ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကရုဏာအရ နွားများကို ယခုလို စောင့်ရှောက်ကြပေမယ့် မြန်မာနိုင်ငံက စားသောက်ဆိုင်တွေမှာ အမဲသားဟင်းလျာတွေ ရရှိနိုင်သလို ရဟန်းတွေအပါအဝင် လူအများအပြားက အမဲသားကို စားနေပါတယ်။
အာဘော်ဆောင်းပါး
နွားသတ်ရုံတွေကို ပိတ်ပစ်ဖို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( မဘသ)အဖွဲ့ဝင် သံဃာတော်တချို့ရဲ့ အမျိုးသားရေးလှုပ်ရှားဆောင်ရွက်မှုတစ်ခုဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မွတ်စလင်တွေ ပိုင်ဆိုင်တဲ့ ဒီလုပ်ငန်းကို ထိခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နွားတွေရဲ့ အသက်ကို ကယ်ဖို့ ရဟန်းတော်တွေရဲ့ ဦးဆောင် ဆော်သြမှုဟာ ယခင်တုန်းကလည်း အလားတူ ရှိခဲ့ဖူးပါတယ်။

၂၀ရာစုအစောပိုင်းက ထင်ရှားကျော်ကြားတဲ့ လယ်တီဆရာတော်ကြီးက တောင်သူလယ်သမားတွေအနေနဲ့ လူတွေစားဖို့ ဆန်စပါး စိုက်ပျိုးရာမှာ နွားတွေကို မှီခိုအားထားနေရတာကြောင့် လူတွေရဲ့ အသက်သခင် ကျေးဇူးရှင်တွေဖြစ်တဲ့ နွားတွေကို သတ်ဖြတ်စားသုံးခြင်း ရပ်တန့်ဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့ဖူးပါတယ်။
ဗြိတိသျှကိုလိုနီအရာရှိတွေဟာ အမဲသားကို လွန်လွန်ကျူးကျူး စားကြတာဟာ မြန်မာနိုင်ငံက နွားတွေအတွက် ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုအဖြစ် လယ်တီဆရာတော်က ယူဆခဲ့ပါတယ်။


နွားသားမစားရေး လှုပ်ရှားမှုဟာ အောင်မြင်ခဲ့ပါတယ်။ တခြားသောရဟန်းတော်များကလည်း ဝိုင်းဝန်း အားပေးကြပြီး ဗြိတိသျှတို့ဆီက လွပ်လပ်ရေးယူဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာမျိုးချစ်တွေအတွက်လည်း သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
“နွားတွေကို လယ်ထဲမှာ ခိုင်းတယ်။ နို့ကိုလည်း ထုတ်ယူတယ်။ ဒါကြောင့် သူတို့ဟာ မြန်မာတွေရဲ့ စီးပွားရေးအရင်းအနှီးလို့ ဆိုနိုင်တယ်” လို့ ဒတ်ချ်လူမျိုး မနုဿဗေဒပညာရှင် Gustaaf Houtman က ပြောပါတယ်။ အိန္ဒိယက ဟိန္ဒူဘာသာနဲ့ ဗြဟ္မဏဝါဒတွေမှာ နွားကို အလေးအမြတ်ထားတာကလည်း ဗုဒ္ဓဘာသာတွေ နွားတွေအပေါ် အလေးအမြတ်ထားတဲ့ အစဉ်အလာအပေါ်မှာ လွှမ်းမိုးမှု ရှိတယ်လို့ သူက ဆိုပါတယ်။


“လယ်တီဆရာတော်အနေနဲ့ အခုလို တိုက်တွန်းလှုံ့ဆော်ဖို့အတွက် အကြောင်းနှစ်ခု ရှိခဲ့ပါတယ်။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံထဲမှာ သားသတ်ရုံတွေ ဖွင့်မယ်၊ လယ်ယာလုပ်ငန်းခွင်တွေထဲက ကျွဲ၊ နွားတွေကို ရိက္ခာအတွက် သတ်ကြလိမ့်မယ်ဆိုပြီး ဆရာတော်ကြီးက စိုးရိမ်ခဲ့ပါတယ်” လို့ မြန်မာနိုင်ငံအကြောင်းကို ဆယ်စုနှစ်များစွာ လေ့လာခဲ့တဲ့ Houtman က ပြောကြားခဲ့ပါတယ်။
“လယ်တီဆရာတော်ကြီးအနေနဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဗြိတိသျှတွေက မြန်မာနိုင်ငံသားတွေရဲ့ သက်ရှိအရင်းအနှီးတွေကို သတ်ပစ်ကြမှာကိုပဲ စိုးရိမ်ကြတာပါ” လို့ သူက ပြောပါတယ်။
ဗုဒ္ဓဘာသာကို ကြည်ညိုကိုင်းရှိုင်းတဲ့ ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၆၁ ခုနှစ်မှာ ကျွဲနွားသတ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ပင်တဲ့ ဥပဒေတစ်ရပ်ကို အစိုးရက ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ မွတ်စလင်တွေအနေနဲ့ ဘာသာရေးနေ့တွေမှာ သားသတ်ဖို့ သီးခြားကင်းလွတ်ခွင့်လိုင်စင်ကိုတော့ လျှောက်ထားခွင့် ပြုထားပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့အချိန်မှာ ဒီဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးနုရဲ့ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက သူ့အဖေအနေနဲ့ မွတ်စလင်တွေအပေါ်မှာ ဘယ်တုန်းကမှ ခွဲခြားဆက်ဆံမှု မလုပ်ခဲ့ကြောင်း၊ လယ်တီဆရာတော်ကြီး၏ အဆုံးအမအတိုင်း နွားသတ်ဖြတ်ခြင်းကို တားမြစ်ခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောပါတယ်။
“နွားတွေဟာ မြန်မာပြည်သူတွေရဲ့ ကျေးဇူးရှင်တွေဖြစ်လို့ ကျွန်မတို့ မိသားစု အမဲသား လုံးဝမစားပါဘူး။ တခြားအကြောင်းကတော့ ဘာမှ မရှိပါဘူး။ ကျွန်မဆိုရင် ခြေလေးချောင်းသား ယခင်က ဘာမှ မစားပါဘူး။ အခုဆိုရင် သက်သတ်လွတ်ပဲ စားနေပါတယ်” လို့ ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကရုဏာအရ နွားများကို ယခုလို စောင့်ရှောက်ကြပေမယ့် မြန်မာနိုင်ငံက စားသောက်ဆိုင်တွေမှာ အမဲသားဟင်းလျာတွေ ရရှိနိုင်သလို ရဟန်းတွေအပါအဝင် လူအများအပြားက အမဲသားကို စားနေပါတယ်။ အမဲသားဖြစ်ဖြစ် ဘယ်အသားပဲဖြစ်ဖြစ် ရှောင်ကြဉ်မှုနဲ့ ပတ်သက်လို့ သဘောထားအမြင် မတူညီမှုတွေလည်း ရှိနေပါတယ်။ အချို့ ဘုန်းတော်ကြီးတွေက ဘုရားဟောတဲ့ တရားတွေထဲမှာ ဘာကိုစားစား အရသာအပေါ်မှာ တဏှာရမ္မက်နဲ့မစားဘဲ ‘သတိသမ္ဗဇဉ်’ နဲ့ စားဖို့သာ ညွှန်ပြထားကြောင်း ပြောပါတယ်။
ရန်ကုန်မြို့မှာ ဇွန်လက ပြုလုပ်ခဲ့တဲ့ မဘသအဖွဲ့ တွေ့ဆုံပွဲမှာ ကျွဲနွားသတ်ဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အထင်ကရ ဘုန်းတော်ကြီးတွေ အကြားမှာလည်း အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
မဘသရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူက ဘာသာရေးပွဲတွေအတွက် နွားတွေ အမြောက်အများ သတ်ဖြတ်မှုကို တားမြစ်ရန် သင့်၊ မသင့်ကို ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ ပရိတ်သတ်ထဲက သီလရှင်တစ်ပါးက ထပြီး ဆွေးနွေးပါတယ်။ သူက ဗုဒ္ဓဘာသာဝိနည်းတော်နဲ့အညီ သက်သတ်လွတ်သမားတစ်ဦးဖြစ်ပြီး မည်သည့်ဘာသာရေးပွဲကြောင့်မဆို တိရစ္တာန်တွေကို မသတ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလိုဆွေးနွေးမှုကြောင့် မွန်းမတည့်ခင်ကမှ ဝက်သားဟင်းနဲ့ ဆွမ်းဘုဉ်းပေးခဲ့တဲ့ မဘသ ရဟန်းတော်တွေနဲ့ ဆရာတော်ကြီးတွေ မျက်လုံးပြူးသွားကြပါတယ်။
စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ရှိတဲ့ ဦးဝီရသူက သူဆွေးနွေးခဲ့တဲ့ အကြောင်းအရာပေါ်မှာ သီလရှင်က အဓိပ္ပာယ်ကောက် လွဲသွားတာဖြစ်ပြီး၊ သူဆိုလိုတာဟာ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော်တွေမှာ တိရစ္တာန်တွေကို ရက်ရက်စက်စက် သတ်ဖြင့်သင့်သလား၊ မသင့်သလား ဆိုတာကို ဆွေးနွေးတာဖြစ်ကြောင်း ပြန်လည်တုံ့ပြန် ပြောဆိုပါတယ်။
ဘာသာခြားတွေရဲ့ ဘာသာရေးပွဲတော်တွေမှာ လုပ်ဆောင်နေတာကို တားမြစ်ပိတ်ပင်မယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဝေဖန်လာနိုင်ကြောင်း အချို့သော သံဃာတွေက ထပ်မံထောက်ပြလာတဲ့ အခါမှာတော့ ဒီဆွေးနွေးပွဲဟာ တောင်တောင်အီအီ ဖြစ်လာပြီး ဦးဝီရသူအတွက် သူစလိုက်တဲ့ပွဲကို သူထိန်းဖို့ အခက်အခဲ ကြုံခဲ့ရပါတယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












