ဖမ်းဆီးခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ်၏ မဲဆန္ဒနယ်မြေ အမရပူရတွင် စစ်သားများက ညအချိန် ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ကြသည်
မန္တလေး၊ အမရပူရမြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင် ယမန်နေ့ (မတ် ၂ ရက်) ညပိုင်းက စစ်ကားနှစ်စီး ရောက်ရှိလာပြီး ကျည်အစစ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ နှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။
၈၄ လမ်းအတိုင်း မောင်းနှင်လာသော စစ်ကားနှစ်စီး ရောက်ရှိလာပြီး သေနတ်များဖြင့် အချက် ၂၀ မက ရပ်ကွက်ထဲသို့ ပစ်ခတ်သွားသည်ဟု နေထိုင်သူများက ပြောသည်။

နာရီဝက်ခန့် ပစ်ခတ်ပြီးနာက် စစ်သားအင်အား ၃၀ ထက်မနည်း တင်ဆောင်လာသော စစ်ကားများ ပြန်လည်ထွက်ခွာသွားကြသည်။
ပစ်ခတ်မှုကြောင့် လမ်းထောင့်နေအိမ်မှ နှစ်ဦး ဗိုက်နှင့်ခြေထောက်တွင် ဒဏ်ရာရသွားသည်။
“ကျွန်တော်ထိုင်နေတဲ့နားက နံရံကို ဖောက်လာပြီး ဖွားခနဲ မီးတွေပွင့်လာတာ။ ထိသွားတော့ ပူခနဲဖြစ်ပြီး သွေးတွေ ကျလာတာပါပဲ။ အိမ်မှာကို အထက်အောက်ဖြန့်ပစ်သွားတာမို့ ကျွန်တော်တို့ အိမ်ကလူတွေ ကြီးကြီးကျယ်ကျယ် ဘာမှမဖြစ်တာကို တော်တော်ကံကောင်းတယ်ပြောရမယ်” ဟု ဘယ်ဘက်ခြေမျက်စိအထက်နား ကျည်ဆန်ရှပ်ထိခဲ့သူ ဦးသက်ဦးက ပြောသည်။
ထိုအချိန်က အိမ်အောက်ထပ်ရှိ တူဖြစ်သူမှာလည်း ညာဘက်ဝမ်းဗိုက်အား ကျည်ဆန်ရှပ်ထိသွားပြီး ညတွင်းချင်း အရေးပေါ်ကုသခဲ့ရသည်။


“အခုက ကိုယ့်ဟာကိုယ်အိမ်မှာနေတာတောင် ဒီလိုပစ်ခတ်ခံနေရတော့ လုံခြုံမှုကတော့ မရှိတော့ဘူးပေါ့။ မိသားစုအတွက်လည်း စိုးရိမ်လို့ ဒီညတော့ တစ်နေရာရာရွှေ့နေဖို့ စဉ်းစားထားတယ်” ဟု ဦးသက်ဦးက ပြောသည်။
လမ်းထောင့်ရှိ အိမ်နှစ်လုံး၏ ခြံဝင်းသံတံခါးများ၊ အိမ်အတွင်းမှန်ဘီရိုများ၊ နံရံများအပါအဝင် နေအိမ် အိမ်ခန်းနံရံ ပြတင်းပေါက်အထိ ဖောက်ဝင်သွားသည့် ကျည်ဆန်ရာများအား တွေ့ရသည်။
ထိုသို့ စစ်သားများက ညအချိန် အကြောင်းပြချက်မဲ့ ပစ်ခတ်သွားခြင်းသည် မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများ၏ လုံခြုံရေးတိုး၍ ခြိမ်းခြောက်နေသလို ခံစားရသည်ဟု ရပ်ကွက်နေသူများက ပြောသည်။
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများအား အမရပူရအပါအဝင် နိုင်ငံအနှံ့ ပါဝင်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေပြီး တချို့နေရာများတွင် လူသေဆုံးသည်အထိ ပစ်ခတ်နေသည်။
အမရပူရမြို့နယ်သည် ဖမ်းဆီးခံထားရသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မဲဆန္ဒနယ်မြေလည်း ဖြစ်သည်။
မန္တလေးတွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဖေဖော်ဝါရီ ၂၀ တွင် ၂ ဦး နေရာမှာပင် သေဆုံးကာ လူ ၁၅ ဦးခန့် ဒဏ်ရာ ရခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ကလည်း အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တစ်နိုင်ငံလုံးတွင် ၁၈ ဦးထက်မနည်း သေဆုံး၍ လူ ၅၀ ကျော် ဒဏ်ရာရခဲ့သည်။
ယနေ့ မတ် ၃ တွင်လည်း ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာတို့တွင် အသေအပျောက် များခဲ့သည်။
ပြည်ထောင်စုလွှတ်တော်အမတ် ၁၇ ဦးက ဦးဆောင်ကာ ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၎င်းတို့ဘက်မှ အကြောင်းမဲ့ စတင်ပစ်ခတ်ခြင်း မရှိကြောင်း ပြောဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











