သတင်း

မုံရွာတွင် သေနတ်ပစ်ခံရသဖြင့် ၅ ဦးသေဆုံး၊ အနည်းဆုံး ၁၀ ဦးဒဏ်ရာရ 

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ၅ ဦးသေဆုံးပြီး အနည်းဆုံး ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

“ကျွန်တော်တို့ အလောင်းသုံးလောင်းကိုတော့ ပြန်ရလိုက်တယ်။ နှစ်လောင်းကိုတော့ ခွေးဆွဲ (စစ်ကား ပေါ်ပါသွားခြင်း) သွားတယ်။ ခြောက်ထောက်တွေကနေ စစ်ကားပေါ် ဆွဲတင်သွားတာ” ဟု အကြမ်းဖက် ဖြိုခွင်းခံရသည့် နေရာတွင်ရှိနေခဲ့သူတစ်ဦးက ပြောသည်။

လတ်တလောတွင် ကျောင်းဆရာမတစ်ဦးမှာ ကျည်ဆန်ထိမှန်၍ ရင်ဘတ်ပွင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး  အခြားလူငယ်တစ်ဦးမှာ နားထင် (ခေါင်း) ကို ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

သေဆုံးသူငါးဦးအနက် အသက် ၂၃ နှစ်အရွယ် ကိုမိုးအောင် ဆိုသူတစ်ဦးသာ အတည်ပြုနိုင်သေးပြီး ကျန်သူ များမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဟုလည်း အထက်ပါ မုံရွာမြို့ခံက ပြောသည်။ 

“စစ်ကားပေါ်ပါသွားတဲ့ နှစ်ယောက်က ဘယ်နေရာတွေမှန်တာလဲ သေချာတော့ မသိဘူး။ ခေါင်းတစ်ဝိုက်မှာတော့ သွေးတွေရွှဲတယ်ဗျ” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းများနှင့် အိမ်များတွင် ကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများမှာ လူစုခွဲနေပြီဖြစ်သော်လည်း လုံခြုံရေးတပ် ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်လမ်းတွင် သေနတ်များ ပစ်ခတ်နေဆဲဖြစ်ကြောင်း ယနေ့ညနေ ၃ နာရီ အချိန် ဆက်သွယ်မေးမြန်းရာတွင် အထက်ပါမြို့ခံက ပြောသည်။  

Show More

Related Articles

Back to top button