တိုက်ရိုက်တင်ဆက်မှု - မတ် ၃

စစ်ကောင်စီက အကြမ်းဖက်၍ ပိုက်စိပ်တိုက်ဖြိုခွင်းနေသော်လည်း နိုင်ငံအနှံ့တွင် လူငယ်များဦးဆောင် နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများက အာခံနေဆဲဖြစ်သည်။

Published on Mar 3, 2021
ရန်ကုန်မြို့၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်အနီး မတ် ၂ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များ။  ဓာတ်ပုံ - Myanmar Now
ရန်ကုန်မြို့၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်အနီး မတ် ၂ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် လူငယ်များ။  ဓာတ်ပုံ - Myanmar Now

၁၅ : ၀၃ ဗဟိုလမ်းတွင် ဆက်လက်ဖြိုခွင်းခံနေရ

စမ်းချောင်း ဗဟိုလမ်းတွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။ အကြမ်းဖက်တိုက်ခိုက်ခြင်းမခံရအောင် တည်ဆောက်ထားသည့် ပြည်သူများသော အတားအဆီးများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးလျက်ရှိသည်။

၁၅ : ၅၀ ရွာမ ကျောင်းလမ်းအခြေအနေ

ရွာမ ကျောင်းလမ်းတွင် လတ်တလောတွင် ဖြိုခွင်းမှုများ မရှိတော့ဘဲ ရှင်းလင်းနေပြီး နှစ်ဦး အဖမ်းခံရသည်။ 

 

၁၄ : ၄၀ ကျောက်တံတားတွင် ဖြိုခွင်းခံရ 

ရန်ကုန်မြို့ါလယ် ကျောက်တံတားမြို့နယ်တွင်  ဆန္ဒပြလူစု ဖြိုခွင်းခံရပြီး  အသက်ကြီးပိုင်း တစ်ဦးအပါအဝင် ၃ ဦး အဖမ်းခံရသည်။ ဒုတိယအကြိမ် ဖြိုခွင်းခံရခြင်း ဖြစ်ပြီး အသံဗုံး၊ မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။ ## 

ကျောက်တံတားတွင်ဖြိုခွင်းခံရ

၁၄ : ၁၉  အင်းစိန် ရွာမကျောင်းလမ်းတွင် စတင်ဖြိုခွင်း

အင်းစိန် ရွာမကျောင်းလမ်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ 

လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသွားသည်ကို တွေ့လိုက်ရသည်။

 

၁၄ : ၀၀ - ရန်ကုန်မြို့လယ်သပိတ်ဖြိုခွင်းခံရ

ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ် ဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလိုက်လံဖြိုခွင်းနေသည်။ ##

၁၃ : ၃၉ ဗဟိုလမ်းတွင် နှစ်ဦး အဖမ်းခံရ

မြေနီကုန်း ဗဟိုလမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသူများအား နေ့လည် တစ်နာရီတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် အသံ‌ဗုံးအလုံး ၃၀ ကျော် အသုံးပြုပြီး ဖြိုခွဲခဲ့သည်။

ယင်းဖြိုခွဲမှုတွင် အမျိုးသမီး တစ်ဦး ၊အမျိုးသား တစ်ဦး အပါအဝင် နှစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ဆန္ဒပြသူများအားဖြိုခွဲပြီးနောက် လမ်းပေါ်ရှိ ရေပုံးများအား ကန်ကျောက်ဖျက်ဆီးခဲ့ပြီး ဆန္ဒပြသူများ ကျန်ခဲ့သည့် ဒိုင်းများအား ယူဆောင်သွားသည်ကို‌တွေ့ရသည်။

ရဲတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာသွားပြီး မိနစ်ပိုင်းအတွင်း ဆန္ဒပြသူများ လမ်းပေါ်ပြန်ထွက်လာကာ ဆက်လက်ဆန္ဒပြကြသည်ကို တွေ့ရသည်။ ##

 

၁၃ : ၂၂ - ရွာမကျောင်းလမ်းသပိတ်ဖြိုခွင်းရန် စစ်တပ်ကပြင်ဆင်နေ

ရန်ကုန်မြို့၊ ရွာမကျောင်းလမ်းအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများ ကို ဖြိုခွင်းရန် စစ်တပ်က အသင့်ပြင်ဆင်နေကြောင်း မျက်မြင်တွေ့ရှိရသည်။ ##

၁၃ : ၁၀ - ဗဟိုလမ်းဖြိုခွင်းခံရပြန်

ရန်ကုန်မြို့ ဗဟိုလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများ စစ်ကောင်စီတပ်ဖွဲ့ဝင် တို့က ဖြိုခွင်းလိုက်သည်။ လက်ရှိတွင် လူစုကွဲသွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လိုက်လံရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ##

၁၂ : ၅၆ - မန္တလေး၌ သေနတ်ဒဏ်ရာဖြင့်နှစ်ဦးသေဆုံး

မန္တလေးသပိတ်စစ်ကြောင်းကို ရဲနှင့်စစ်တပ်က အကြမ်းဖက်ဖြိုခွင်းသဖြင့် ဦးခေါင်းကို ကျည်ထိမှန်သည့် အမျိုးသမီးတစ်ဦးနှင့် ရင်ဘတ်ကို ကျည်ထိမှန်သည့် အမျိုးသားတစ်ဦး သေဆုံးသွားသည်။ အခြားတစ်ဦးမှာ ညာဘက်လက် ကျည်ဆန်ထိမှန်ရထားသည်။ ##

၁၂ : ၄၁ ဗိုလ်ချုပ်လမ်းတွင် ထဘီခံတပ်ဆောက်၍ စစ်တပ်ကို တော်လှန်

ရန်ကုန် ဗိုလ်ချုပ်လမ်းနှင့် ရေကျော်လမ်းအနီးတွင် လမ်းကို ကြိုးဖြင့် တားဆီးပိတ်ပစ်လိုက်ပြီး  ထဘီများ လှန်း၍ စစ်တပ်ကို ပြည်သူများက တော်လှန်လျက်ရှိသည်။ ###

၁၂ : ၁၉ ကျောက်မြောင်းသပိတ်ဖြိုခွင်းခံရ

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းသပိတ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးဖြိုခွင်းလျက်ရှိပြီ လူအများအပြားအဖမ်းခံထားရကြောင်း သိရသည်။

“စစ် ထရပ်ကားအကြီး...သုံးစီးအပြည့်ရယ်....လမ်းပေါ်မှာလည်း အများကြီး မိန်းကလေးတွေလည်း အယောက်ငါးဆယ်လာက်ရ‌ှိတယ်" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ ##

၁၂း၀၀ မုံရွာတွင် ကျည်အစစ်ဖြင့် ဖြိုခွင်း

မုံရွာမြို့တွင် ဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က ကျည်အစစ်ဖြင့် ဖြိုခွင်းခဲ့သောကြောင့် ၃ ဦး ထက်မနည်း ဒဏ်ရာရာခဲ့ပြီး  အမျိုးသမီးတစ်ဦး ရင်ညွန့်တွင် ဒဏ်ရာရခဲ့ကာ အမျိုးသား နှစ်ဦး ဦးခေါင်းနှင့်ပေါင်တွင် ဒဏ်ရာရခဲ့သည်။ 

မုံရွာတွင် ကျည်အစစ်ဖြင့် ဖြိုခွင်း

၁၁ : ၄၉ ဈေးချိုရှိ ပြည်သူများကို သေနတ်ဖောက်၍ လူစုဖြိုခွင်း

မန္တလေး ဈေးချို ၈၄လမ်း၊ လမ်း ၃၀ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ လူစုဖြိုခွင်းခဲ့သည်။ 

စစ်တပ်နှင့်ရဲတို့က ရေကား၊ တင့်ကားများနှင့်အတူ အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး ၁၁ နာရီ ၄၅ မိနစ်မှာ လူစုဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ 

 ဈေးချိုအနီး ၂၈ထပ်ရှိ မန်းမြန်မာပလာဇာ အပေါ်ဆုံးထပ်သို့ စနိုက်ပါသေနတ်သမားအချို့ တက်သွားသည်ဟုလည်း မျက်မြင်ဒေသခံတစ်ချို့ကပြောသည်။ ###

မန္တလေးအခြေအနေ

၁၁း၃၀ လှိုင် ပါရမီလမ်းတွင် ကျည်အစစ်သုံးပြီး ဖြိုခွဲ

လှိုင်မြို့နယ်၊ ပါရမီလမ်း၊ စိန်ဂေဟာရှေ့တွင် ဆန္ဒပြနေသောလူများကို မျက်ရည်ယိုဗုံး၊ ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး လူ ၂၀ ထက်မနည်း ဖမ်းဆီးခံရသည်။ ဖမ်းဆီးခံရသူများအား ရိုက်နှက်နေကြောင်း တွေ့ရပြီး နေအိမ်များကိုလည်း ပစ်ခတ်နေကြောင်း အဆိုပါနေရာ ရောက်ရှိနေသူများက ပြောသည်။

လှိုင် ပါရမီလမ်း မတ် ၃

၁၁ : ၂၉  မြောက်ဥက္ကလာတွင် ၃ ဦးအဖမ်းခံရ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် သုဓမာလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်ကောင်စီလက်ပါးစေအကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားသည်။ 

မြောက်ဥက္ကလာတွင် အကြမ်းဖက်ဖြိုခွဲခံရ

၁၁ ၁၄ ဖြိုခွင်းခံနေရသည့် ကျွန်းတောလမ်း ဆက်လက်ဆန္ဒပြ

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ဖြိုခွင်းခံရပြီး မိနစ်ပိုင်းအကြာမှာပင် ကျွန်းတောလမ်းပေါ်မှာ ဆန္ဒပြသူများပြန်လည်ပြည့်နှက်သွားပြီး ဆက်လက်တိုက်ပွဲဝင်နေသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်

၁၁ : ၀၉ မြောက်ဥက္ကလာအဝိုင်းတွင် ဖြိုခွင်းခံနေရ

ရန်ကုန် မြောက်ဥက္ကလာအဝိုင်းအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်ကောင်စီ၏ လက်ပါးစေအဖွဲ့ဝင်များက ဖြိုခွင်းလျက်ရှိသည်။

၁၁း၀၇ ရေးမြို့ သပိတ် ဖြိုခွဲခံရ

ရေးမြို့တွင် ဆန္ဒပြနေသူများအား ကမ်းနားလမ်း နန်းသီတာဈေးနားတွင် ယနေ့နံနက် ၁၀ ခွဲ ခန့်က ဖြိုခွင်းခံရပြီး  ဖမ်းဆီးခံရသူ၊ ဒဏ်ရာရသူ လတ်တလော မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့သည် ဒုတိယအကြိမ် ဖြိုခွဲခံရခြင်း ဖြစ်ပြီး ဖြိုခွင်းရာတွင် ရဲအင်အား ၄၀ နှင့် စစ်သား ၂၀ ခန့် တွေ့ရှိရသည်ဟု သိရသည်။ ### 

ရေးမြို့သပိတ် ဖြိုခွဲခံရ မတ် ၃

၁၁ : ၀၀ - ကျွန်းတောလမ်းသပိတ်အဖွဲ့ ၁၄ ယောက်ထပ်မနည်းဖမ်းဆီးခံရ

ယနေ့မနက်ပိုင်းက ဖြိုခွင်းခံရသည့် ရန်ကုန် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ ပြည်သူ ၁၄ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ 

ကျွန်းတောလမ်းအနီးတစ်ဝိုက်တွင် စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်တပ်များဖြစ်သည့် တပ်မ ၇၇ နှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းကြိုလမ်းကြားများထဲသို့ပင်လိုက်၍ ဖမ်းဆီးလျက်ရှိသည်။ 

၁၀ : ၅၉ ပန်းဆိုးတန်းတွင် စစ်ကောင်စီ၏ လက်ပါးစေတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေ

မတ်လ ၃ ရက် နံနက် ပန်းဆိုးတန်း ဆန္ဒပြသူများကို စစ်ကောင်စီ၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များက လူစုခွဲ လိုက်လံဖမ်းဆီးလျက်ရှိသည်။

ပန်းဆိုးတန်းအခြေအနေ

၁၀ : ၄၉ - ရန်ကုန်မြို့လယ်အခြေအနေ

ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များ လွယ်လင့်တကူမလာ ရောက် နိုင်ရန် အတားအဆီးများချ၍ ပြည်သူများ ဆန္ဒပြနေပြီဖြစ်သည်။ ##

၁၀ : ၃၂ - ကျောက်မဲသပိတ်စတင်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း စတင်ချီ တက်နေသည်။ ##

၁၀ ၂၅ - ဗဟိုလမ်း အခြေအနေ

ရန်ကုန်၊ မြေနီကုန်း ဗဟိုလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများက လက်နက်ကိုင်တပ်ဖွဲ့များ အလွယ်တကူ ဝင်ရောက်ဖမ်းဆီးခြင်းမပြုနိုင်ရန် လမ်းတလျှောက် သဲအိတ်များ ၊အမှိုက်ပုံးများကို  အတားအဆီးအဖြစ်ပြန်လည်ချထားနေသည်။

နေ့စဉ်လူထောင်သောင်းချီဆန္ဒပြရာ နေရာတစ်ခုဖြစ်သည့် ဗဟိုလမ်းတစ်လျှာက်တွင် ယမန်နေ့က ဆန္ဒပြသူများ အရံအတားအဖြစ် အသုံးပြုခဲ့သည့်ပစ္စည်းများကို

လက်နက်ကိုင်တပ်ဖွဲ့များနှင့် အရပ်ဝတ်များက ညကတည်းက ကားဖြင့် လိုက်လံသိမ်းဆည်းသွားခဲ့ကြောင်း ‌ရပ်ကွက်နေလူထုက ပြောသည်။ ##

၁၀ ၂၁ မြင်းခြံမြို့တွင် ဆန္ဒပြသူများ ဖြိုခွင်းခံရ

မြင်းခြံမြို့တွင် ဆန္ဒပြနေသော လူအုပ်စုအား ပထမဆုံးအကြိမ် ဖြိုခွင်းခံနေရသည်ဟု ဒေသခံများက ပြောသည်။

မြင်းခြံသပိတ် ဖြိုခွင်းခံရ

၁၀ : ၁၂ ကျွန်းတောလမ်းသပိတ်ကို စတင်ဖြိုခွင်း

ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်ပါးစေလက်နက်ကိုင်တပ်ဖွဲ့ဝင်များက စတင်ဖြိုခွင်းနေပြီဖြစ်သည်။  ###

ကျွန်းတောလမ်းသပိတ် မတ် ၃

၁၀ : ၀၈ - မန္တလေးသပိတ် ဖြိုခွင်းခံနေရ

မန္တလေးမြို့ ၃၀ A လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ် တပ်က စတင်အကြမ်းဖက်ဖြိုခွင်းနေသည်။ ##

၁၀  ၀၅ မင်းဘူးမြို့ အခြေအနေ

မကွေးတိုင်း၊ မင်းဘူးမြို့ပေါ်တွင် ရဲတပ်ဖွဲ့မှ လမ်းအချို့ပိတ်ဆို့ထားသော်လည်း မြို့ခံများ၏ နွေဦးတော်လှန်ရေးစစ်ကြောင်းသည် ထိပ်တိုက်အတွေ့မခံဘဲ  မြို့တွင်းလှည့်လည်ဆန္ဒပြလျှက် ရှိသည်။ ##

၁၀ : ၀၂ မန္တလေး ထိုင်သပိတ်စတင်

မန္တလေး ၈၄လမ်း လမ်း၃ဝတွင် ဆရာ၊ဆရာမများ၏ပညာရေးသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများကထိုင်သပိတ်ပြုလုပ်နေသည်။

 မန္တလေး ပညာရေးသပိတ်စစ်ကြောင်းနှင့် ကျောင်းသားသမဂ္ဂများ ထိုင်သပိတ်

၀၉ : ၅၀ - မြတောင်သပိတ်စစ်ကြောင်းစတင်ချီတက်

စစ်ကောင်စီ၏တပ်ဖွဲ့က နေ့နေ့ညည အကြမ်းဖက်ပစ်ခတ်နေသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေဆဲဖြစ်သည့် မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းစတင်ချီတက်နေပြီ ဖြစ်သည်။ သပိတ်စစ်ကြောင်းနောက်သို့ ရဲနှင့်စပ်တပ်က မော်တော်ယာဉ်များဖြင့် လိုက်လာနေသည်။  ##

၀၉ : ၃၀ - တောင်ဥက္ကလာ၌ ဆန္ဒပြနေပြီ

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုကို လူငယ်တို့ ဦးဆောင်ပြုလုပ်နေပြီဖြစ်သည်။ ##

၀၉ : ၂၈ - လှည်းတန်းတွင် စစ်ကောင်စီတပ်ဖွဲ့ စတင်အကြမ်းဖက်

ရန်ကုန် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို လူစုမခံဘဲ စစ်တပ်၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များ စတင်ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ ##

၀၈ : ၄၅ - သံလမ်း၌ ပစ်ခတ်နေပြီ

လှိုင်မြို့နယ်ရှိ သံလမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများ လမ်းပေါ်ထွက်မလာစေရန် မနက် ၈ နာရီကျော်ကတည်း  စစ်တပ်၏ လက်ပါးစေလက်နက်ကိုင်အဖွဲ့ဝင်များက စတင်ပစ်ခတ်နေသည်။

ယမန်နေ့ညကလည်းသံလမ်းအနီးရှိပြည်သူများက စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူ လာရောက်အကြမ်းမဖက်နိုင်ရန် လမ်းကို အတားဆီးများပြုလုပ်ရန် ပြင်ဆင်ချိန်တွင် စစ်တပ်၏ လက်ပါးစေတို့က ပစ်ခတ်မှုများပြုလုပ်ခဲ့သေးသည်။ ##

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading