အရှိန်မလျော့သည့် စမ်းချောင်းနှင့်အင်းစိန် တော်လှန်ရေး 

ရန်ကုန်၊ စမ်းချောင်း ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် လူငယ် ၁၈ ဦးထက်မနည်း အဖမ်းခံရပြီး အင်းစိန်လမ်းမတွင် ငါးဦး အဖမ်းခံရသော်လည်း စစ်ကောင်စီကို အံတုမှု ကြီးမားနေဆဲဖြစ်သည်

ဆန္ဒပြပွဲများကို နေ့စဉ်ရက်ဆက် ဖြိုခွဲနေသော်လည်း လူငယ်များက အရှိန်လျော့ကျမသွားဘဲ ဆက်လက် ဆန္ဒပြနေသည်။ (ဓာတ်ပုံ-Myanmar Now)

ရဲနှင့် စစ်သားများက ရန်ကုန်၊ စမ်းချောင်းမြို့နယ်၏ ဆန္ဒပြပွဲများကို အပြင်းအထန် ဖြိုခွဲနေကြသော်လည်း လူငယ်များက နေ့စဉ် ကြိုးစားစုစည်းပြီး ရင်ဆိုင် အံတုနေကြသည်။

ဗဟိုလမ်းသပိတ်မှာ ယခင်ရက်များအတိုင်း ရှိနချိန်တွင် ပဒုမ္မာလမ်းကို သုံးကြိမ်၊ ကျွန်းတောလမ်းကို တစ်ကြိမ် ဖြိုခွဲခဲ့ပြီး လူငယ် ၁၈ ဦးထက်မနည်း အဖမ်းခံရသည်။ 

ထိုသို့ လူငယ်များ၏ဆန္ဒပြပွဲကို ချေမှုန်းသည့် တပ်မ ၇၇ မှ စစ်သားများထဲတွင် စနိုက်ပါသေနတ်သမားတစ်ဦးကလည်း အသင့်အနေအထားဖြင့် ရှိနေခဲ့သည်။ 

ပဒုမ္မာလမ်း

အခိုင်အမာ ပိတ်ဆို့ထားသော ပဒုမ္မာလမ်းသပိတ်ကို နံနက် ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က မျက်ရည်ယိုဗုံးများ အသုံးပြု လူစုခွဲကာ အတားအဆီးများကို မြေကော်ကားဖြင့် ဖြိုဖျက်ခဲ့ကြသည်။

မိနစ်ပိုင်းအကြာတွင် ဆန္ဒပြလူငယ်များ ပြန်ရောက်လာပြီး အတားအဆီးများ ပြန်လုပ်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒ ဆက်ပြခဲ့ကြသည်။

မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ပဒုမ္မာလမ်းထိပ်ရှိ ဗားကရာလမ်းမပေါ်သို့ ရဲနှင့် စစ်သားများ တစ်ဖွဲ့က စောင့်ကြည့်နေပြီး နောက်တစ်ဖွဲ့က အခြားစမ်းချောင်းလမ်းမှတစ်ဆင့် ဝင်ရောက်ကာ ဆန္ဒပြနေသူများကို အတင်းဝင်ဖမ်းဆီးသည်။

ထို့နောက် နာရီဝက်ခန့်အကြာတွင် အထက်ပါနည်းအတိုင်းပင် ထပ်မံဖမ်းဆီးခဲ့ပြန်သည်။

နှစ်ကြိမ်အတွင်း လူငယ် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ပဒုမ္မာလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီကောင်တွေ (ရဲနှင့်စစ်သား) က အရှေ့၊ အနောက်ပိတ်ပြီး ဖမ်းတဲ့သဘော၊ ကျွန်တော့်ရှေ့တင်ဖမ်းတာ၊ (လူငယ်) တော်တော်များများ ပြေးပေါက်ပိတ်သွားတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း လူငယ်များက ဆက်လက်ဆန္ဒပြနေခဲ့ပြီး ညနေ ၃ နာရီခန့်တွင် လူစုခွဲခဲ့ကြသည်။

ကျွန်းတောလမ်းနှင့်ဗဟိုလမ်း

လမ်းမအရှည်ဖြစ်သော ကျွန်းတောလမ်း တစ်ဖက်ထိပ်တွင် အကာအရံများဖြင့် အခိုင်အမာ ပိတ်ဆို့ထားကြပြီးနောက် ဆန္ဒပြသူတို့က လမ်းသွယ်များ၏ ထိပ်တွင် နေရာယူလိုက်ကြသည်။

အဆိုပါ ကျွန်းတောလမ်းသပိတ်ကို ရဲနှင့် စစ်သားများက နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စတင်ဖြိုခွင်းတော့သည်။

မျက်ရည်ယိုဗုံး ၇ လုံးခန့် ပစ်ခတ်ပြီး ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က ဆန္ဒပြသူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကာ တပ်မ ၇၇ မှ တပ်အင်အား ၅၀ ခန့်က ကျွန်းတောလမ်းတွင် အသင့်နေရာယူ စောင့်ဆိုင်းခဲ့ကြသည်။

လက်ဖြောင့်သေနတ်သမားဟု ယူဆရသူတစ်ဦးကလည်း သူ၏စနိုက်ပါသေနတ်ကို အသင့်အနေအထားဖြင့် ချိန်၍ ကျွန်းတောလမ်းထိပ်တွင် စောင့်ဆိုင်းနေသည်။

ယခင်နေ့များနှင့်မတူသည့်အချက်မှာ ရဲတပ်ဖွဲ့က လမ်းအတွင်း အလျှင်အမြန်ဝင်ရောက်ဖြိုခွဲခဲ့၍ လူငယ် ယောင်္ကျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူများက အတည်ပြုသည်။

“သူတို့ကြိုက်သလောက်ဖမ်း၊ ကျွန်မတို့က ကြောက်မှာမဟုတ်ဘူး။ ကြောက်ရင်အစောကတည်းက ဒီကိုမလာဘူး။ နောက်နေ့လည်း ဆက်ပြီးတိုက်ဦးမှာပဲ" ဟု ဆန္ဒပြနေသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးက ပြောသည်။

ထိုသို့ ကျွန်းတောလမ်းသပိတ်ကို တစ်ကြိမ် ဖြိုခွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဗဟိုလမ်းတွင်လည်းကောင်း၊ စစ်သား ၅၀ ခန့်က ကျွန်းတောလမ်းထိပ်တွင်လည်းကောင်း စောင့်ကြည့်နေကြသည်။

ဖြိုခွဲခံရသည့်အချိန်မှစပြီး ညနေ ၃ နာရီခန့်အထိ လူငယ်များ ဆက်လက်ဆန္ဒပြနေသော်လည်း နောက်တစ်ကြိမ် ဖြိုခွဲခဲ့ခြင်း မရှိခဲ့ပေ။ 

စမ်းချောင်းမြို့၏ နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်သည့် ဗဟိုလမ်းတွင်လည်း လူ ၂၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြပြီး လူစုခွဲချိန် ညနေ ၃ နာရီခန့်အထိ အခြေအနေတည်ငြိမ်ခဲ့သည်။ ဗဟိုလမ်း၏ လမ်းသွယ်များဖြစ်သည့် ရွှေလောင်းလမ်း၊ ကျောင်းကုန်းလမ်းတို့တွင်လည်း ရပ်ကွက်အတွင်း နေထိုင်သူများက ပူးပေါင်းဆန္ဒပြခဲ့သည်။

ရဲနှင့် စစ်သားများ၏ အကြမ်းဖက်ဖြိုခွင်းမှုကို နေ့စဉ်ရက်ဆက် ရင်ဆိုင်ရသော်လည်း စမ်းချောင်းမြို့နယ်၏ တော်လှန်ရေးအရှိန်က လျော့ကျသွားခြင်း မရှိပေ။

စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖေဖေါ်ဝါရီ ၂၆ ရက်မှစတင်ကာ ဆန္ဒပြစစ်ကြောင်းများနှင့် ထိုင်သပိတ်များကို အကြိမ်ကြိမ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း စမ်းချောင်းမြို့နယ်၊ အင်းစိန်၊ လှိုင်မြိုနယ်နှင့် ကမာရွတ်မြို့နယ်များတွင် အံတုလှုပ်ရှားမှု အားကောင်းလျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည်။

အင်းစိန်လမ်းမ

အင်းစိန်လမ်းမတွင် ဆန္ဒပြလူထုကို ရဲနှင့်တပ်က နှစ်ကြိမ်ဖြိုခွဲခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

ဆင်ရေတွင်းမှတ်တိုင်အနီးတွင် အရံအတားများပြုလုပ်ပြီး နံနက် ၈ နာရီဝန်းကျင်မှ စတင်ကာ လူငယ်များ စတင်ဆန္ဒပြခဲ့ကြသည်။ လှိုင်မြို့နယ် ပြည်သူများကလည်း အရံအတားများကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ပေးကြပြီး လူငယ်ဒိုင်းကာအဖွဲ့ အများအပြားကလည်း ရှေ့တန်းမှ အကာအကွယ်ပေးနေကြသည်။

ရဲများက မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် မျက်ရည်ယိုဗုံး၊ အသံဗုံးများ၊ ရာဘာကျည်များဖြင့်ပစ်ခတ်ပြီး စတင်ဖြိုခွင်းခဲ့သည် ပထမအကြိမ်တွင် အရံအတားများ၊ ဒိုင်းကာများဖြင့် ကာကွယ်ခြင်း၊ မျက်ရည်ယိုဗုံးများကို ရေအိတ်များ၊ ရေစိုအဝတ်များဖြင့် ဖုံးအုပ်၍ နောက်သို့ လုံးဝမဆုတ်ဘဲ ကာကွယ်ခဲ့သည်။  

ဒုတိယအကြိမ်ဖြိုခွဲရာတွင် လူငယ်များက အရံအတားနောက်တစ်ခုနောက်သို့ အနည်းငယ်ဆုတ်ခွာပေးခဲ့ကြကာ နာရီဝက်ခန့်အကြာ ရဲများက ထပ်မံဖြိုခွင်းခဲ့ပြီး စစ်တပ်က ဆန္ဒပြလူငယ်များကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့သည်။  

ယင်းနေရာတွင် စစ်တပ်နှင့် ရဲများ ၃ နာရီကြာ ပိတ်ဆို့တပ်ချထားသော်လည်း ဘူတာရုံလမ်းအနီးတွင် ထပ်မံ၍ စုဝေးဆန္ဒပြခဲ့ကြပြီး ညနေ ၃ နာရီခွဲတွင် လူစုခွဲခဲ့ကြသည်။ 

ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ဆန္ဒပြသူများက ပြောသည်။ စစ်တပ်အနေဖြင့် ညပိုင်းအချိန်အထိ အင်းစိန်လမ်းမပေါ်တွင် တပ်စွဲထားဆဲဖြစ်သည်။

ဆန္ဒပြသူများကို ဖမ်းဆီးနေပြီး နိုင်ငံရေးသမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ခေါင်းဆောင်များ၊ မြေပြင်တွင် သတင်းယူနေသော သတင်းထောက်များကို ပစ်မှတ်ထားကာ ဖမ်းဆီးနေသည်။ 

အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြိုခွင်းစဉ် မှတ်တမ်းရယူနေသည့် သတင်းထောက်ငါးဦးကို ရဲက ဖေဖော်ဝါရီ ၂၇ တွင် ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မတ် ၁ အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ထောင်ချခြင်းခံထားရသူ ၁၂၁၃ ဦး ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading