လူကုန်ကူးမှုလျော့ကျစေရန် ပိုမိုပညာပေးမှု လိုအပ်နေသည်

နာရီကျော်ကြာမည့် အိမ်အပြန်ခရီးမှာ မမေခိုင်ဦးအတွက် ၁၃ နှစ်ကြာမြင့်ခဲ့သည်

Published on Aug 5, 2017
မွန်ပြည်နယ်၊ မုဒုံမြို့ ကျေးလက်ဒေသတစ်ခုရှိ နေအိမ်ရှေ့တွင် စျေးဆိုင်ငယ်ဖွင့်ပြီး ဘဝသစ် ပြန်လည် အစပြုရန် ကြိုးပမ်းနေသော မမေခိုင်ဦး(ဓာတ်ပုံ – အိချယ်ရီအောင်/Myanmar Now)
မွန်ပြည်နယ်၊ မုဒုံမြို့ ကျေးလက်ဒေသတစ်ခုရှိ နေအိမ်ရှေ့တွင် စျေးဆိုင်ငယ်ဖွင့်ပြီး ဘဝသစ် ပြန်လည် အစပြုရန် ကြိုးပမ်းနေသော မမေခိုင်ဦး(ဓာတ်ပုံ – အိချယ်ရီအောင်/Myanmar Now)

အိမ်အပြန်ခရီးတွင် အစပြုသည့်အိပ်မက်ဆိုးက နှစ်ပေါင်းများစွာကြာမှ အဆုံးသတ်သွားသည်။

ယခုအသက် ၃ဝ အရွယ်၊ ထိုစဉ်က ၁၇ နှစ်အရွယ် မမေခိုင်ဦးသည် အဘွားဖြစ်သူနေထိုင်ရာ မြန်မာပြည် တောင်ပိုင်း ရေးမြို့နယ်မှ မုဒုံမြို့နယ်သို့ အပြန်ရထားပေါ်တွင် လင်မယားနှစ်ယောက်နှင့် စကားလက်ဆုံကျမိသည်။

သူတို့နှင့် လိုက်ပြီး အလုပ်လုပ်ရန် ဖိတ်ခေါ်သော်လည်း အိမ်ပြန်ရမည်ဖြစ်သောကြောင့် မလိုက်နိုင်ကြောင်း ငြင်းဆို လိုက်သည်။ သူတို့တိုက်သည့်ရေကိုတော့ သောက်လိုက်မိ သည်။ ရေသောက်ပြီးမိနစ်ပိုင်းအတွင်းမှာပင် သတိလစ်သွား သည့်မမေခိုင်ဦး မျက်လုံးဖွင့်၍ရချိန်တွင် ရထားက ဘူတာ လွန်သွားပြီဖြစ်သည်။

''ဆင်းရမယ့်နေရာလည်း ကျော်လာပြီဆိုတော့ အိမ် လည်းမပြန်တတ်၊ ပိုက်ဆံအပိုလည်းမပါဘူးဆိုတော့ သူတို့ သွင်းပေးတဲ့အလုပ်လုပ်ပြီး ပိုက်ဆံရမှာပဲ မေးစမ်းပြီး အိမ်ပြန် မယ်ဆုံးဖြတ်လိုက်တာ''ဟု မူလတန်းမပြီးခင် ကျောင်းထွက် လိုက်သည့် မမေခိုင်ဦးက ပြောသည်။

ထိုလင်မယားက မမေခိုင်ဦးကို ထမင်းဆိုင်အလုပ်သွင်း ပေးပြီး သုံးလပြည့်ချိန်တွင် မိဘအိမ်သို့ပြန်ပို့မည်ဟုဆိုကာတရုတ်ပြည်သို့ ခေါ်ဆောင်သွားကာ ရောင်းစားလိုက်ကြ သည်။ ဤသို့ဖြင့် မမေခိုင်ဦးသည် ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးခံရသူ ၃၄၈၉ ဦး အနက်မှ တစ်ဦးဖြစ်လာသည်။

မမေခိုင်ဦးကဲ့သို့ ဆယ်ကျော်သက်အရွယ် မိန်းကလေး များ၊ အမျိုးသမီးများ လူကုန်ကူးခံရမှု လျော့နည်းလာစေရန် ထိရောက်သည့်ဥပဒေ ပြဋ္ဌာန်းလုပ်ဆောင်ရုံနှင့် မပြီးဘဲ ပညာ ပေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ကြရမည်ဟု ဌာနဆိုင်ရာ အရာရှိ များ၊ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ဆိုရှယ်မီဒီယာသုံးပြီးလွတ်မြောက်ခြင်း

ရောင်းစားခံရပြီး အိမ်ထောင်သည်ဘဝသို့ အတင်း $ကျပ်ပို့ဆောင်ခံရသူ မမေခိုင်ဦးက ထွက်ပြေးရန် မကြာခဏ စဉ်းစားခဲ့သည်ဟု ဆိုသည်။

“''ကိုယ်မသိတဲ့ ပတ်ဝန်းကျင်ဆိုတော့ ဘယ်ကိုပြေးလို့ ပြေးရမှန်းလည်း မသိဘူးလေ။ ဒီကထွက်ပြေးပြီး ဒီထက်ဆိုး တဲ့နေရာကို ရောက်မှာလည်း ကြောက်ခဲ့တာ'' ဟု မမေခိုင်ဦး ကပြောသည်။

သမီးတစ်ယောက်၊ သားတစ်ယောက်ရရှိပြီးချိန်တွင် အိမ်ပြန်ချင်သည်ဟု ခွင့်တောင်းရာ ထိုအမျိုးသားက သဘော တူသဖြင့် မမေခိုင်ဦးက အိမ်နီးချင်း မြန်မာတစ်ဦးကို အပြန်ခရီး အတွက် အကူအညီတောင်းခဲ့သည်။

''လမ်းစရိတ်လုပ်ဖို့ ကျွန်မရဲ့ လက်ဝတ်လက်စားတွေ ရောင်းချပေးမယ်ဆိုပြီး ယူသွားတဲ့နေ့ထဲက ဒေါ်မြင့်မြင့်အေး တစ်ယောက် ကျွန်မဆီ လုံးဝမပေါ်လာတော့ဘူး။ ကျွန်မပစ္စည်း တွေကို ယူသွားလို့မှ အားမရဘူး၊ ကျွန်မကို ပွဲစားဆီမှာ ထပ်ရောင်းခဲ့တာ''ဟု သူကဆိုသည်။

ဒုတိယအမျိုးသားနေအိမ်သို့ ရောက်ရှိချိန်တွင် မမေခိုင်ဦး ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ ထိုအိမ်သို့ရောက်ရှိပြီး ရှစ်လခန့် အကြာတွင် သူ၏ လွတ်မြောက်ရာလမ်းကို WeChat မှ တစ်ဆင့်တွေ့ခဲ့လေသည်။

''တရုတ်ကTVအစီအစဉ်တွေမှာက မကြာခဏလိုလိုWeChatအသုံးပြုနည်းနဲ့ ပတ်သက်ပြီးတော့ လာတယ်။WeChatထဲမှာပဲ မြန်မာပြည်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် မိပြီး ပြန်လွတ်လာတာပါ''ဟု သူကပြောသည်။

နေရပ်ရင်း ပြန်ရောက်စဉ်က မမေခိုင်ဦးတွင် ဒုတိယ အမျိုးသားနှင့်ရသည့် ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်။ မော်လမြိုင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းဝင်းမာက မမေခိုင်ဦးအိမ်ရှေ့တွင် ဈေးဆိုင်ငယ်တစ်ခုဖွင့်နိုင်ရန် ဌာနက ငါးသိန်း$ ထောက်ပံ့ခဲ့ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ကလည်း ကိုယ်ဝန်နှင့်ပတ်သက်ပြီး စောင့်ရှောက်ပေးနေ ကြောင်း ရှင်းပြသည်။

မမေခိုင်ဦး၏ အမှုကို၂ဝ၁၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်ထားပြီး စုံစမ်း စစ်ဆေးနေကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးဆန်းဦးက ပြောသည်။

လူကုန်ကူးသူတို့၏ပစ်မှတ်

လူကုန်ကူးသူတို့က ဆင်းရဲသူတို့ကို ပစ်မှတ်ထားလေ့ ရှိသည်ဟု ရှေ့နေများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရန်ကုန်တရားမျှတမှု စင်တာ၏ စီမံကိန်းမန်နေဂျာ ဦးထွန်းလှိုင် က ပြောသည်။

''ကိုယ့်ပတ်ဝန်းကျင်မှာ ပညာပေးလုပ်ငန်းတွေ အောက်ခြေအထိ လုပ်ပေးဖို့လိုပါတယ်။ နယ်စပ်ဂိတ်တွေမှာ လည်း အသေအချာစစ်ဆေးဖို့ လိုပါတယ်''ဟု ချို့တဲ့သည့် အမှုသည်များကို အခမဲ့အကျိုးဆောင်ပေးသည့် ထိုအဖွဲ့မှ ဦးထွန်းလှိုင်က ပြောသည်။

နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါများလာပါ က လူကုန်ကူးခံရမှု လျော့ကျသွားမည်ဖြစ်ကြောင်း၊ ဆင်းရဲ သားတို့၏ တစ်နေ့တာဝင်ငွေ ပိုမိုမြင့်မားလာလျှင် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုလျော့နည်းလာနိုင်ကြောင်း သူက မှတ်ချက်ပြုသည်။

''လူကုန်ကူးမှုက နိုင်ငံခြားကိုထွက်မှ မဟုတ်ပါဘူး။ ဒီနိုင်ငံအတွင်းမှာလည်း အများကြီးရှိနေတာပဲလေ။ ပြဿနာ မဖြစ်လို့သာ ဘာမှမဖြစ်တာ။ ဖြစ်မယ်ဆိုရင် ဒါတွေကလည်း တဖြည်းဖြည်းကြီးမားလာနိုင်တဲ့ အနေအထားမှာရှိပါတယ်'' ဟု ဦးထွန်းလှိုင်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမားဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြည်ပသို့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်ပါက လူကုန်ကူးမှုခံရနိုင်ခြေ ပိုများကြောင်း ပြောသည်။

''ရောင်းစားခံရတဲ့ ဖြစ်စဉ်တွေက အများကြီးပဲ။ အခု နောက်ပိုင်း လုပ်ခအပြည့်မပေးတဲ့ ပြဿနာကပိုများလာ တယ်။ ကျေးလက်ကလူတွေက လူကုန်ကူးမှု ပိုခံရနိုင်ပါ တယ်''ဟု အမြဲတမ်းအတွင်းဝန်က ဆိုသည်။

နိုင်ငံတော်အပိုင်းအနေဖြင့် လူကုန်ကူးမှု ပိုမိုလျော့နည်း လာအောင် ပညာပေးရေးလုပ်ငန်းများကို ယခုထက်ပိုမို၍ ကျေးလက်၊ တောရွာများအထိ ရောက်အောင် ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်သင့်ကြောင်း သူကဆက်ပြောသည်။

''ဒီလောက်ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနေတာကို ဂရုမစိုက်ဘဲနဲ့ အဲ့ဒီလိုလူတွေရဲ့ ပြောစကားကိုယုံပြီး သွားနေ တဲ့လူတွေ အများကြီးရှိတယ်။ ဟိုရောက်တော့ ဘယ်သူ့မှ ဆက်သွယ်လို့မရဘူး၊ ဘာလုပ်ရမှန်းမသိဘူး။ တို့မှာလည်း အချက်အလက်မရှိတော့ ကူဖို့လည်းမဖြစ်နိုင်ဘူးလေ၊ ဖြစ်လာ မှပဲသိတော့တာလေ။ အဓိကပြဿနာတွေက အဲ့ဒီလိုမျိုးတွေ ပေါ့''ဟု အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်လတ်က အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် လိုအပ် နေသူတို့ထံရောက်ရန် ပိုမိုသေချာသည့် နည်းလမ်းများကို အသုံးပြုသင့်သည်ဟု ယူဆသည်။

''အဓိကကတော့ ပညာပေးဖို့ပါပဲ။ ဟောပြောပွဲကြီး လုပ်ပြီး ပညာပေးရတာ တစ်ခါတလေကျတော့လည်း အဆင် မပြေဘူး။ အိမ်တိုင်ရာရောက် ရဲလုပ်ငန်းစနစ်ကို ဆောင်ရွက် ရင်းနဲ့ ပညာပေးမှုကို ဖြန့်ဝေမယ်ဆိုရင် ပိုကောင်းတာပေါ့''ဟု ရဲမှူးကဆိုသည်။

လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးတစ်ယောက်ကို သဘော တူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန်အလို့ငှာ သယ်ယူပို့ဆောင်ခြင်း လွှဲပြောင်းခြင်း၊ ရောင်းချ ခြင်း ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း ၂ဝဝ၅ ခုနှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတွင် ဖော်ပြထား သည်။

ထိုသို့ပြုလုပ်ရန် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့် အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန် ခက်ခဲနေ သောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက် အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရန် အကျိုး အမြတ်ပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းတို့သည်လည်း လူကုန်ကူးမှုမြောက်သည်ဟု ဆိုသည်။

ထိုဥပဒေအရ လူကုန်ကူးမှုကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁ဝ နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကြိုတင်ကာကွယ်ခြင်း

၂ဝဝ၆ မှ ၂ဝ၁၆ အတွင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့ရသည့် လူကုန်ကူးမှုပေါင်း ၁၃၈ဝ ထဲ တွင် အဓမ္မလက်ထပ်ခိုင်းမှုမှာ အများဆုံးဖြစ်ပြီး၊ ဒုတိယမှာ ပြည့်တန်ဆာမှု၊ တတိယမှာ အဓမ္မခိုင်းစေသည့် အမှုများ ဖြစ်သည်။

မြန်မာပြည်သား လူကုန်ကူးခံရသူတို့ အများဆုံး ရောင်းစားခံရသည့်နိုင်ငံမှာ တရုတ်နိုင်ငံပင်ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။ ဒုတိယ အများဆုံးမှာ ပြည်တွင်း၌ပင် ရောင်းစားခံရခြင်း၊ တတိယနှင့် စတုတ္ထမှာထိုင်း၊ မလေးရှားနိုင်ငံတို့သို့ ရောင်းစားခံရခြင်း ဖြစ်သည်။

အေၾ<ြကးတင်ခြင်း၊ ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်းတို့သည် လူကုန် ကူးခံရသည့် အကြောင်းရင်းများတွင် ပါဝင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းအများပြားက ဆိုသည်။

လူကုန်ကူးခံရသူများထဲတွင် အယုံလွယ်သူ၊ အားနာ တတ်သူ၊ ဗဟုသုတနည်းပါးသူ၊ စွန့်စားလိုသူ၊ အကာအကွယ်မဲ့ သည့် ကလေးသူငယ်များ၊ နိုင်ငံခြားကို အထင်ကြီးသည့် သူများ၊ လက်ရှိဘဝကို နာကြည်းပြီး မိုက်ရူးရဲဆန်စွာ ဆုံးဖြတ် ချက်ချသူတို့ ပါဝင်သည်ဟု ¤င်းတို့ကဆိုသည်။

လူမှုဖွံ့ဖြိုးရေးအသင်းတစ်ခုဖြစ်သောAgency for Basic Community Developmentမှ ဒါရိုက်တာ မောင်ဂျွန်က ချင်းပြည်နယ်သည် နယ်မြေအေးချမ်းသော် လည်း ဆင်းရဲနွမ်းပါးခြင်းကြောင့် ပြည်တွင်းပြည်ပသို့ ရွှေ့ ပြောင်းသွားလာသူ အများဆုံးဒေသဖြစ်ကြောင်း ပြောသည်။

''ဒီပြဿနာက စီးပွားရေးပြဿနာပါ။ ပြည်သူတွေကြား ထဲမှာ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုပါတယ်။ တစ်ဖက်ကလည်း ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်း တွေ လုပ်ပေးဖို့လိုပါတယ်''ဟု လူကုန်ကူးမှု အသိပညာပေး ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် မောင်ဂျွန်က ပြောသည်။

ဆယ်ကျော်သက်အရွယ်တွင် ကိုယ်တိုင်လူကုန်ကူး ခံရသူဖြစ်သည့် မမေခိုင်ဦးက သူနှင့်နီးစပ်ရာ မိတ်ဆွေများ၊ အိမ်နီးချင်းများကို ကိုယ်တွေ့အဖြစ်အပျက်များ ရှင်းပြသည့် နည်းဖြင့် ပညာပေးနေသည်ဟု ဆိုသည်။

''မိဘတွေအနေနဲ့ သားသမီးတွေကို တစ်ယောက်တည်း ခရီးမလွှတ်သင့်ဘူး။ မိန်းကလေးတွေလည်း ကျွန်မဖြစ်စဉ်ကို သင်ခန်းစာယူပြီး လူတိုင်းကိုမယုံကြည်သင့်ပါဘူး'' ဟု မမေ ခိုင်ဦးက ပြောလိုက်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading