ဒေါ်တင်နွဲ့ရီသည် ကျဆုံးမည့် တနင်္ဂနွေတွင် ဆန္ဒပြလိုက်ပါမည်ဆိုကာ နံနက် ၅ နာရီခွဲခန့်တွင် နေအိမ်ပြန်၍ ယူနီဖောင်းလဲကာ လိုက်ပါခဲ့သည်။

“တနင်္ဂနွေနေ့ မနက်ကို ငါးနာရီခွဲကြီး ထပြန်လာပြီး ငါစစ်ကြောင်း လိုက်သွားမလို့ တဲ့၊ ငါရဲ့ ဆရာမတွေက ငါပါတော့ ပိုအားရှိတာပေါ့ တဲ့၊ သူတို့ချည်းပဲဆို အားငယ်နေလိမ့်မယ်ဆိုပြီး ယူနီဖောင်းလဲပြီး တားတဲ့ကြားထဲက အတင်းလိုက်သွားတာ” ဟု သမီးကြီးဖြစ်သူက ပြောသည်။

သွေးစွန်းခဲ့သော တနင်္ဂနွေတွင် စစ်ကောင်စီသည် သန်းချီစုဝေးမှု မဖြစ်ပေါ်စေရန် နံနက်ခင်းကတည်းက မြို့များတွင် ဖြိုခွဲခဲ့ရာ ၁၈ ဦး အနည်းဆုံး သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရခဲ့ကာ ဆရာမဒေါ်တင်နွဲ့ရီမှာ တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။  

ရန်ကုန်ဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးရာ၌ ၎င်းသည် နှလုံးရောဂါ၊ သွေးတိုးရောဂါဖြင့် ဆုံးပါးခြင်း ဖြစ်ပြီး  လက်မောင်းရှိ ဒဏ်ရာမှာ အချွန်တစ်ခုခုဖြင့် ထိုးမိသည့် ဒဏ်ရာဖြစ်ကြောင်း ဆရာဝန်က မှတ်ချက်ပေး ကြောင်း သမီးဖြစ်သူက ပြောသည်။

ကြောက်လန့်မှုများကြားမှ နာရေးဈာပန 

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်မိကာ ဆုံးပါးသွားခဲ့သည့် ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနကို မတ် ၂ တွင် ရန်ကုန်မြို့ ၊ ထိန်ပင်သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်။ 

"ဆရာမအတွက် ဂုဏ်ယူတယ်" ဟု ဆရာမဒေါ်တင်နွဲ့ရီ စာသင်ကြားခဲ့သော (၂၀၀၆-၀၇) တပည့်များကလည်း Myanmar Now ကို ပြောသည်။  

နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်သူ ဆရာမများက ဒီမိုကရေစီခေတ်တွင် ပညာရေးစနစ် အပြောင်းအလဲဖြစ်ရန် သင်ရိုးညွှန်းတန်းအသစ်များဖြင့် သင်ကြားရသည်မှာ ပင်ပန်းလွန်းလှသော်လည်း ဆရာမများ ပျော်ရွှင်ခဲ့ရပြီး အာဏာရှင်စနစ်တွင် ထိုအရာအားလုံး ပျက်သုဉ်းရတော့မည်အရေး မလိုလားသဖြင့် အာဏာဖီဆန်ရသည်ဟု ပြောသည်။

“အရင်လိုမျိုး ဒါပဲလုပ်၊ ဒါပဲ ကျက်၊ ဒါပဲဖြေ အဲဒီလမ်းကြောင်းကို ကျွန်မတို့ ပြန်မသွားချင်ဘူး။ အကြောက်တရား ကြီးနဲ့ ကိုယ့်တပည့်တွေကို မထားခဲ့ချင်ဘူး ” ဟု ဈာပနသို့ လိုက်ပါပို့ဆောင်သည့် ဆရာမတစ်ဦးက ဆိုသည်။ 

အကြောက်တရားကင်းမဲ့သော ဆရာမ ဒေါ်တင်နွဲ့ရီ၏ ဈာပနတွင်တော့ စစ်ကောင်စီကို မယုံကြည်သူများက ကြောက်လန့်စွာဖြင့် ဆရာမ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြရသည်။ 

လိုက်ပါပို့ဆောင်သူများက ၎င်းတို့၏ တစ်ဦးချင်းစီ လုံခြုံရေးအတွက်နှင့် သင်္ဂြိုလ်သည့်  တည်နေရာကို သိရှိကာ အကြမ်းဖက် သေနတ်ပစ် ဖြိုခွင်းမည်ကို ကြောက်ရွံ့သည်ဆိုကာ အများစု၏ ဆုံးဖြတ်ချက်ဖြင့် တိုက်ရိုက် ထုတ်လွှင့်ခွင့်၊ ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့် မပြုခဲ့ကြချေ။ 

သတင်းဌာနများကိုမူ တိုက်ရိုက်ထုတ်လွှင့်ခွင့် မပြုသော်လည်း မျက်နှာများ မပါသည့် ရုပ်သံရိုက်ကူးခွင့် ပြုခဲ့သည်။ 

ဒီမိုကရေစီအစိုးရလက်ထက်မှာ မျှတမှုရချင်

ဆရာမအတွက် တရားမျှတမှုကို အာဏာရှင်ခေတ်တွင် မမျှော်လင့်သော်လည်း ဒီမိုကရေစီအစိုးရ လက်ထက် ရောက်ပါက သေချာပေါက် အပြစ်ပေးအရေးယူပေးစေလိုသည်ဟု သမီးကြီးက ပြောသည်။ 

နှာခေါင်းစည်းတပ်ထား၍ ၎င်း၏ မျက်နှာ အမူအရာကို သေချာစွာ မတွေ့ရသော်လည်း မျက်ရည်များဖြင့် ရွဲရွဲစိုနေသော မျက်ဝန်းများက အလေးအနက်ထား ပြောနေကြောင်း သိသာစေသည်။ 

“ သူတို့ (တပ်နှင့်ရဲ) မှာ သေနတ်တွေနဲ့။  ဆန္ဒပြတဲ့သူတွေကို ပြောချင်တာက သတိလည်းထားပေးကြပါ။ ထပ်ပြီး အသက်တွေ မပေးစေချင်တော့ဘူး။ ဒီမိုကရေစီ ရအောင် အောင်မြင်အောင် တိုက်ပေးကြပါ” ဟု သမီးဖြစ်သူက ပြောသည်။  

ဖေဖော်ဝါရီ ၂၆ မှ စတင်ကာ ဆန္ဒပြနေမှုများအား နိုင်ငံအနှံ့ အကြမ်းဖက်ဖြိုခွဲများ ပြုလုပ်နေပြီး ယနေ့ မတ် ၃ တွင်လည်း မုံရွာ၊ မြင်းခြံနှင့် မန္တလေးမြို့၌ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကာ နေ့လယ်အထိ ရန်ကုန်တွင် တစ်ဦး၊ မန္တလေးတွင် နှစ်ဦး၊ မုံရွာတွင် နှစ်ဦး၊ မြင်းခြံတွင် တစ်ဦး သေဆုံးခဲ့သည်။ 

ရန်ကုန်မြို့တွင် ​နေရာအချို့ ၌ စစ်​ကောင်စီ ၏တပ်ဖွဲ့ဝင်များကယ​နေ့ (မတ် ၁၇)တွင် ရပ်ကွက်​နေပြည်သူနှင့် လမ်းသွားလမ်းလာပြည်သူများထဲမှ အမျိုးသားများကို ​ပေါ်တာဆွဲသကဲ့သို့ ဖမ်းဆီး​ခေါ်​ဆောင်ပြီး လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းကာအတင်းအဓမ္မလုပ်အာ...

Published on Mar 17, 2021
 မြို့နယ် များရှိ ရပ်ကွက်အချို့ တွင် ရပ်ကွက်​နေ ပြည်သူနှင့် လမ်းသွားလမ်းလာ များထဲမှ အမျိုးသားများကို လိုက်လံဖမ်းဆီး​ခေါ်​ဆောင်ကာ လမ်း​ပေါ်နှင့် ရပ်ကွက်ထိပ်ရှိ အတားအဆီးများကို ဖယ်ရှား​ခိုင်းပြီး အတင်းအဓမ္မလုပ်အား​ပေး​စေခိုင်းခဲ့ခြင်းဖြစ်သည် ။

ရန်ကုန်မြို့တွင် ​နေရာအချို့ ၌ စစ်​ကောင်စီ ၏တပ်ဖွဲ့ဝင်များကယ​နေ့ (မတ် ၁၇)တွင် ရပ်ကွက်​နေပြည်သူနှင့် လမ်းသွားလမ်းလာပြည်သူများထဲမှ အမျိုးသားများကို ​ပေါ်တာဆွဲသကဲ့သို့ ဖမ်းဆီး​ခေါ်​ဆောင်ပြီး လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းကာအတင်းအဓမ္မလုပ်အား​ပေး​စေခိုင်း​နေ​ကြောင်း မျက်မြင်​တွေရှိ​သောပြည်သူများက​ပြောသည်။

လှိုင် ၊ ကမာရွတ် ၊ရန်ကင်း၊မရမ်းကုန်းစ​သော မြို့နယ် များရှိ ရပ်ကွက်အချို့ တွင် ရပ်ကွက်​နေ ပြည်သူနှင့် လမ်းသွားလမ်းလာ များထဲမှ အမျိုးသားများကို လိုက်လံဖမ်းဆီး​ခေါ်​ဆောင်ကာ လမ်း​ပေါ်နှင့် ရပ်ကွက်ထိပ်ရှိ အတားအဆီးများကို ဖယ်ရှား​ခိုင်းပြီး အတင်းအဓမ္မလုပ်အား​ပေး​စေခိုင်းခဲ့ခြင်းဖြစ်သည် ။

ကမာရွတ်မြို့နယ် လှည်းတန်းရှိ ရပ်ကွက်နေ အမျိုးသားတစ်ဦးအား ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး လမ်း​ပေါ်မှ အတားအဆီးများနှင့်သဲအိတ်များကိုဖယ်ရှားခိုင်းသည်ကို မြင်​တွေ့ခဲ့​သော မျက်မြင်သက်သေတစ်ဦးက
“ အမျိုးသားတွေပဲ ခေါ်တာ။ ယောကျ်ားတွေထွက်ခဲ့ကြဆိုပြီး ဆဲဆိုပြီးခေါ်တာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီး သဲအိတ်တွေဖယ်ခိုင်းတယ်။ နောက်နေ့တွေ မိန်းမတွေပါ ခေါ်မယ်ဆိုပြီး အော်သွားတယ်”ဟု ပြောသည်။

လှည်းတန်းတွင် အမျိုးသား အနည်းဆုံး ၂၀ခန့်ဖမ်းဆီးခံခဲ့ရပြီး နာရီပိုင်းကြာ သဲအိတ်များကို ဖယ်ရှားခိုင်းပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အလာတူ ရန်ကင်းမြို့နယ်  မိုး​ကောင်းလမ်း၊ရန်ရှင်းလမ်း နှင့် မရမ်းကုန်မြို့နယ် ရှိ ပါရမီ လမ်းတွင်လည်း အမျိုးသားများကို အတင်းအဓမ္မဖမ်းဆီး ကာ လုပ်အား​ပေး​စေခိုင်းခဲ့​ကြောင်း လည်း ရပ်ကွက်​နေပြည်သူအချို့က ​ပြောသည်။ ရန်ကင်းမြို့နယ် မိုး​ကောင်းလမ်း​ပေါ်တွင်လည်းစစ်သားများက ပြည်သူများထဲမှ အမျိုးသားများကို ဖမ်းဆီးပြီး ​နေပူထဲတွင် ထိုင်ခိုင်းပြီး​နောက် လမ်း​ပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်း​နေသည်ကိုလည်း ​ဖေစ်ဘွခ် လူမှုကွန်ယက်တွင်တက်လာ​သော ဓါတ်ပုံများတွင်​လည်း
တွေ့ရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

လမ်းပေါ်ရှိ အတာီးအဆီးများ ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဖယ်ရှားထား ခြင်းမရှိပါက တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးကို ဆိုင်ဆိုင် မဆိုင်ဆိုင် သေနတ်ဖြင့် ပစ်မည်ဟု လိုက်လံ အော်ဟစ်ခြိမ်းခြောက်လျက်ရှိသည်

Published on Mar 17, 2021
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော ဒေသခံပြည်သူများ အပြင်းအထန်ထိပ်တိုက်တွေ့ခဲ့သည့် လှိုင်သာယာမြို့နယ် တစ်နေရာကို မတ် ၁၄ ရက်က တွေ့ရစဉ် (Supplied)

လမ်းပေါ်ရှိအတားအဆီးများ ဖယ်ရှားပေးခြင်း မရှိပါက တစ်ရပ်ကွက်လုံးကို သေနတ်နှင့် ပစ်မည်၊ မြေလှန်ပစ်မည်ဟု စစ်ကောင်စီလက်နက်ကိုင်များက ရပ်ကွက်များအတွင်း အော်လံဖြင့် အော်ဟစ် ခြိမ်းခြောက်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ မြို့နယ်အချို့တွင် ယနေ့ (မတ် ၁၇) ညနေပိုင်းတွင် အထက်ပါအတိုင်း လိုက်လံအော်ဟစ်သတိပေးနေဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

“နောက်တစ်ခါလာလို့ ရပ်ကွက်တွင်းလမ်းများ အများပြည်သူပိုင်လမ်းများ ဖျက်လိုဖျက်ဆီးပိတ်ဆို့ထား တာတွေ့ရင် တစ်ရပ်ကွက်လုံး တစ်လမ်းလုံးကို မြေလှန်ပြီးတော့ သေနတ်နဲ့ ပစ်ပါမယ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် တစ်လမ်းလုံးပစ်ပါမယ်” ဟု အော်ဟစ်နေသည့် ရုပ်သံဗီဒီယိုများလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က အထက်ပါအတိုင်း လာရောက်အော်ဟစ် ခြိမ်းခြောက်သွားသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myamar Now ကို ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း နွယ်နီလမ်းတွင်လည်း အထက်ပါအတိုင်း အော်ဟစ်သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“မဖယ်ပေးဘူးဗျ။ ဒီအတိုင်းပဲထားထားတုန်းပဲ။ ကိုယ့်ရပ်ကွက်ကိုယ်ပိတ်တာပဲ သူတို့တွေသာ လိုက်ပစ် ခတ် မနေဘူးဆိုရင် ဖွင့်ထားမှာပေါ့။ ပိတ်စရာမလိုဘူးလေ။ အခုက ပစ်ခတ်နေတော့ ပိတ်ထားတာက ပြည်သူတွေအတွက် ပိုပြီးသင့်တော်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များက လှိုင်သာယာရှိ အဓိကလမ်းမမျ ားတွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားပေးရန် ယနေ့နံနက်ပိုင်းတွင် စစ်ကားများဖြင့် လိုက်လံကြေညာခဲ့ကြောင်း လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ထိုသို့မဖယ်ရှားပေးပါက ရပ်ကွက်နေအိမ်များကို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ကို မျက်မြင်တွေ့ကြုံ ခဲ့ရသည့်  အဆိုပါအမျိုးသမီးက ပြောသည်။

စစ်တပ်၏ ထိုခြိမ်းခြောက်မှုကို စိုးရိမ်၍ လှိုင်သာယာဒေသခံများက အဓိကလမ်းမများပေါ်ရှိ အတားအ ဆီးများကို ဖယ်ရှားပေးလိုက်ပြီး စစ်ကားများ လှည့်လည်နေသည်ကို မြင်တွေ့နေရသည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ လမ်းသွားလမ်းလာများကို စစ်တပ်နှင့်ရဲက အတင်းအဓမ္မခေါ်ဆောင် ပြီး အဓိကလမ်းမများပေါ်တွင် ပိတ်ဆို့ထားသည့် သဲအိတ်စသည့် အတားအဆီးများကို ဖယ်ရှားခိုင်း ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ၎င်းတို့၏ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားထားသည်။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များတွင်လည်း အထက်ပါအတိုင်း လိုက်လံအော်ဟစ် ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

ထို့ပြင် မန္တလေးမြို့ မနော်ရမ္မံရပ်ကွက် ၄၁ လမ်းနှင့် ၄၂ လမ်းကြား လမ်း ၆၀ တွင်လည်း ယနေ့ညနေပိုင်း က အတားအဆီး ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ်သတိပေးခြင်းဖြစ်ကြောင်း လိုက်လံအော်ဟစ်ခဲ့ သည်ဟု သိရသည်။ 

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ဆိုသော်လည်း ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြေ...

Published on Mar 17, 2021

အာဏာသိမ်း စစ်ကောင်စီက တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို ပြန်လွှတ်လိုက်ကြောင်း ပြည်နယ်နှင့် မြို့နယ်အဆင့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းအားလုံးရှိ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဖွဲ့ခွဲဝင်များကို ပြန်လွှတ်ပေးမည့်သတင်းကို ယမန်နေ့ (မတ် ၁၆) ညပိုင်းက ကြားသိရပြီးနောက် ယနေ့ (မတ် ၁၇) နံနက် ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

“ဟုတ်ကဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ (လက်မှတ်ထိုးခိုင်းတာ စစ်ဆေးမေးမြန်းတာ) မရှိပါဘူး။ ကျွန်တော်တို့ကို ခေါ်ထားတဲ့သဘောပါ။ ခေါ်ပြီးတော့ အနားယူခိုင်းတဲ့သဘောပါ” ဟု ရန်ကုန်တိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က Myanmar Now ကိုပြောသည်။

ပြန်လွှတ်ပေးရသည့် အကြောင်းရင်းနှင့် ပြည်ထောင်စုအဆင့် UEC အဖွဲ့ဝင်များ ပြန်လွှတ်၊ မလွှတ်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းတာတော့ မဟုတ်ပါဘူး ခဏခေါ်လိုက်ပြီးတော့ စာရင်းဝိုင်းဝန်ကူပေးဖို့ ပြောတာပါ။ သူတို့ကြည့်တဲ့ စာရင်းဇယားတွေကို ကျွန်တော်က နေရာပြပေးတာပေါ့နော်။ သူတို့ကြည့်ချင်တဲ့အပိုင်းကို ဘယ်မှာရှိတယ် ဘယ်နေရာရှိတယ် ပြပေးတာပေါ့” ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက အဖမ်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် UCE ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောသည်။

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်များ ရှိခဲ့သည်ဟု ပြည်နယ်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ပြောကြားသည်။

သို့သော် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးကမူ ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြောင်း ငြင်းဆိုသည်။ 

ပြည်နယ်နှင့်တိုင်းအဆင့် UEC အဖွဲ့ဝင်များကို တိုင်းစစ်ဌာနချုပ်များတွင် ဖမ်းဆီးထားပြီး ခရိုင်၊ မြို့နယ်အ ဆင့်အဖွဲ့ဝင်များကို သက်ဆိုင်ရာ တပ်ရင်းများ၏ ဧည့်ရိပ်သာများတွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့် အဖွဲ့ခွဲဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအစိုးရ အဖွဲ့ဝင်များကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီး ပြီးနောက် တစ်ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွင် စစ်ကောင်စီ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၅၃ ခုနှင့် တွေ့ဆုံကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေငြာခဲ့သည်။ 

တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၈ ခု ရှိသည့်အနက် တွေ့ဆုံပွဲမတက်သည့် ၃၈ ပါတီတွင် NLD အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် ပြည်သူ့ပါတီ (PP) တို့ ပါဝင်ခဲ့သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading