သတင်း

ယနေ့သေဆုံးသူအများစုမှာ ဦးခေါင်းကိုပစ်ခံရသူ အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်

စစ်တပ်က အာဏာသိမ်းပြီး တစ်လကျော်အချိန်ထိ အရှိန်လျော့ကျခြင်း မရှိသေးသော ပြည်သူလူထု၏ ငြိမ်းချမ်းစွာစုဝေးဆန္ဒထုတ်ဖော်မှုများကို စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဆက်လက် အကြမ်းဖက်ဖြိုခွင်းရာတွင် ယနေ့ (မတ် ၃) တွင် ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အနည်းဆုံး ၂၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ မြင်းခြံနှင့် မုံရွာမြို့တွင် စစ်နှင့်ရဲတပ်ဖွဲ့ လက်နက်ကိုင်များ၏ အကြမ်းဖက်ဖြိုခွင်းမှု အတွင်း သေဆုံးခဲ့သူအများစုမှာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိနေသည်။ 

မန္တလေးဖြိုခွင်းခံရမှု 

မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း ၃၀ ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြား ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ 

ဦးခေါင်းထိမှန်ခဲ့သူ လမ်း ၈၀ မှ အသက် ၁၉ နှစ်အရွယ် မကြယ်စင်၊ ရင်ဘတ် ထိမှန်ခဲ့သူ  ၃၇ နှစ်အရွယ် ကိုမျိုးနိုင်လင်း(ခ)ဖိုးလင်းတို့ ပွဲချင်းပြီး  သေဆုံးခဲ့သည်ဟု ဗြမ္မစိုရ်လူမှုကူညီရေးအသင်း ထံမှ  သိရသည်။

မန္တလေးမြို့တွင် ဆန့်ကျင်ရေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ − Myanmar Now) 

ထို့ပြင် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း  ဆန္ဒပြနေသူ အခြားသူ ၈ ဦး ဒဏ်ရာ ပြင်းထန်ပြီး ဒဏ်ရာရာရရှိသူများ ထပ်မံရောက်ရှိနေဆဲဖြစ်သည်ကြောင်း ဗြမ္မစိုရ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသပိတ်စစ်ကြောင်းနှင့် မလှမ်းမကမ်းရှိ ဈေးချိုအနီး ၂၈ ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံး ထပ်တွင်လည်း စနိုက်ပါသေနတ်သမားအချို့ ကြိုတင်နေရာယူခဲ့သည်ဟု မျက်မြင်သက်သေအချို့က ပြောသည်။

မြင်းခြံဖြိုခွင်းခံရမှု 

မြင်းခြံမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဒဏ်ရာရသူတစ်ဦးကို ဝိုင်းဝန်းသယ်ဆောင် နေကြစဉ်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများ က အင်အားသုံးဖြိုခွင်း ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။

 စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော သိန်းနှင့်ချီသည့် လူထုကို ယနေ့ (မတ် ၃) နံနက် ၁၀ နာရီခွဲခန့်တွင် ရဲနှင့် စစ်သား ၁၅၀ ခန့်က သေနတ်များ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ရုတ်တရက်ကြီး စစ်ဆင်ရေး တစ်ခုလို ဝင်ပြီးတော့ လုပ်လိုက်တာဗျာ။ ဘာအကြောင်းမှ မကြားဘဲနဲ့ ရုတ်တရက်ကြီး ဖြိုခွဲခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ဇင်ကိုကိုသော်ဖြစ်ပြီး သေနတ်ပစ်ခံရမှုကြောင့် ခေါင်းပွင့်ကာ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူများကို ကုသပေးနေသည့် ဆရာဝန်က ပြောသည်။

“တစ်ယောက်ကတော့ ခေါင်းပွင့်သွားတာပေါ့ဗျာ။ နောက်ကနေ ပွင့်ထွက်သွားတာပေါ့။ ခေါင်းထိမှန်လို့ သေတဲ့ တစ်ယောက်အပါအဝင် အားလုံးပေါင်း ၁၆ ယောက် ကျည်ထိတယ်။ တစ်ယောက်က ခြေထောက် ကျိုးသွား တယ်။ နှစ်ယောက်က ဗိုက်ထိသွားတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။

ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ ဒဏ်ရာရရှိခဲ့သူများကို ပရဟိတဆေးခန်း တစ်ခုတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

သေဆုံးမှုအများဆုံး မုံရွာ 

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်ပစ်ခတ်ဖြို ခွင်းခဲ့ရာ အနည်းဆုံး ၇ ဦးသေဆုံးပြီး ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မုံရွာတွင် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သူများအနက်  အသက် ၄၅ နှစ်အရွယ် အမျိုးသား (နာမည်မသိရ)၊ ၂၆ နှစ်ရွယ် မကျော့နန္ဒာအောင်၊ ၂၃ နှစ်အရွယ် ကိုမိုးအောင်၊ ၃၇ နှစ်အရွယ် ဒေါ်မြင့်မြင့်စိန်နှင့် အသက် ၁၇ နှစ် အရွယ် မင်းခန့်ကျော်တို့၏ ရုပ်အလောင်း ရရှိခဲ့သည်ဟု သိရသည်။

မုံရွာမြို့တွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဒဏ်ရာရသူတစ်ဦးကို သယ် ဆောင်လာစဉ်။

“နှစ်လောင်းကိုတော့ ခွေးဆွဲသွားတယ်။ ခြောက်ထောက်တွေကနေ စစ်ကားပေါ် ဆွဲတင်သွားတာ။ စစ်ကားပေါ် ပါသွားတဲ့ နှစ်ယောက်က ဘယ်နေရာတွေ မှန်တာလဲ သေချာတော့ မသိဘူး။ ခေါင်းတစ်ဝိုက်မှာတော့ သွေးတွေရွှဲတယ်ဗျ” ဟု အကြမ်းဖက်ဖြိုခွင်းခံ ရချိန်တွင် ရှိနေခဲ့ပြီး ဒဏ်ရာရရှိသူများကို လိုက်လံ ကူညီပေးနေသူ မြို့ခံတစ်ဦးက ပြောသည်။

စစ်ကားပေါ်ပါသွားသူ နှစ်ယောက်၏ အခြေအနေကို မသိရသေးဘဲ အလောင်းရရှိထားသည့် သေဆုံးသူ ငါးဦးအနက် သုံးဦးမှာ မျက်နှာ၊ နားထင်နှင့် ရင်အုံကို ထိမှန်ခဲ့သူများဖြစ် သည်ဟု သိရသည်။  

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းများနှင့် အိမ်များတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများမှာ လူစုခွဲနေပြီဖြစ်သော်လည်း စစ်တပ်နှင့် ရဲများက ဗိုလ်ချုပ်အောင်ဆန်လမ်းတွင် သေနတ်များ ပစ်ခတ်နေဆဲဖြစ်ကြောင်း ယနေ့ညနေပိုင်း ဆက်သွယ်မေးမြန်းရာတွင် အထက်ပါမြို့ခံက ပြောသည်။  

ရန်ကုန်၊ မြောက်ဥက္ကလာ

မြောက်ဥက္ကလာပမြို့နယ်တွင် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဒဏ်ရာရသူတစ်ဦးကို သယ် ဆောင်လာစဉ်။ 

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် လမ်းဝခုံးတံတားအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ရာ လူငယ်နှစ်ဦးသေဆုံးပြီး အခြားသူနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် သေဆုံးခဲ့သူမှာ အသက် ၁၉ နှစ်အရွယ် ကိုထက်အောင်နှင့် အသက် ၂၀ အရွယ် မင်းဦးဆိုသူတို့ဖြစ်ကြောင်း  ဒဏ်ရာရရှိခဲ့သူ များကို လက်ခံကုသပေးခဲ့ရာ ရွှေလမင်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ 

ကိုထက်အောင်မှာ ကျည်ဆန် ထိမှန်သဖြင့် ရင်ဘတ်ပွင့်ပေါက်ကာ ထိုပစ်ခတ်ခံရသည့်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဆီးခုံတွင် ဒဏ်ရာရရှိခဲ့သူ မင်းဦးမှာ ယခုညနေပိုင်းတွင် ဆေးရုံ၌ ​ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဆရာဝန်တစ်ဦးက ပြောသည်။ 

“ပထမတစ်ယောက်က ညှပ်ရိုးအောက်မှန်တာ၊ ကျည်ဆန်က အရိုးထဲမှာကျန်နေတယ်။ ခဲကျည်တွေ့ရတယ်။ ရာဘာကျည် မဟုတ်ဘူး။ နောက်ထပ်တစ်ယောက်က ဆုံးသွားပြီလို့ ဆေးရုံက ကျွန်တော်တို့ကို ဆက်သွယ်လာတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပြည်သူလူက အတားအဆီးပြုလုပ်ထားသည့် ကားတာယာများကို မီးရှို့ပြီးနောက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ညနေဘက်က မြောက်ဥက္ကလာအဝိုင်းအကျော်မှာ သေနတ်နဲ့ ပစ်တယ်။ ပြည်သူတွေက ရပ်ကွက်ထဲ ဝင်ပြေးတော့ ရပ်ကွက်ထဲထိ လိုက်ပစ်တယ်။ စက်သေနတ်နဲ့ ပစ်တယ်လို့ သိရတယ်။ အလောင်းတွေကို ကောက်ခွင့် မပေးဘူး။ လာကောက်ရင်လည်း ကောက်တဲ့သူကို ပစ်တယ်” ဟု အထက်ပါ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ယနေ့ ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၌ စစ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ထပ်မံပစ်ခတ်ဖြိုခွင်းမှုများ ကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာသည်ဟု မျက်မြင်သက်သေများကို ကိုးကားလျက် BBC သတင်းဌာန က ညနေ ၇ နာရီခန့်တွင် ရေးသားဖော်ပြသည်။ 

ယနေ့တွင် အမြို့မြို့အနယ်နယ်၌ စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့သူ နှင့် ဒဏ်ရာရရှိသူစာရင်း ထပ်မံတိုးမြင့်လာနိုင်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင်လည်း ယနေ့တွင် စစ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက် ၁၉ နှစ်ရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ လူမှုကွန်ရက်အရ သေဆုံးခဲ့သူမှာ မကွေးနည်း ပညာတက္ကသိုလ်တွင် ပထမနှစ်ဖြေဆိုထားသူ အောင်မြင့်မြတ်ဆိုသူဖြစ်သော်လည်း သီးခြား အတည်ပြုနို င်ခြင်း မရှိသေးပေ။ 

ထို့ပြင် မွန်ပြည်နယ် မော်လမြိုင်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဝင်ရောက်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု မော်လမြိုင်အခြေစိုက် သံလွင်းတိုင်းမ်မီဒီယာက ရေးသားထားသည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ထက်ဝေထူးဆိုသူဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကာ ဦးနှောက်အတွင်း ကျည်ဆန်ဖောက်ဝင်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

ယနေ့သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပစ်ခတ်မှုများကြောင့်  သေဆုံးရသူဦးရေ ဒုတိယမြောက် အများဆုံးနေ့ဖြစ်သည်။ အာဏာသိမ်းမှု တစ်လပြည့်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အနည်းဆုံး ၄၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ရာနှင့်ချီရှိပြီဖြစ်သည်။  

Show More

Related Articles

Back to top button