ယနေ့သေဆုံးသူအများစုမှာ ဦးခေါင်းကိုပစ်ခံရသူ အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်

ယနေ့ (မတ် ၃) တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ စလင်း၊ မုံရွာ နှင့် ​မော်လမြိုင် မြို့တို့တွင် သေဆုံးသူ ၂၃ ဦး အနည်းဆုံးရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိကာ ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်တွင် ညနေပိုင်းထပ်မံဖြိုခွင်း ပစ်ခတ်မှုများကြောင့် သေဆုံးသူတိုးလာနိုင်ခြေရှိကြောင်း အတည် မပြုနိုင်သေးသော သတင်းများလည်း ထွက်ပေါ်နေသည် 

Published on Mar 3, 2021
မန္တလေးတွင် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ပြီးနောက် နေရာမှာပင် သေဆုံးခဲ့ရသူ အသက် ၁၉ နှစ်အရွယ် မကြယ်စင်။
မန္တလေးတွင် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ပြီးနောက် နေရာမှာပင် သေဆုံးခဲ့ရသူ အသက် ၁၉ နှစ်အရွယ် မကြယ်စင်။

စစ်တပ်က အာဏာသိမ်းပြီး တစ်လကျော်အချိန်ထိ အရှိန်လျော့ကျခြင်း မရှိသေးသော ပြည်သူလူထု ၏ ငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်မှုများကို စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဆက်လက် အကြမ်းဖက်ဖြိုခွင်းရာတွင် ယနေ့ (မတ် ၃) တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အနည်းဆုံး ၂၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ မြင်းခြံနှင့် မုံရွာမြို့တွင် စစ်နှင့်ရဲတပ်ဖွဲ့ လက်နက်ကိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှု အတွင်း သေဆုံးခဲ့သူအများစုမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိနေသည်။ 

မန္တလေးဖြိုခွင်းခံရမှု 

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြား ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ 

ဦးခေါင်းထိမှန်ခဲ့သူ လမ်း ၈၀ မှ အသက် ၁၉ နှစ်အရွယ် မကြယ်စင်၊ ရင်ဘတ် ထိမှန်ခဲ့သူ  ၃၇ နှစ်အရွယ် ကိုမျိုးနိုင်လင်း(ခ)ဖိုးလင်းတို့ ပွဲချင်းပြီး  သေဆုံးခဲ့သည်ဟု ဗြမ္မစိုရ်လူမှုကူညီရေးအသင်း ထံမှ  သိရသည်။

 

ထို့ပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း  ဆန္ဒပြနေသူ အခြားသူ ၈ ဦး ဒဏ်ရာ ပြင်းထန်ပြီး ဒဏ်ရာရာရရှိသူများ ထပ်မံရောက်ရှိနေဆဲဖြစ်သည်ကြောင်း ဗြမ္မစိုရ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသပိတ်စစ်ကြောင်းနှင့် မလှမ်းမကမ်းရှိ ဈေးချိုအနီး ၂၈ ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံး ထပ်တွင်လည်း စနိုက်ပါသေနတ်သမားအချို့ ကြိုတင်နေရာယူခဲ့သည်ဟု မျက်မြင်သက်သေအချို့က ပြောသည်။

မြင်းခြံဖြိုခွင်းခံရမှု 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများ က အင်အားသုံးဖြိုခွင်း ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

 စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော သိန်းနှင့်ချီသည့် လူထုကို ယနေ့ (မတ် ၃) နံနက် ၁၀ နာရီခွဲခန့်တွင် ရဲနှင့် စစ်သား ၁၅၀ ခန့်က သေနတ်များ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ရုတ်တရက်ကြီး စစ်ဆင်ရေး တစ်ခုလို ဝင်ပြီးတော့ လုပ်လိုက်တာဗျာ။ ဘာအကြောင်းမှ မကြားဘဲနဲ့ ရုတ်တရက်ကြီး ဖြိုခွဲခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ဇင်ကိုကိုသော်ဖြစ်ပြီး သေနတ်ပစ်ခံရမှုကြောင့် ခေါင်းပွင့်ကာ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်က ပြောသည်။

"တစ်ယောက်ကတော့ ခေါင်းပွင့်သွားတာပေါ့ဗျာ။ နောက်ကနေ ပွင့်ထွက်သွားတာပေါ့။ ခေါင်းထိမှန်လို့ သေတဲ့ တစ်ယောက်အပါအဝင် အားလုံးပေါင်း ၁၆ ယောက် ကျည်ထိတယ်။ တစ်ယောက်က ခြေထောက် ကျိုးသွား တယ်။ နှစ်ယောက်က ဗိုက်ထိသွားတယ်" ဟု အဆိုပါဆရာဝန်က ပြောသည်။

ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ ဒဏ်ရာရရှိခဲ့သူများကို ပရဟိတဆေးခန်း တစ်ခုတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

သေဆုံးမှုအများဆုံး မုံရွာ 

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ပစ်ခတ်ဖြို ခွင်းခဲ့ရာ အနည်းဆုံး ၇ ဦးသေဆုံးပြီး ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သူများအနက်  အသက် ၄၅ နှစ်အရွယ် အမျိုးသား (နာမည်မသိရ)၊ ၂၆ နှစ်ရွယ် မကျော့နန္ဒာအောင်၊ ၂၃ နှစ်အရွယ် ကိုမိုးအောင်၊ ၃၇ နှစ်အရွယ် ဒေါ်မြင့်မြင့်စိန်နှင့် အသက် ၁၇ နှစ် အရွယ် မင်းခန့်ကျော်တို့၏ ရုပ်အလောင်း ရရှိခဲ့သည်ဟု သိရသည်။

“နှစ်လောင်းကိုတော့ ခွေးဆွဲသွားတယ်။ ခြောက်ထောက်တွေကနေ စစ်ကားပေါ် ဆွဲတင်သွားတာ။ စစ်ကားပေါ် ပါသွားတဲ့ နှစ်ယောက်က ဘယ်နေရာတွေ မှန်တာလဲ သေချာတော့ မသိဘူး။ ခေါင်းတစ်ဝိုက်မှာတော့ သွေးတွေရွှဲတယ်ဗျ” ဟု အကြမ်းဖက်ဖြိုခွင်းခံ ရချိန်တွင် ရှိနေခဲ့ပြီး ဒဏ်ရာရရှိသူများကို လိုက်လံ ကူညီပေးနေသူ မြို့ခံတစ်ဦးက ပြောသည်။

စစ်ကားပေါ်ပါသွားသူ နှစ်ယောက်၏ အခြေအနေကို မသိရသေးဘဲ အလောင်းရရှိထားသည့် သေဆုံးသူ ငါးဦးအနက် သုံးဦးမှာ မျက်နှာ၊ နားထင်နှင့် ရင်အုံကို ထိမှန်ခဲ့သူများဖြစ် သည်ဟု သိရသည်။  

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းများနှင့် အိမ်များတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများမှာ လူစုခွဲနေပြီဖြစ်သော်လည်း စစ်တပ်နှင့် ရဲများက ဗိုလ်ချုပ်အောင်ဆန်လမ်းတွင် သေနတ်များ ပစ်ခတ်နေဆဲဖြစ်ကြောင်း ယနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာတွင် အထက်ပါမြို့ခံက ပြောသည်။  

ရန်ကုန်၊ မြောက်ဥက္ကလာ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် လမ်းဝခုံးတံတားအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ်နှစ်ဦးသေဆုံးပြီး အခြားသူနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် သေဆုံးခဲ့သူမှာ အသက် ၁၉ နှစ်အရွယ် ကိုထက်အောင်နှင့် အသက် ၂၀ အရွယ် မင်းဦးဆိုသူတို့ဖြစ်ကြောင်း  ဒဏ်ရာရရှိခဲ့သူ များကို လက်ခံကုသပေးခဲ့ရာ ရွှေလမင်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ 

ကိုထက်အောင်မှာ ကျည်ဆန် ထိမှန်သဖြင့် ရင်ဘတ်ပွင့်ပေါက်ကာ ထိုပစ်ခတ်ခံရသည့်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆီးခုံတွင် ဒဏ်ရာရရှိခဲ့သူ မင်းဦးမှာ ယခုညနေပိုင်းတွင် ဆေးရုံ၌ ​ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဆရာဝန်တစ်ဦးက ပြောသည်။ 

"ပထမတစ်ယောက်က ညှပ်ရိုးအောက်မှန်တာ၊ ကျည်ဆန်က အရိုးထဲမှာကျန်နေတယ်။ ခဲကျည်တွေ့ရတယ်။ ရာဘာကျည် မဟုတ်ဘူး။ နောက်ထပ်တစ်ယောက်က ဆုံးသွားပြီလို့ ဆေးရုံက ကျွန်တော်တို့ကို ဆက်သွယ်လာတယ်" ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပြည်သူလူက အတားအဆီးပြုလုပ်ထားသည့် ကားတာယာများကို မီးရှို့ပြီးနောက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ညနေဘက်က မြောက်ဥက္ကလာအဝိုင်းအကျော်မှာ သေနတ်နဲ့ ပစ်တယ်။ ပြည်သူတွေက ရပ်ကွက်ထဲ ဝင်ပြေးတော့ ရပ်ကွက်ထဲထိ လိုက်ပစ်တယ်။ စက်သေနတ်နဲ့ ပစ်တယ်လို့ သိရတယ်။ အလောင်းတွေကို ကောက်ခွင့် မပေးဘူး။ လာကောက်ရင်လည်း ကောက်တဲ့သူကို ပစ်တယ်" ဟု အထက်ပါ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ယနေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၌ စစ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ထပ်မံပစ်ခတ်ဖြိုခွင်းမှုများ ကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာသည်ဟု မျက်မြင်သက်သေများကို ကိုကားလျက် BBC သတင်းဌာန က ညနေ ၇ နာရီခန့်တွင် ရေးသားဖော်ပြသည်။ 

ယနေ့တွင် အမြို့မြို့အနယ်နယ်၌ စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရရှိသူစာရင်း ထပ်မံတိုးမြင့်လာနိုင်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင်လည်း ယနေ့တွင် စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက် ၁၉ နှစ်ရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ လူမှုကွန်ရက်အရ သေဆုံးခဲ့သူမှာ မကွေးနည်း ပညာတက္ကသိုလ်တွင် ပထမနှစ်ဖြေဆိုထားသူ အောင်မြင့်မြတ်ဆိုသူဖြစ်သော်လည်း သီးခြား အတည်ပြုနို င်ခြင်း မရှိသေးပေ။ 

ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဝင်ရောက်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု မော်လမြိုင်အခြေစိုက် သံလွင်းတိုင်းမ်မီဒီယာက ရေးသားထားသည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ထက်ဝေထူးဆိုသူဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကာ ဦးနှောက်အတွင်း ကျည်ဆံဖောက်ဝင်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

ယနေ့သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပစ်ခတ်မှုများကြောင့်  သေဆုံးရသူဦးရေ ဒုတိယမြောက် အများဆုံးနေ့ဖြစ်သည်။ အာဏာသိမ်းမှု တစ်လပြည့်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အနည်းဆုံး ၄၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ရာနှင့်ချီရှိပြီဖြစ်သည်။  

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading