နိုင်ငံရေးအိမ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှု

စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဘိုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သို့ အသွင်ရှိသော အမျိုးသမီးတစ်ဦးအား ပွဲလာရောက်သူများက ငွေများလှူဒါန်းနေစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now)
စက်တင်ဘာ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဘိုးမင်းခေါင်ပွဲတွင် သီလရှင်ကဲ့သို့ အသွင်ရှိသော အမျိုးသမီးတစ်ဦးအား ပွဲလာရောက်သူများက ငွေများလှူဒါန်းနေစဉ်။ (ဓာတ်ပုံ - သက်ထူး / Myanmar Now)

သင်္ကန်းကျွန်း၊ ရန်ကုန် –စက်တင်ဘာ ၉ ရက် … မိုးများက တဖွဲဖွဲ ရွာကျနေသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ ခြံတစ်ခြံအတွင်းရှိ ခေတ်ပေါ်ပုံစံ နှစ်ထပ်အိမ်တစ်လုံးဆီသို့ အမျိုးသမီးများနှင့် ကလေးအများစု ပါသည့် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် မိုးကိုဂရုမထားဘဲ သူ့ထက်ငါ အရင်ဦးအောင် သွားနေကြသည်။

သူ့ရှေ့မတိုင်ခင်တစ်ရက်ကဆိုလျှင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီဖြစ်သည်။ သို့သော် ချွေးများ မိုးရေများ စိုနေသည့် ယင်းလူစုသည် နိုင်ငံရေးကို စိတ်ဝင်စားပုံမရ။ ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရထက် တန်ခိုးရှင်တစ်ဦးထံမှ စောင့်ရှောက် မစမှုကိုသာ အားကိုးနေပုံရသည်။
 
အိမ်ထဲမှ ဘုရားခန်းစင်အမြင့်တစ်ခုပေါ်တွင် ပကတိလူတစ်ယောက် အရွယ်အစားခန့်ရှိပြီး ခြေချိတ်ထိုင်နေပုံ ထုလုပ်ထားသည့် မြန်မာအမျိုးသားကြီးတစ်ဦး၏ ဖယောင်းရုပ်တုကြီးတစ်ခုကို တွေ့နေရသည်။ ယင်းရုပ်တုကြီး၏ရှေ့မှာတော့ စောစောက လူအုပ်သည် မိမိအလှည့် ပူဇော်ကန်တော့ခွင့်ရအောင် စောင့်နေကြသည်။
 
အိမ်အပေါ်ထပ် လသာဆောင်တွင် အလံများ၊ ရောင်စုံပူဖောင်းများ ချိတ်ထားသည့် ယာယီစင်မြင့်တစ်ခု ဆောက်ထားပြီး အပြာရောင် ဘလောက်အင်္ကျီနှင့် ရွှေခြည်ငွေခြည် ထိုးထားသည့် ထဘီတို့ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဆိုင်းဝိုင်းမှ ထွက်ပေါ်လာသည့် တီးလုံးနှင့်အညီ ကခုန်နေသည်။
 
“ရတနာမိုးရွာစေ.. ငွေမိုးရွာစေ။ …..တိုင်းပြည်အတွက် အောင်အတိတ် အောင်နိမိတ်ဆောင်ပါစေ” ဟူသော သူ၏သီချင်းသံသည် အသံချဲ.စက်များမှတစ်ဆင့် သင်္ကန်းကျွန်းမြို.နယ် ဝေဇယန္ဒာလမ်းမကြီးပေါ်တွင် ပျံ.လွင့်နေသည်။
 
ယခုပွဲသည် အဆင့်မြင့်သော နာမ်လောကသို့ လက်ရှိဘဝခန္ဓာကိုယ် မသေဆုံးဘဲ ကူးပြောင်းသွားသည်ဟု လူသိများသော အဘဘိုးမင်းခေါင်ဆိုသူ၏ ၆၃ နှစ်မြောက် “အရှင် ထွက်ပွဲ” အထိမ်းအမှတ် ကျင်းပနေခြင်းဖြစ်သည်။ ဘိုးမင်းခေါင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပါးတောင်တွင် ထွက်ရပ်ပေါက် ကျင့်စဉ်ကို အောင်မြင်သွားသည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။ ဘိုးမင်းခေါင်သည် ပုံစံအမျိုးမျိုးဖြင့် ပေါ်လာတတ်ပြီး ၎င်းအားကိုးကွယ်သူများ အခက်အခဲ အကျပ်အတည်းများ ကြုံလာပါက ကူညီတတ်ကြောင်း ယုံကြည်ကိုးကွယ်သူများက ဆိုသည်။
 
“ကျွန်မအလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ကျွန်မကို အဘက နည်းအမျိုးမျိုးနဲ့ ကူညီပါတယ်” ဟု ပရိတ်သတ်ထဲရောက်နေသည့် အသက် ၂၆ နှစ်အရွယ် မပိုးပိုးက ပြောသည်။
 
“အဘ တကယ်ရှိတယ်ဆိုတာ ကျွန်မကို တစ်ကြိမ် ထင်ထင်ရှားရှား ပြဖူးပါတယ်။ အရမ်းထူးခြားပါတယ်” ဟု ၎င်းက စိတ်လှုပ်ရှားပြီး ကျနေသည့် မျက်ရည်များဖြင့် ပြောသည်။
 
မပိုးပိုးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခုအဘထွက်ပွဲအတွက် တကူးတက ပြန်လာခြင်းဖြစ်သည်။ မပိုးပိုးအတွက်ကတော့ နိုင်ငံရေးအခြေအနေထက် တန်ခိုးရှင်များကသာ သူ့အနာဂတ်အတွက် ပိုမိုအကျိုးရှိပုံရသည်။
 
“အဘ (ဘိုးမင်းခေါင်) လမ်းညွှန်ချက်အတိုင်း ကျွန်မ ဥပုသ်စောင့်တယ်၊ ပုတီးစိပ်တယ်။ အကျိုးပေးပါတယ်” ဟု မပိုးပိုးက ပြောသည်။ “ကျွန်မ နိုင်ငံရေးဆိုတာတော့ နားမလည်ဘူး။”
 
နတ်နှင့် ထွက်ရပ်ပေါက်ဘိုးတော်များ ကိုးကွယ်မှုအလေ့အထသည် ဗုဒ္ဓဘာသာအများစု ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသမိုင်းနှင့်အပြိုင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက စပြီး နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး အရပ်သားတစ်ပိုင်းအစိုးရကလည်း ရာစုနှစ် ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးစနစ်မှ ခွဲထွက်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လျက်ရှိသည်။ သို့သော်နတ်ကိုးကွယ်မႈသည် ဆက်လက် ခိုင်မြဲလျက်ပင်ရှိသည်။
 
အဓိကနိုင်ငံရေးပါတီအားလုံး ပထမဆုံးအကြိမ် ဝင်ပြိုင်ကြမည့့် နိုဝင်ဘာ ၈ ရက် လွှတ်တော်ရွေးကောက်ပွဲများသည် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွင် အရေးကြီးသည့် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်သည်။ သို့သော် ဆန္ဒမဲပေးရမည့်သူအချို့ ကတော့ သူတို့၏အနာဂတ်အတွက် နိုင်ငံရေးထက် တန်ခိုးဖြင့် ကူညီစောင်မမည့် သူများကို မျှော်လင့်ထားကြသည်။
 
နတ်၊ ဘိုးတော် အားကိုးမႈ
 
 ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ၏ အိမ်တွင် ရိုးရာနတ်စင်ကိုလည်း အိမ်တိုင်းနီးပါးတွင် တွေ့ရတတ်ပြီး နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာများသည် ရောထွေးလျက်ရှိသည်။ နတ်ကိုးကွယ်သူတို့သည် နတ်များကို ပုံမှန် ပူဇော်ပသကြသည်။ လုံလောက်သည့်ငွေကြေး မရှိပါကလည်း ရှာဖွေချေးငှားပြီး ပူဇော်ပသကြသည်။
 
ယခုပွဲတွင် ယောဂီရောင် အဝတ်များနှင့် အရောင်တူခေါင်းပေါင်းကို ပေါင်းထားသည့် သက်လတ်ပိုင်းအရွယ် သီလရှင်ကဲ့သို့ အသွင်ရှိသူ အမျိုးသမီးတစ်ဦးကို လူအများက မြန်မာကျပ်ငွေများအထပ်လိုက်နှင့် အမေရိကန်ဒေါ်လာတန်များ ပေးလှူနေသည်။ အဆိုပါအမျိုးသမီးသည် စိပ်ပုတီးတစ်ကုံးကို ဘယ်ဖက်လက်တွင် ပတ်ထားပြီး မျက်လုံးများကလည်း နတ်ဝင်ပူးနေသလို မျက်နှာကျက်ကို လျှောက်ကြည့်ပြီး သူ့ရှေ့သို့ ရောက်လာသူများ၏ ဦးခေါင်းကို ပွတ်သပ်ဆုတောင်းပေးနေသည်။
 
ပရိတ်သတ်ထဲတွင် အိမ်ခြံမြေပွဲစားတစ်ဦးဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဒေါ်နှင်းခိုင်လည်းပါသည်။ “ကျွန်မကို ငွေကြေးပြေလည်အောင် ကူညီမစဖို့နဲ့ ကျန်တဲ့သူတွေလည်း အားလုံးအဆင်ပြေအောင် စောင့်ရှောက်ဖို့ အဘဆီမှာ ဆုတောင်းခဲ့ပါတယ်” လို့ သူက ဆိုသည်။
 
သူ့အနေဖြင့် အလုပ်ကိစ္စ စကားပြောဆိုခါနီးတွင် နတ်များ၊ “ပုဂ္ဂိုလ်”များကို တိုင်တည်ပြီးမှ ပြောဆို လုပ်ကိုင်လေ့ရှိကြောင်း ပြောသည်။ “တကယ်ကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ။ အကျိုးပေးပါတယ်” ဟု ဒေါ်နှင်းခိုင်က ပြောသည်။
 
အဆိုပါ အဘဘိုးမင်းခေါင်ထွက်ပွဲကို မြန်မာနိုင်ငံမှ ထင်ရှားသည့် အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ရွှေသံလွင် မာတီမီဒီယာကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ကမကထပြုခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် မကြာသေးမီက ရှင်အပါး ၇၀၀၀ ရှင်သာမဏေဝတ်ပွဲကို မြန်မာနိုင်ငံအလယ်ပိုင်းမြို့တစ်မြို့၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲကို နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း တက်ခဲ့သည်။
 
အခုထွက်ပွဲကို အနောက်တိုင်းပြက္ခဒိန်၏ ၉ လပိုင်းဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၉ ဂဏန်းသည် ကံကောင်းစေသော ကိန်းဂဏန်းတစ်ခုအဖြစ် အစွဲထားသည့် မြန်မာနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အထင်ကရ ပွဲတစ်ပွဲလည်း ဖြစ်သည်။
 
ထိုနေ့နံနက် ၉ နာရီက နေပြည်တော်၌ အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၉ ဦးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအဆင့်ကို ဆွေးနွေးကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲနှစ်ခု ၉ ဂဏန်းကျသည့် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျင်းပခြင်းမှာလည်း ထူးခြားသည်။
 
“၉ ဂဏန်းဟာ တန်ခိုးရှိပြီး ကံကောင်းတဲ့ နံပါတ်ပါ။ မသေဂဏန်းလို့ လည်း ခေါ်ပါတယ်” ဟု ရန်ကုန်မြို့လယ်တွင် ဗေဒင်ဟောလုပ်ငန်း လုပ်ကိုင်သည့် ဗေဒင်ဆရာ ဦးမင်းသူက ပြောသည်။
 
 နိုင်ငံရေးအပေါ် စိတ်အားသိပ်မထက်သန်
 
 

 
 စက်တင်ဘာ ၈ ရက်မှ စတင်ပြီး နိုင်ငံရေးပါတီ ၉၀ အား မဲဆွယ်စည်းရုံးခွင့် တရားဝင် စတင်ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မဲဆွယ် စည်းရုံးခဲ့သည့် နေရာများမှလွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများ၏ မဲဆွယ်စည်းရုံးရေးများအပေါ် လူထု၏စိတ်ဝင်စားမှု နည်းပါးနေသည်။
 
Asia Barometer Survey က မကြာသေးမီက မြန်မာပြည်သူ ၁၆၀၀ ကို မေးမြန်း ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ၅၃ ရာခိုင်နှုန်းကျော်က စီးပွားရေးဖွံ့ဖြိုးမှုသည် ဒီမိုကရေစီထက် ပိုအရေးကြီးသည်ဟု ဖြေကြားခဲ့သည်။
 
ယခုနတ်ပွဲသည်လည်း သိသာထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။ နေမဝင်ခင်ကပင် အဆိုပါလူအုပ်သည် တစ်ဖြည်းဖြည်း များလာပြီး အိမ်တွင်းရော ခြံဝင်းအတွင်းမှာပင် ပြည့်ကျပ်သွားပြီး အမျိုးသမီးအချို့ လဲကျသည်အထိ ဖြစ်သွားခဲ့သည်။ ရောက်လာသူများကို ကမကထပြုသည့် အလှူရှင်က စောင်နှင့်ထမင်းအိုးအပါအဝင် ပစ္စည်း “၉” မျိုး လက်ဆောင်ပေးခြင်းကလည်း ယခုလို လူအများအပြားလာရသည့် အကြောင်းတစ်ခု ဖြစ်နေနိုင်သည်။
 
လူအုပ်ထဲတွင် တန်းစီနေသည့် အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းက နတ်များကို ကိုးကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ဘိုးမင်းခေါင်အပါအဝင် အခြားနတ်များ သူ့ဆီကို အိပ်မက်ထဲတွင် လာပြီး ထီဂဏန်း၊ ချဲဂဏန်းများ ပေးကြောင်း ပြောသည်။
 
“ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ချဲတွေ၊ ထီတွေ မကြာခဏ ပေါက်တယ်။ သာသနာပြုခွင့်ရဖို့ အခုလာပြီး ဆုတောင်းတာပါ” ဟု သူက ပြောသည်။ ဘုရားများ၊ ဘုန်းကြီးကျောင်းများတွင် ပိုပြီး လှူဒါန်းနိုင်ရန် ငွေတွေ ထပ်ဝင်ချင်ပါသေးသည်ဟု သူက ဆက်၍ပြောသည်။
 
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရန်နှင့် ၎င်းမဲပေးမည့်ပါတီ အနိုင်ရဖို့ ဆုတောင်းမှာလားဟု မေးသည့်အချိန်တွင်မူ ဒေါ်မြင့်မြင့်စန်းက မနှစ်မြို.သော အမူအရာဖြင့် “ဒီမိုကရေစီဆိုတာက မနေတစ်နေ့ကမှ ပေါ်လာတာလေ” ဟု ပြောလိုက်သည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading