တိုက်ရိုက်တင်ဆက်မှု - မတ် ၄

စစ်တပ်က အာဏာသိမ်းပြီး တစ်လကျော်လာချိန်တွင် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ကျည်အစစ်များ အသုံးပြုကာ ပစ်ခတ်ခြင်း၊ ညအချိန်မတော်၌ပင် အကြမ်းဖက်ဖမ်းဆီးခြင်းများဖြင့် ပို၍ ဖိနှိပ် နေသော်လည်း စစ်အာဏာရှင်စနစစ်ကို မလိုလားသော ပြည်သူလူထုသည် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။ 

ကုလသမဂ္ဂတာဝန်ရှိသူက ထုတ်ဖော် ပြောကြားချက်အရ  ယမန်နေ့ (မတ်လ ၃) တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်အသုံးပြု အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍အရှိန်မြင့်လာဖွယ်ရှိနေသည်။

 

Published on Mar 4, 2021
အသက် ၁၉နှစ်အရွယ် ကိုထက်အောင်သည် မြောက်ဥက္ကလာပမြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် မတ် ၃ ရက်နေ့က သေဆုံးသွားခဲ့သည် 
အသက် ၁၉နှစ်အရွယ် ကိုထက်အောင်သည် မြောက်ဥက္ကလာပမြို့နယ်တွင် စစ်တပ်၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် မတ် ၃ ရက်နေ့က သေဆုံးသွားခဲ့သည် 

၁၅ : ၃၀ အင်းစိန် ပေါက်တောဝ လူစုခွဲ

ရန်ကုန်မြို့ အင်းစိန်ပေါက်တောဝ သပိတ်ကို ဖြိုခွင်းမှုများမရှိသော်လည်း စစ်သားနှင့်ရဲများက လာရောက်စောင့်ကြည့်နေခဲ့သည်။  ယနေ့ ညနေ သုံးနာရီခွဲခန့်တွင် ထောင်ချီသော ဆန္ဒပြသူများ က လူစုခွဲလိုက်ကြသည်။

၁၅ : ၀၀ ဆားလင်းကြီး

ယမန်နေ့ မတ် ၃ ရက်က မန္တလေးတွင် စစ်အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးသွားသူ နှစ်ဦး အနက် တစ်ဦးမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ဆုံတားကျေးရွာမှ မောင်မျိုးနိုင်လင်း(ခ) ဖိုးလင်း ဖြစ်ပြီး ၄င်း၏ဈာပနအခမ်းအနားကို ယနေ့ မတ် ၄ နေ့လယ်ပိုင်းတွင် ဇာတိကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။

၁၄ : ၄၀ ကန်သာယာသပိတ် 

မြောက်ဥက္ကလာ ကန်သာယာသပိတ် ယခုအချိန်တွင် ဆန္ဒပြနေသူများသည် တစ်ဖြည်းဖြည်း လူစုခွဲနေပြီ ဖြစ်သည်။ 

၁၄ : ၃၀ သင်္ဃန်းကျွန်း အခြေအနေ

ယနေ့ မတ် ၄ တွင် မွန်းတည့် တစ်နာရီခွဲခန့်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်း၊ လေးထောင့်ကန်လမ်းပေါ်မှ ဘဝမြင့်ထိုင်သပိတ်ကို ရဲ၊ စစ်တပ်အင်အားဖြင့် အတားအဆီးများဖယ်ကာ လူစုခွဲခဲ့သော်လည်း ဘုရားလမ်းရှိ ထိုင်သပိတ်မှာ ဆက်လက်အင်အားကောင်းနေဆဲ ဖြစ်သည်။

သင်္ဃန်းကျွန်း ဘဝမြင့် အခြေအနေ

အတားအဆီးခံတပ်များဖြင့် သပိတ်ကြောင်းကို ကာကွယ်နိုင်ရန် ပြင်ဆင်မှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။ ###

သင်္ဃန်းကျွန်းမြို့နယ် မတ် ၄

၁၄ : ၀၀ မန္တလေး 

မန္တလေးမြို့တွင် သံဃာသမဂ္ဂစစ်ကြောင်းသည် ၃၅ လမ်းအတိုင်း ယခု မွန်းတည့်အချိန်၌ ဆက်လက်ချီတက် ဆန္ဒပြနေကြသည်။ 

မန္တလေး မတ် ၄

၁၃ :၂၁ ဗဟိုလမ်းသပိတ် ဖြိုခွင်းပြီး ရဲနှင့်စစ်သား ၁၀၀ ကျော် 

ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်ဖြိုခွင်းခံရပြီး ရဲနှင့် စစ်သား ၁၀၀ ကျော်က ဆန္ဒပြသူများကို လိုက်လံရှာဖွေဖမ်းဆီးရန် ကြိုးစားနေသည်။ အနီးရှိ ကျွန်းတောလမ်းသပိတ်ကိုပါ ဖြိုခွင်းရန်လည်း ကြိုးပမ်းနေကြသည်။

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၃ :၂၀ အနော်ရထာလမ်း

ရန်ကုန်မြို့၊ အ‌နော်ရထာလမ်းပေါ်က သပိတ်စစ်ကြောင်းကို အသံဗုံးအပါအဝင် သေနတ် ၁၆ ချက် ခန့်ပစ်ပြီး လူစုခွဲထားသည်။

၁၃ :၂၀ အင်းစိန်ပေါက်တောဝ တပ်မ ၇၇ ရောက်ရှိ

အင်းစိန်ပေါက်တောဝ အခြေအနေ တင်းမာလာနေပြီး တပ်မ ၇၇ ရောက်ရှိလာကာ ဆန္ဒပြပြည်သူ သောင်းချီက  နောက်ဆုတ်လိုက်သော်လည်းလူစုမခွဲဘဲ ဆက်လက်ဆန္ဒပြနေသည်။

၁၃ : ၁၀ မြောက်ဥက္ကလာ ကန်သာယာ

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံသပိတ်စခန်း အဝင် သုဓမ္မာလမ်းထိပ်တွင် ရဲနှင့်စစ်သားများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဆန္ဒပြပြည်သူများက PVC လေးပေ ပိုက်လုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။  

မြောက်ဥက္ကလာ ကန်သာယာ မတ်-၄

၁၃ : ၀၀ ဗားကရာသပိတ် ဖြိုခွင်းခံနေရ 

စမ်းချောင်း မြို့နယ်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်ရှိ ဗားကရာ သပိတ်ခံတပ်ကို ရဲနှင့်စစ်တပ်က စတင်ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ 

၁၂ : ၁၀ တောင်ငူအခြေအနေ

စစ်တပ်များရှိသော ပဲခူးတိုင်း တောင်ငူမြို့တွင် ရဲများ၊ စစ်သားများ စောင့်ကြည့်လျှက်ရှိသော်လည်း မြို့ခံများက ယနေ့ ဆက်လက်ဆန္ဒပြနေကြပြီး ပိတ်ဆို့မှု၊ ဖြိုခွင်းမှု မရှိခဲ့ပေ။ ###

တောင်ငူ ဆန္ဒပြမှု မတ် ၄

၁၂ : ၀၀ ရန်ကုန် ဗိုလ်ချုပ်လမ်း

ယမန်နေ့က ရဲနှင့်စစ်သားများ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြသူ အများအပြား သေဆုံးမှုများရှိခဲ့သော်လည်း လူငယ်များဦးဆောင်သော ဆန္ဒပြသူ ၆၀၀ ခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင်  ရဲရဲရင့်ရင့် ဆန္ဒပြလျက်ရှိသည်။

"ဒီမိုကရေစီ ရရှိရေး ဒို့အရေး" "အရေးတော်ပုံ အောင်ရမည်" "၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့" စသဖြင့် သံပြိုင်ဟစ်ပြီး ကြွေးကြော်လျက်ရှိသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ အလွယ်တကူ မလာရောက်နိုင်ရန်လည်း ခံတပ် အမျိုးမျိုး ကာရံထားသည်။

 ဗိုလ်ချုပ်လမ်းမပေါ် မတ်-၄

၁၁ : ၃၅ မြောက်ဥက္ကလာတွင် သေဆုံးသူများအတွက် ဂုဏ်ပြုဆုတောင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ (မတ် ၃) က စစ်ကောင်စီလက်နက်ကိုင်များ ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသူများအတွက် ကျောက်ရေတွင်းတံတား အဆင်း၌ ယာယီအထိမ်းအမှတ်နေရာ ပြုလုပ်ကာ ပြည်သူများက ယနေ့ မတ် ၄ တွင် ဂုဏ်ပြုဆုတောင်းခဲ့ကြသည်။

မြောက်ဥက္ကလာတွင် ကျဆုံးခဲ့သူများအတွက် အထိမ်းအမှတ်ဂုဏ်ပြု

၁၁ : ၃၂ မုံရွာ ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်

မုံရွာမြို့တွင် ယမန်နေ့ မတ် ၃ က  ရဲနှင့်စစ်သားများ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူ ၉ ဦး အတွက်  ဂုဏ်ပြုဦးညွတ်ခြင်းနှင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ယနေ့ မတ် ၄ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြသည်။ ###

၁၁: ၃၀  ကျဆုံးသူများအတွက် ဗဟိုလမ်းတွင် တစ်မိနစ်ငြိမ်သက်

တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုသည့်အနေဖြင့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းသပိတ်ရှိ ဆန္ဒပြသူများက ၁ မိနစ် ငြိမ်သက်ခဲ့ကြသည်။ 

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၁ : ၂၅ ပေါက်တောဝတွင် ဆန္ဒပြသူတိုးလာ

ရန်ကုန်မြို့၊ အင်းစိန်ပေါက်တောဝသပိတ်၌ လက်ရှိအချိန်တွင် ခံတပ်စည်း လေးခုမှ ဆန္ဒပြနေသူ ဦးရေ ထောင်ချီ ထပ်တိုးလာကြောင်း တွေ့ရသည်။

အင်းစိန် ပေါက်တောဝ မတ် ၄

၁၁ : ၁၅ ဗဟိုလမ်း သပိတ်

စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ပဒုမ္မာလမ်းသပိတ်ဖြိုခွဲခံရသော်လည်း ဗဟိုလမ်း သပိတ်မှာ ယခုအချိန်ထိ ဆက်လက်အားကောင်းဆဲဖြစ်သည်။

စမ်းချောင်း ဗဟိုလမ်း မတ် ၄

၁၁ : ၀၆ အင်းစိန်ပေါက်တောဝ စစ်အာဏာရှင်ဆန့်ကျင်ရေး

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၀ နာရီခန့်မှစတင်ကာ အင်းစိန် ပေါက်တောဝရှိ ရပ်ကွက်အသီးသီးရှိလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်။

ယမန်နေ့ ညနေပိုင်းက စစ်သားများမှ အင်းစိန်ဈေးရှိ  မီးရထားဝန်ထမ်းသပိတ်စခန်းနှင့်  ပြည်သူ့အထိုင်သပိတ်စခန်း ၂ ခုကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူများကို ရပ်ကွက်အတွင်းထိ လိုက်လံဖမ်းဆီးခဲ့သည်။

ထို့ကြောင့် ပေါက်တောဝရှိ လူငယ်များက လက်နက်ကိုင် စစ်လုံထိန်းများ အလွယ်တကူ မဝင်ရောက်လာနိုင်ရေးအတွက် ဘုရင့်နောင်လမ်းမကြီးကို ကွန်တိန်နာကား နှစ်စီးဖြင့် ကန်လန့်ဖြတ် ပိတ်ထားလိုက်သည်။ ##

၁၁ : ၀၀ မုံရွာ အခြေအနေ

ယမန်နေ့က ရဲနှင့်စစ်သားများ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သော မုံရွာမြို့ တွင် လူစုလူဝေးဖြင့် ဆန္ဒပြနေသည်ကို ယနေ့ နံနက် မတွေ့ရှိရသော်လည်း လမ်းများ၊ ရပ်ကွက်များ အလိုက် ဆန္ဒပြနေသည်ဟု ဒေသခံများထံမှ သိရသည်။ ##

၁၀း၅၅ တောင်ဥက္ကလာမြို့နယ်

တောင်ဥက္ကလာမြို့နယ် မေတ္တာလမ်းပေါ်က သပိတ်စစ်ကြောင်းအခြေအနေပဲဖြစ်ပါတယ် ရဲအင်အားအများအပြား ကြားကနေပဲ ပြည်သူတွေဟာ စစ်ကောင်စီကိုဆန့်ကျင်နေကြပါတယ်

၁၀ ၄၀ မြင်းခြံ ပိတ်ဆို့မှုမရှိ

ယမန်နေ့က ပစ်ခတ်မှုဖြစ်ပြီး လူ တစ်ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရခဲ့သော်လည်း မြင်းခြံမြို့သည် ယနေ့ လူအင်အား သိန်းဂဏန်းခန့်ဖြင့် ဆန္ဒပြခဲ့ကြပြီး ၁၀ နာရီခွဲခန့်တွင် သပိတ်ကို လူစုခွဲလိုက်သည်။ လတ်တလောတွင် ရဲများ၊ စစ်သားများကို မတွေ့ရဘဲ ပစ်ခတ်ပိတ်ဆို့မှုများလည်း မရှိသေးပေ။

မြင်းခြံ မတ် ၄

၁၀ : ၃၈ ဗားကရာသပိတ်ကို ရဲနဲ့ စစ်တပ်က စတင်အကြမ်းဖက်

စမ်းချောင်း ဗားကရာနဲ့ကျွန်းတောလမ်းထောင့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗားကရာ သပိတ် ခံတပ်ကို ရဲနဲ့ စစ်တပ်က စတင်ပစ်ဖတ်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

၁၀ : ၀၈ မန္တလေးတွင် ကျဆုံးသွားသည့် မကြယ်စင်၏ ဈာပန

မန္တလေးမြို့ ၈၄ လမ်း ၃၀ - ၃၁ လမ်းကြားတွင် မတ်လ ၃ ရက်နေ့ ကအာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြရင်း ဦးခေါင်းကို သေနတ်ထိမှန် ကျဆုံးသွားခဲ့သည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ ဈာပန အခမ်းအနား

၀၉ : ၃၀ ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်း

မန္တလေး ကမ်းနားလမ်းတွင် ကျောင်းသားပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန့်ကျင်လှုပ်ရှားလျက်ရှိသည်။

မန္တလေး ကမ်းနားလမ်း ၂၆-ကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်

၀၉ : ၀၀ မန္တလေးပြည်သူများကို လေတပ်အင်အားပြ၍ စစ်တပ်ခြိမ်းခြောက်

ယမန်နေ့က ကျည်အစစ်ဖြင့် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် မန္တလေးမြို့ပေါ်ကို တိုက်လေယာဉ် ငါးစီး အကြိမ်ကြိမ်ပျံသန်း၍ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က ယနေ့တွင် ခြိမ်းခြောက်လျက်ရှိသည်။

ယနေ့နံနက် ၈ နာရီ ၄၀ ဝန်းကျင်က မန္တလေးမြို့ ကောင်းကင်ယံတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တိုက်လေယာဉ်ဖြင့် ၄ ကြိမ်ပျံသန်းခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading