"အရှိန်တက်နေသော မွတ်စလင်စီးပွားရေးကို သပိတ်မှောက်ခြင်း"

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တစ်နေရာတွင် စိုက်ထူထားသော ကျွဲ/နွားအသက်ကယ်ရန် ပါဝင်လှူဒါန်းကြရေး နှိုးဆော်ချက် ပိုစတာ (ဓာတ်ပုံ - Myanmar Now)

 

အသုတ်မြို့၊  ဧရာဝတီတိုင်းဒေသကြီး – အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ကိုလွင်ထွန်းသည် ယမန်နှစ်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် စက်ရုံတစ်ရုံ ဆောက်လုပ်ခဲ့သည်။ အအေးခန်းများပါဝင်သည့် ထိုစက်ရုံတည်ဆောက်မှုအတွက်  သိန်း ၃ဝဝဝခန့် ကုန်ကျပြီးခါမှ စက်ရုံအတွက်လိုအပ်သည့် ကုန်ကြမ်းပစ္စည်း ရှာမရခဲ့ပေ။ ထိုကုန်ကြမ်းမှာ အမဲသားဖြစ်သည်။

အကြောင်းမှာ လပွတ္တာရှိ မွတ်စလင်ပိုင် အမဲဖျက်သားသတ်ရုံ ၇ ရုံလုံး လုပ်ငန်း ရပ်ဆိုင်းသွားရခြင်းကြောင့်ပင်။ ၂ဝ၁၄ ဇန်နဝါရီတွင် နှစ်စဉ်ဆွဲနေကျ သားသတ်လိုင်စင်များ ရရှိရန် ကြိုးစားကြသော်လည်း ဒေသခံအာဏာပိုင်တို့က အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (မဘသ)  မှ ထင်ရှားသည့် ဆရာတော်များနှင့် အဖွဲ့ဝင်များ ဦးစီးနေသော အသင်းတစ်သင်းကို လိုင်စင်ပေးလိုက်ပြီ ဖြစ်သောကြောင့် သူတို့ လိုင်စင်ရရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သားသတ်ရုံများနှင့်အတူ ကိုလွင်ထွန်း၏ အသစ်စက်စက် အမဲသား စည်သွတ်စက်ရုံကိုလည်း ပိတ်သိမ်းထားလိုက်ရသည်။

ဗုဒ္ဓဘာသာဝင် အများစုရှိသော မြန်မာနိုင်ငံတွင် မွတ်စလင်တို့မှာ လူဦးရေ၏ ၅ ရာခိုင်နှုန်းမျှသာ ရှိသည်။ ၎င်းတို့အနက် တချို့မှာ မြစ်ဝကျွန်းပေါ်တွင် နေထိုင်ပြီး သားသတ်လုပ်ငန်း၊ အမဲသားရောင်းဝယ်ရေးလုပ်ငန်းနှင့် အခြားရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းများကို အဓိကအားထား၍ အသက်မွေးနေကြသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကာလ တစ်လျှောက် ဘာသာရေး လူမျိုးရေး တင်းမာမှုများ တအုံ့နွေးနွေး ဖြစ်ထွန်းခဲ့ရာ အရပ်သားတစ်ပိုင်း အစိုးရတက်လာပြီး တစ်နှစ်အကြာ ၂ဝ၁၂ တွင် သွေးထွက်သံယိုဖြစ်ပွားသည့် အခြေအနေအထိ ပေါက်ကွဲသွားသည်။ ပိုမိုပွင့်လင်းလာသည့် နိုင်ငံရေးအခင်းအကျင်းတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏သြဇာ ကျယ်ပြန့်လာကာ ၎င်းတို့၏ မွတ်စလင်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွင် မွတ်စလင်တို့၏ စီးပွားရေးလုပ်ငန်းများက ပစ်မှတ်ဖြစ်လာသည်။

၂ဝ၁၃ နှောင်းပိုင်းမှစတင်၍ မဘသ ဆရာတော်တို့၏ လှုပ်ရှားမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မွတ်စလင်ပိုင် သားသတ်ရုံများစွာ ပိတ်သိမ်းခဲ့ရပြီး၊ ထိုသားသတ်ရုံများမှလည်းကောင်း သို့တည်းမဟုတ် ဆရာတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့ ဦးဆောင်၍ ကျွဲနွားသယ်ဆောင်လာသူတို့ကို စစ်ဆေးမှုမှလည်းကောင်း ရရှိခဲ့သော ကျွဲနွားအရေအတွက်မှာ အကောင်ရေ ထောင်နှင့်ချီ ရှိကြောင်း Myanmar Now ၏ စုံစမ်းဖော်ထုတ်ချက်အရ သိရှိခဲ့ရသည်။ မွတ်စလင်တချို့ စီးပွားရေးလုပ်ငန်း ပိတ်သိမ်းခြင်း မပြုလုပ်ရသည့်တိုင် ဝင်ငွေ အကြီးအကျယ် ထိခိုက်ကျဆင်းသွားသော ထိုဖြစ်စဉ်များကို ကြည့်လျှင် နယ်ဘက်တွင် မဘသ၏သြဇာ မည်မျှထိ ကြီးမားကြောင်း တွေ့မြင်နိုင်သည်။

Myanmar Now က ရရှိခဲ့သော အစိုးရစာရွက်စာတမ်း အထောက်အထားများနှင့် သက်ဆိုင်ရာအာဏာပိုင်တို့ကို မေးမြန်းချက်များအရ တိုင်းအစိုးရ ထိပ်တန်းအာဏာပိုင်တို့က သံဃာတော်တို့၏ ထိုလှုပ်ရှားမှုများအကြောင်း သိရှိနေရုံသာမက မွတ်စလင်သားသတ်ရုံများ ပိတ်သိမ်းစေရန် လှုပ်ရှားမှုများကို ပံ့ပိုးကူညီခဲ့သည်။ ထို့ပြင် ဧရာဝတီတိုင်းရှိ သံဃာတော်များ ဦးဆောင် ဖွဲ့စည်းထားသည့် ဇီဝတဒါနသက်ကယ်ဟုခေါ်သော အဖွဲ့သည် ၎င်းတို့ဖမ်းဆီးရရှိခဲ့သည့် ရာနှင့်ချီသော ကျွဲနွားများကို  ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တရားဝင်တင်ပို့ခွင့် ရခဲ့သည်။ ထိုဒေသမှာ နိုင်ငံမဲ့ ရိုဟင်ဂျာခေါ် လူအများခေါ်ဝေါ်သုံးစွဲနေသည့် ဘင်္ဂါလီဆိုသော လူမျိုးတို့နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား သွေးထွက်သံယို ပဋိပက္ခများဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ဝင်ရောက်အခြေချ နေထိုင်နေသော ဗုဒ္ဓဘာသာဝင်တို့ကို မဘသအဖွဲ့က ဖမ်းဆီးရမိသည့် ကျွဲနွားတိရစ္ဆာန်များ လှူဒါန်းခဲ့သည်။  

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တွင် တည်ရှိသော မဘသဗဟိုရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိန်ဝင်းက “ဇီဝတဒါနသက်ကယ်အဖွဲ့မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဆရာတော်များလည်း ပါကြပါတယ်။ တိုက်ရိုက်ကြီး ဒီကနေ (မဘသဗဟိုကနေ) ညွှန်ကြားတာ မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီအဖွဲ့ထဲမှာပါတဲ့ ဆရာတော်တွေ အများစုဟာ မဘသအဖွဲ့ဝင် ဆရာတော်တွေ ဖြစ်ပါတယ်။ …မသသအဖွဲ့ကတော့ ဇီဝိဒါနအဖွဲ့လှုပ်ရှားတာတွေကို ထောက်ခံပါတယ်” ဟု ဆိုသည်။

အသက် ၄၉  နှစ်အရွယ် ကိုလွင်ထွန်းမှာ ရန်ကုန်တွင်လည်း ဆောက်လုပ်ရေး၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။ သို့သော် မဘသအဖွဲ့၏ လှုပ်ရှားမှုများကြောင့် လပွတ္တာရှိ သူ၏စီးပွားရေးလုပ်ငန်းများ အလားအလာ ကင်းမဲ့နေသည်။

“မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ လှုပ်ရှားနေတာ ကြာပြီ။ စာတွေလည်း ဖြန့်နေတာပဲ။ ရဲက သိပေမယ့် ဘာမှ အရေးမယူဘူးလေ” ဟု သူက ဆိုသည်။
 
ဘာသာရေး လွတ်လပ်ခွင့်

မွတ်စလင်တို့၏အဆိုအရ မဘသအဖွဲ့ဝင် ဆရာတော်တို့၏လှုပ်ရှားမှုများကြောင့် ၎င်းတို့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များ ထိခိုက်နေကြောင်း သိရှိရသည်။ ကျွဲနွားရှားပါးမှုနှင့် အစိုးရ၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကြောင့် လွန်ခဲ့သည့်နှစ်က  မြစ်ဝကျွန်းပေါ်မြို့နယ်များတွင် မွတ်စလင်တို့ အစ္စလာမ်ထုံးတမ်းစဉ်လာနှင့်အညီ အမဲပေါ်၍ အိဒ်ပွဲတော်ကျင်းပခြင်း မပြုနိုင်ခဲ့ပေ။

“ဒါဟာ ကျွန်တော်တို့ရဲ့ အခြေခံဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ” ဟု ရန်ကုန် အစ္စလာမ်ဌာနမှ အကြီးအကဲဖြစ်သူ ဟာဂျီဦးအေးလွင်က ဆိုသည်။ “ကျွန်တော့်ခန့်မှန်းခြေအရဆိုရင် မွတ်စလင်စီးပွားရေးလုပ်ငန်းအများစုဟာ ပုံမှန်ကို ပြန်မရောက်နိုင်သေးဘူး။ အမြတ် ၃ဝ ရာခိုင်နှုန်းလောက်တော့ ယေဘုယျအားဖြင့် ဆုံးရှုံးနေတာပဲ” ဟု သူက ဆက်၍ ဆိုသည်။

သို့သော် မဘသ ပြောရေးဆိုခွင့်ရှိသူက ဦးကျော်စိန်ဝင်းက အသက်ကယ်ခြင်းမှာ ဗုဒ္ဓဘာသာအတွေးအခေါ်အရ လုပ်သင့်လုပ်ထိုက်သည့်အလုပ် ဖြစ်သည်ဟု ဆိုသည်။

“စီးပွားရေးထိခိုက်တယ် ဆိုတာတော့ ကျွန်တော်တို့ သူတို့စီးပွားရေး ထိခိုက်အောင် တမင်လုပ်တာမှ မဟုတ်တာ။ သူတို့ကတော့ သတ္တဝါတွေကို ခုလိုသတ်မှပဲ ကုသိုလ်ရတယ်လို့ ဆိုတော့ သတ်မှာပေါ့ဗျာ။ ဘာသာရေးအရ သူတို့နဲ့ ကျွန်တော်တို့က ဒီမှာတင် ဆန့်ကျင်နေပြီ” ဟု  ဦးကျော်စိန်ဝင်းက တယ်လီဖုန်းဖြင့်မေးမြန်းခန်းတွင် ပြောကြားသည်။

အငြိမ်းစားဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းထားသော အရပ်သားအမည်ခံအစိုးရ တက်လာသည့် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ဘာသာရေးလူမျိုးရေး အဓိကရုဏ်းများ၊ မွတ်စလင်ဆန့်ကျင်သည့် ပြောဆိုမှုများ မြင့်တက်နေသည်ကို မြန်မာနိုင်ငံတွင် တွေ့ရသည်။ အဖုအထစ်များလှသည့် မြန်မာ့ဒီမိုကရေစီအကူးအပြောင်းသည် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် သမိုင်းဝင် ရွေးကောက်ပွဲများမှတစ်ဆင့် နောက်ထပ်ခြေလှမ်းတစ်ခု လှမ်းတော့မည်ဖြစ်သည်။

၂ဝ၁၂ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တို့ သွေးထွက်သံယိုအဓိကရုဏ်းများ ဖြစ်ပြီး နောက်တစ်နှစ်၂ဝ၁၃တွင် ဖွဲ့စည်းခဲ့သည့် မဘသသည်  နုနယ်သည့် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲတွင်  ထင်ထင်ရှားရှား နေရာယူလာသည်။ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာသည် အစ္စလာမ်၏ ခြိမ်းခြောက်မှုကို ခံနေရပြီဟု ပြောဆိုသော မဘသသည် မွတ်စလင်တို့ကို ခွဲခြား ဆက်ဆံရန်ဟု ယူဆရသော မျိုးစောင့်ဥပဒေလေးရပ်ကို လွှတ်တော်တွင် တရားဝင်ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ပြဋ္ဌာန်းနိုင်ခြင်းကို အောင်ပွဲခံသည့်ပွဲများ မဘသက ရန်ကုန်နှင့် အခြားမြို့နယ်များတွင် စက်တင်ဘာ ၁၄ ရက်မှစ၍ ၂ ပတ်တိုင်တိုင် ကျင်းပနေပြီ ဖြစ်သည်။

ဇွန်လက ပြုလုပ်ခဲ့သည့် ရဟန်းရှင်လူ ပရိသတ် ၆,၈ဝဝ ကျော် တက်ရောက်ခဲ့သော မဘသ ဒုတိယညီလာခံတွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်အရ ဘာသာရေးပွဲတော်များတွင် မွတ်စလင်တို့ တိရိစ္ဆာန်သတ်ဖြတ်ခြင်းကို ပိတ်ပင်ရန် အစိုးရထံ တောင်းဆိုသွားမည်ဟု ဖော်ပြထားသည်။

မဘသ၏ လုပ်ဆောင်မှုများသည် သံဃာအားလုံးကို ကိုယ်စားမပြု၊  ဗုဒ္ဓဝါဒ၏ အနှစ်သာရကို ထင်ဟပ်ခြင်းမရှိ စသော ဝေဖန်သံများလည်း  ရဟန်းရှင်လူများကြားတွင် ပေါ်ထွက်နေသည်။

 “တို့ကို လည်လှီးဖို့ လေ့ကျင့်နေတာ”

အရေးကြီးသည့် ရွေးကောက်ပွဲနှစ်တွင် မဘသ၏ လှုပ်ရှားမှုများကိုသုံး၍ စစ်တပ်နှင့် ပတ်သက်နေသည့် လူတန်းစားတစ်ရပ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ကို တိုက်ခိုက်နေသည်ဟု သူ့ကို ထောက်ခံသူများက ယူဆနေကြသည်။ မဘသနှင့် ဆက်နွယ်နေသည့် အချို့သော ရဟန်းတော်များကလည်း NLD သည် ဗုဒ္ဓဘာသာကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း လူသိရှင်ကြား ပြောဆိုထားသည်။

မွတ်စလင်တို့၏ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် ပြောဆိုမှုများသည် မြို့ကြီးပြကြီးများတွင် အရာမထင်သော်လည်း ကျွဲနွားသတ်ဖြတ်ခြင်းကို စက်ဆုပ်ရွံရှာသည့် ဗုဒ္ဓဘာသာဝင်တို့၏ မိရိုးဖလာအစဉ်အလာတစ်ခုကို အခြေခံသော ကျွဲနွားမသတ်ရေးလှုပ်ရှားမှုမှာ မြစ်ဝကျွန်းပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့အကြား အောင်မြင်ခဲ့သည်။

မြန်မာပြည်၏စပါးကျီဟု ကျော်ကြားသော မြစ်ဝကျွန်းပေါ်ရှိ ကျယ်ပြောလှသော စပါးခင်းများ၊ အင်းအိုင်ချောင်းများကြားဝယ် နေထိုင်နေကြသော လူဦးရေ ၆ သန်းတွင် အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ၊ သောင်းဂဏန်းမျှသော မွတ်စလင်တို့မှာ ရောင်းဝယ် ဖောက်ကားရေးလုပ်ကိုင်နေကြသည်။

မြန်မာလယ်သမားအများစုမှာ ကျွဲနွားများကို မွေးမြူကြခြင်းမှာ ရောင်းစားရန် သို့တည်းမဟုတ် အသားပေါ်ရန် မဟုတ်ဘဲ လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေရန်အတွက်သာ မွေးမြူထားကြခြင်း ဖြစ်သည်။ သို့သော် အရေးပေါ်ကျန်းမာရေးအခြေအနေ သို့မဟုတ် မင်္ဂလာပွဲပြုလုပ်ရန် စသည့် ငွေအမြန်လိုသည့် အခြေအနေမျိုးတွင် ကျွဲနွားများကို သားသတ်ရုံများသို့ ရောင်းချသည်လည်း ရှိသည်။ မဘသဆရာတော်တို့က  လယ်သမားများကို ကျွဲနွားရောင်းချမှု မပြုရန် တားမြစ်ခြင်း မရှိသော်လည်း ကိုယ်တိုင် သားသတ်လိုင်စင် ဆွဲ၍ ကြိုးပမ်းအားထုတ်နိုင်ခဲ့ပြီဖြစ်သည်။

၂ဝ၁၄ နှစ်ဆန်းတွင် ဧရာဝတီတိုင်းရှိ မဘသ ဆရာတော်များ ဦးဆောင်ပြီး ဇီဝတဒါနသက်ကယ်အသင်းကို ဖွဲ့စည်းကာ အစိုးရထံမှ သားသတ်လိုင်စင်များ ဝယ်ယူရေးအတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းများထံမှ တစ်ကျောင်းလျှင် ကျပ်တစ်သိန်းကျ ထည့်ဝင်ရန် မေတ္တာရပ်ခံမှုများ ရှိခဲ့သည်။

ထိုဆရာတော်များက ကျွဲနွားမသတ်ရေးနှင့်ပတ်သက်၍ တရားပွဲများကိုလည်း တိုင်းအတွင်းရှိ ကျေးလက်မြို့ရွာတို့တွင် ကျင်းပပြီး အလှုငွေ ရှာဖွေခဲ့သည်။ ကျွဲနွားသတ်ခြင်းသည် ဗုဒ္ဓအလိုကျမဟုတ်သော တိရစ္ဆာန်များကို အကျိုးမဲ့ ညှင်းဆဲသတ်ဖြတ် ယဇ်ပူဇော်ခြင်းသာဖြစ်ပြီး၊ အစ္စလမ်ဘာသာဝင်တို့သည် ကျွဲနွား မျိုးတုံးအောင် လုပ်ဆောင်နေကြသည်ဟုလည်း ထိုတရားပွဲများတွင် ဟောကြားခဲ့သည်။

“ဗုဒ္ဓဘာသာ တို့တတွေအများက သွေးအေးလို့ မနေသင့်ပြီ၊ သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည်” စသည့် စာသားပါသော ၉၆၉  နှိုးဆော်သံ သီချင်းကိုလည်း ထိုတရားပွဲများတွင် အကြိမ်ကြိမ်အခါခါ သုံးစွဲခဲ့သည်။

ဧရာဝတီတိုင်းရှိ ကျောင်းထိုင်ဆရာတော်အများအပြားက ထိုလှုပ်ရှားမှုကို တက်ကြွစွာထောက်ခံရာတွင် အသုတ်မြို့နယ်မှ သက်တော် ၆၅ နှစ်အရွယ် ဆရာတော် ဦးပညိန္ဒသည်လည်း အပါအဝင် ဖြစ်သည်။

“ကုလားသတ်လို့ ကျွဲနွားတွေလည်း ရာထောင်ချီ အမြောက်အမြား သေဆုံးခဲ့ပြီ။ နောင်ဆို ဒို့ဒေသမှာ ကျွဲနွား ပြုန်းတီးတော့မယ်။ သူတို့ဘာလို့ ကျွဲနွားတွေကို ရက်ရက်စက်စက် သတ်တယ်ဆိုတာ သိလား။ တို့ဗုဒ္ဓဘာသာဝင်တွေကို လည်လှီးဖို့ လေ့ကျင့်နေတာ” ဟု သူက မိန့်သည်။
 
အစိုးရ၏ ပါဝင်ပတ်သက်မှု

ကျွဲနွားများကယ်တင်ရေး ဇီဝိတဒါနအဖွဲ့ ဖွဲ့၍ လှုပ်ရှားနေသော မဘသအဖွဲ့ဝင်တို့က ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိ ဒေသအများစုတွင် သားသတ်လိုင်စင်များကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့များထံမှ ဆွဲနိုင်ခဲ့ကြောင်း၊ ထိုသို့ဆွဲရာတွင် အစိုးရ၏ အထောက်အပံ့ အကူအညီလည်း ရကြောင်း ပြောကြသည်။

ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးတွင် တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က သူ့ရုံးခန်းအတွင်း မဘသအဖွဲ့က ကြီးမှူးသော ဓမ္မစကူးလ်သင်တန်းများအတွက် ထုတ်ဝေထားသည့် ဖတ်စာအုပ်များ အထပ်လိုက်တင်ထားသော ခမ်းနားသည့် ကျွန်းစားပွဲကြီးရှေ့တွင် ထိုင်လျက် သူသည် ကျွဲနွားကယ်ဆယ်ရေးလှုပ်ရှားနေသူ သံဃာတော်များကို သားသတ်လိုင်စင်အတွက် ၂ဝ၁၄ ခုနှစ်မှစ၍  ၅ဝ ရာခိုင်နှုန်း လျှော့စျေးဖြင့် အထူးအခွင့်အရေး ပေးထားကြောင်း Myanmar Now ကို ပြောကြားခဲ့သည်။

“ကျွန်တော်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုတော့ ကျွဲ၊ နွားသတ်တဲ့ ကိစ္စတွေကို သဘောမတူပါဘူး။ အထူးသဖြင့် အမြောက်အများ သတ်နေတာတွေကိုပေါ့။ ဒါကြောင့် ဇီဝိတဒါနအနေနဲ့ လိုင်စင်ယူတဲ့ မြို့တွေကိုလည်း စဉ်းစားပြီး ဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့် ဆရာတော်တွေအနေနဲ့ လုပ်ဆောင်နေတဲ့ မြို့တွေကိုလည်း အများကြီး ကူညီဆောင်ရွက်ပေးရာမှာ မနှစ်ကရော ဒီနှစ်ရော လေလံစျေးနှုန်းရဲ့ တစ်ဝက်ကိုပဲ ယူစေခဲ့ပါတယ်။ ဥပမာ လေလံစျေးနှုန်းက ကျပ် ၁ဝဝ ဆိုရင် ကျပ် ၅ဝ ပဲ ယူစေပါတယ်။ ဒီလိုနည်းနဲ့ အခွင့်အရေးပေးတာတွေ တော့ရှိပါတယ်” ဟု သူက ဆိုသည်။

ဦးသိန်းအောင်သည် ယခင်က စစ်တပ်တွင် ဗိုလ်မှုးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ၊ နောင်တွင် သစ်တောရေးရာဝန်ကြီး ဖြစ်လာသည်။ ၂ဝ၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က သူ့ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။

ဇီဝတဒါနအဖွဲ့တွင်လှုပ်ရှားနေသော သူများထံမှ ကျွဲနွားမှောင်ခိုသယ်ဆောင်ခြင်း၊ ကျွဲနွားတရားမဝင်ပေါ်သည်များကို သတင်းရလျှင်ရခြင်း ဖမ်းဆီးအရေးယူရန် အထူးအဖွဲ့များ စေလွှတ်ကြောင်းလည်း ဦးသိန်းအောင်က ရှင်းပြသည်။

လပွတ္တာအပြင် အခြားသော ဧရာဝတီတိုင်းမြို့နယ်များတွင်လည်း မဘသဆရာတော်များက အမဲလိုင်စင်များ ဆွဲခဲ့ရာ ပန်းတနော်မြို့နယ်တွင်လည်း ၂ဝ၁၃ နှောင်းပိုင်းမှ စတင်၍ အလှုငွေသိန်း ၁၅ဝ ကျော် ရရှိပြီးနောက် သားသတ်ဌာန (၄) ခုလုံးကို ဝန်ကြီးချုပ်ဦးသိန်းအောင်၏ ခွင့်ပြုချက် ၅ဝ ရာခိုင်နှုန်း လျှော့စျေးဖြင့် သားသတ်လိုင်စင်များ ဆွဲနိုင်ခဲ့ကြောင်း ပန်းတနော်၊ မြတောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်လည်းဖြစ်၊ မဘသဗဟို၏ တွဲဖက်အတွင်းရေးမှုးဖြစ်သူ ဆရာတော် ဘဒန္တဦးကုမာရာက မိန့်သည်။ ထိုသို့ဆွဲခဲ့မှုကြောင့် ကျွဲနွားတိရစ္ဆာန်များ အသက်ချမ်းသာရရှိခဲ့ကြောင်း သူက ရှင်းပြသည်။  

Myanmar Now က ရရှိထားသော တိုင်းဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှုးဖြစ်သူ ဦးအေးကျော် လက်မှတ်ထိုးထားသည့် နိုဝင်ဘာ ၂ဝ၁၄ ရက်စွဲပါ စာတစ်စောင်တွင် ဇီဝိတဒါန အဖွဲ့များသည် တိုင်းအတွင်း၂၆ မြို့နယ်အနက် ၁၅ မြို့နယ်တွင် အမဲသားသတ်လိုင်စင်များ ဆွဲထားကြောင်း ဖော်ပြထားသည်။ သို့သော် ထိုအဖွဲ့များက မည်သို့မည်ပုံဆွဲသည်ကိုမူ အသေးစိတ် မဖော်ပြထားပေ။

အချို့သောမြို့နယ်များတွင်မူ မဘသအဖွဲ့ဝင်များသည် မွတ်စလင်ပိုင် သားသတ်ရုံများကို ဝင်ရောက်စီးနင်းစစ်ဆေးခြင်း၊ ကျွဲနွားသယ်ဆောင်လာသည့်ယာဉ်များကို ရပ်ခိုင်းပြီး ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ မွတ်စလင်သားသတ်လုပ်ငန်း လုပ်ကိုင်နေသူတို့သည် တရားဝင်လိုင်စင် သတ်မှတ်ချက်ထက် ကျွဲနွားများကို သတ်ဖြတ်နေကြောင်း၊ တရားမဝင်မှောင်ခို ခိုးထုတ်နေကြောင်းလည်း သူတို့က ဆိုသည်။ ထိုသို့ ကျွဲနွားကယ်ဆယ်ရေး လုပ်ဆောင်နေသူများထံမှ တရားမဝင် ကျွဲနွားသတ်ဖြတ်ခြင်း၊ မှောင်ခိုထုတ်ခြင်းများကို သတင်းရလျင်ရခြင်း လျင်မြန်စွာ အရေးယူဆောင်ရွက်ရန် ဧရာဝတီတိုင်းအစိုးရက ၂ဝ၁၄ တွင် ထုတ်ပြန်သော ညွှန်ကြားချက်တစ်ခုတွင် ဖော်ပြထားသည်။ ထိုညွန်ကြားချက်တွင်ပင် သံဃာတော်များအနေဖြင့် ကျွဲနွားကိစ္စ အရေးယူဆောင်ရွက်ရာတွင် ကိုယ်တိုင်မပါဝင်ရန်လည်း ဖော်ပြထားသည်။

သန်းခေါင်းယံည စီးနင်းမှုများ

မြစ်ဝကျွန်းပေါ်တခွင် ကျယ်ပြောလှသည့် စပါးခင်းကြီးများနှင့် လက်ယှက်ထိုးထားသည့်သဖွယ် ကွေ့ပတ်စီးဆင်းနေသည့် ချောင်းမြောင်းအင်းအိုင်များကြားတွင် ညအမှောင် ကျရောက်ပြီဆိုသည်နှင့် မြို့ပြင်ရွာပြင်ဘက်သို့ ခြေဦးလှည့်သူ မရှိသလောက် ရှားလှသည်။ သို့သော် ရန်ကုန်၏ အနောက်ဖက် ကီလိုမီတာ ၁၅ဝ ခန့်တွင် တည်ရှိသော ကျုံပျော်မြို့တွင်မူ မဘသ အမာခံတစ်ဦး ဖြစ်ပြီး မြို့၏ဇီဝိတဒါနသက်ကယ်အဖွဲ့တွင်လည်း အတွင်းရေးမှူးဖြစ်သူ ကိုဝင်းရွှေ၊ သူ၏ သူငယ်ချင်းများနှင့် သံဃာတော်တချို့မှာ ညအချိန်တွင် အထူး ဝိရိယကောင်းနေသူများ ဖြစ်သည်။

၂ဝ၁၄ နှစ်ဆန်းတွင် သူတို့အဖွဲ့သည် မြို့နယ်စည်ပင်သာယာက နှစ်စဉ်ရောင်းချသော အမဲသားသတ်လိုင်စင် ၆ ခု အနက် ၅ ခုကို လေလံဆွဲရန် အလှူငွေ ၁၅၈ သိန်း ၆ သောင်း ရှာဖွေနိုင်ခဲ့ပြီး၊ အစိုးရ၏ ဇီဝိတဒါနအဖွဲ့များအတွက် ပေးထားသော အထူးလျှော့စျေး အကူအညီဖြင့် လေလံဆွဲနိုင်ခဲ့သည်။ သို့သော် မြို့ပေါ်တွင် စျေးအကြီးဆုံးသော သားသတ်ဌာနတစ်ခု အတွက် လေလံဆွဲဖို့ရာ လျှော့စျေးဖြင့်ပင် မဆွဲနိုင်၍ လက်လျှော့ခဲ့ရသည်။

ထိုသို့လက်လျှော့လိုက်ရသော မွတ်စလင်ပိုင် သားသတ်ရုံအနီး မြက်တောများဆီသို့ ကိုဝင်းရွှေနှင့်အဖွဲ့ ညတိုင်ဆိုလျှင် သွားရောက်ပြီး ကင်းပုန်းဝပ် ထောက်လှမ်းခဲ့ကြသည်။

 “အဲဒီသားသတ်ရုံးက တစ်ညဆို တစ်ကောင်ပဲ ပေါ်လို့ရတာလေ။ တစ်ကောင်ထက်ပိုပြီး သတ်တယ်လို့ ကျွန်တော်တို့က မသင်္ကာဘူးဆိုပါစို့၊ ဥပမာ နွားတွေကို ရုံထဲကို ဆွဲသွင်းလာတာကို တွေ့ရင် ကျွန်တော်တို့အဖွဲ့က ခြုံထဲကနေထပြီး အတင်း သားသတ်ရုံထဲကို ဝင်လိုက်သွားပြီး စစ်ဆေးတယ်” ဟု သူက ကျုံပျော်ရှိ လက်ဘက်ရည်ဆိုင်တစ်ခုတွင် မကြာသေးမီက တွေ့ဆုံစဉ် ပြောပြသည်။

“ကျွန်တော်တို့ ပထမနှစ်ခါ ဝင်စစ်ဆေးတဲ့အခါ နွားတွေကို သတ်မှတ်ချက် လိုင်စင်ထက် ပိုသတ်နေတာ တွေ့တယ်။ ဒါနဲ့ မြို့နယ်စည်ပင်သာယာကို သွားအကြောင်းကြားပြီး အဲ့ဒီသားသတ်ရုံပိုင်ရှင် မွတ်စလင်ကို နာမည်ပျက်စာရင်းသွင်းဖို့ ဖိအားပေးခဲ့တယ်။ နောက်တော့ သူလည်း နာမည်ပျက်စာရင်းသွင်းခံရပြီး သူ့သားသတ်ရုံလည်း ပိတ်သွားတယ်” ဟု သူက ဆက်၍ ဆိုသည်။

ကိုဝင်းရွှေကဲ့သို့ မဘသအဖွဲ့ဝင်များ၊ ဇီဝတဒါနသက်ကယ်လႈပ်ရှားနေသူများတွင် ဗုဒ္ဓဘာသာအတွေးအခေါ်များ၊  ကျွဲနွားတိရစ္ဆာန်တို့ကို အမှန်တကယ် ချစ်ခင်သနားသည့်စိတ်၊ အစ္စလာမ်ဘာသာဝင်တို့ကို မုန်းတီးသည့်စိတ်၊ အစိုးရအာဏာပိုင်တို့၏ အကျင့်ပျက်ခြစားမႈများကို တွန်းလှန်ချင်သည့်စိတ် စသည့် ခံစားချက်ပေါင်းစုံတို့ ရောပြွမ်းနေကြပြီး ၄င်းတို႔ ယုံကြည်ရာကို လုပ်ဆောင်နေသူများဟု ဆိုနိုင်သည်။

သူတို့ကဲ့သို့အဖွဲ့များက သားသတ်ရုံများကို ညဉ့်သန်းခေါင်းယံအချိန် ဝင်စီးနေခြင်းမှာ အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာအဖွဲ့များနှင့် အစိုးရအာဏာပိုင်တို့ ကြားရှိ ရႈပ်ထွေးလှသော ဆက်ဆံရေးကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ သူတို့၏ ဆက်ဆံရေးမှာ တစ်ခါတစ်ရံတွင် ပူးပေါင်းဆောင်ရွက်သည့်အသွင် ဆောင်သကဲ့သို့၊ တစ်ခါတစ်ရံတွင်မႈ ပဋိပက္ခအသွင်သို့ ရောက်ရှိနေသည်လည်း တွေ့ရသည်။
 
အနောက်တံခါးကို ကာကွယ်ခြင်း

ဧရာဝတီတိုင်းမဘသအဖွဲ့များ၊ ဇီဝတဒါနသက်ကယ်လႈပ်ရှားသူများနှင့် ကိုဝင်းရွှေနှင့် သူ၏မိတ်ဆွေများ၏ ပြောဆိုချက်အရ ၂ဝ၁၄ နှစ်ဆန်းပိုင်းမှ စတင်၍ ၄င်းတို့အဖွဲ့များ ဖမ်းဆီးခဲ့သော ကျွဲနွားများမှာ အကောင်ရေ ၄,ဝဝဝ ခန့် ရှိကြောင်း သိရသည်။ ထိုကျွဲနွားများကို ဆင်းရဲနွမ်းပါးသည့် ဗုဒ္ဓဘာသာလယ်သမားများထံသို့ နောက်ပိုင်းတွင် ပေးလှူခဲ့ကြသည်။ ထိုသို့ပေးလှူရာတွင်လည်း ကျွဲနွားများကို မသတ်ရ၊ ပြန်လည်ရောင်းချခြင်း မပြုရ၊ ကျွဲနွားများ မကျန်းမာပါက ဇီဝတဒါနသက်ကယ်အဖွဲ့ထံ ပြန်လည်အကြောင်းကြားရမည် စသော စည်းမျဉ်းစည်းကမ်းများပါသည့် စာချုပ်များဖြင့် ပြုလုပ်ခဲ့ကြသည်။

၂ဝ၁၄ နှစ်လယ်တွင် မဘသအဖွဲ့လှုပ်ရှားနေသူများသည် ဖမ်းဆီးရရှိသည့် ကျွဲနွားများကို ရင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များသို့ ပေးပို့ရန် အစိုးရ၏ တရားဝင်ခွင့်ပြုချက် ရရှိခဲ့သည်။ ဆင်းရဲလှသည့် မောင်တောခရိုင်မှာ မြန်မာနိုင်ငံ၏ အနောက်ဘက် အစွန်ဆုံးကျသည့် ဒေသဖြစ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၏ နယ်စပ်တွင် တည်ရှိနေကာ၊ ထိုဒေသရှိ မွတ်စလင်ဦးရေမှာ ဗုဒ္ဓဘာသာရခိုင်လူမျိုး အရေအတွက်ထက် အဆမတန် သာလွန်နေသည်။ မဘသက ထိုနေရာကို အနောက်တံခါးဟု သမုတ်ထားပြီး အစိုးရကလည်း တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားလေသည်။

ရခိုင်ပြည်နယ်အစိုးရအာဏာပိုင်တို့၏အဆိုအရ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်မျိုးနွယ်စုများ ထောင်ချီ၍ မောင်တောခရိုင်သို့ ဝင်ရောက် အခြေချလာခဲ့သည်။ မွတ်စလင်လူဦးရေနှင့် ယှဉ်လျှင် လူဦးရေ နည်းနေသော ရခိုင်လူမျိုးတို့ကို အားဖြည့်ရန် ဆန္ဒပြင်းပြနေသော အစိုးရအာဏာပိုင်တို့နှင့် ရခိုင်တိုင်းရင်းသားတို့ကလည်း ၎င်းတို့ကို ကြိုဆိုခဲ့ကြပြီး မောင်တောခရိုင်အတွင်း ရွာများတည်၍ နေရာချထားခဲ့လေသည်။

သြဂုတ် ၂၄၊ ၂ဝ၁၄ ရက်စွဲပါ ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များသို့ ပေးပို့ခဲ့သည့် ညွန်ကြားချက်စာတစ်စောင်တွင် ဇီဝတဒါနသက်ကယ်အဖွဲ့များက တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ကျွဲနွားအကောင်ရေ ၁ဝဝ ကို မအူပင်သင်္ဘောဆိပ်သို့ သယ်ဆောင်ပြီး၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပါရှိသည်။

မွတ်စလင်တို့၏ လွှမ်းမိုးမႈကို တားဆီးမည့် “အနောက်တံခါးကို ကာကွယ်မည့်” အစီအမံဖြစ်ကြောင်း ကိုဝင်းရွှေက ဆိုသည်။

သူ့ထံမှရရှိသော ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ ၂ဝ၁၄ စက်တင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းမှ မောင်တောရှိ ဗုဒ္ဓဘာသာဝင်များထံသို့ ပို့ဆောင်လိုက်သော ကျွဲနွားများ လှဴဒါန်းပွဲကို ရခိုင်ပြည်နယ်အစိုးရ စစ်ဘက်အရပ်ဘက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ သူရိယစန္ဒာဝင်းသင်္ဘောကုမ္မဏီ အကူအညီဖြင့် ကျွဲနွားများ ပို့ဆောင်ရန် အဓိက ကူညီစီစဉ်ပေးခဲ့သူမှာ ရခိုင်ပြည်နယ် ရသေ့တောင်ဇာတိ ရခိုင်ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သူ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးစိန်အောင်ဖြစ်သည်။

“အနောက်တံခါးသာမရှိရင် ပြည်မကြီးဆိုတာလည်း ဘင်္ဂါလီတွေနဲ့ ပြည့်လျှံသွားမယ်။ ဒါ့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဗုဒ္ဓဘာသာမျိုးနွယ်စုတွေကို ဒီဘက် ရခိုင်ပြည်ကိုခေါ်ပြီး သူတို့နဲ့ပဲ အနောက်တံခါးကို လူသားတံတိုင်းနဲ့ခတ်ဖို့အစီအစဉ်ကို ၂ဝ၁၂ တည်းက ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေကို ချပြတော့ သူတို့လည်း သဘောတူတယ်” ဟု ဦးစိန်အောင်က YMBA အသင်း၏ သင်္ကေတဖြစ်သည့် ကြက်ခြေခတ်အမှတ်တံဆိပ်များ၊ အလံများဖြင့် တန်ဆာဆင်ထားသော သူ၏ရုံးခန်းတွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သူသည် ရွှေပြည်သာမြို့နယ်၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) ၏ အသင်းခွဲ ဥက္ကဋ္ဌဖြစ်ပြီး ကျွဲနွားများ နယ်ကျော်ပို့ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရ၊ ဧရာဝတီတိုင်းအစိုးရ တာဝန်ရှိသူများ၊ ရန်ကုန်မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့နှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။ ဦးဇော်အေးမောင်ကလည်း ထိုအချက်မှာ မှန်ကန်ကြောင်း Myanmar Now သို့ တယ်လီဖုန်းဖြင့် အတည်ပြု ပြောကြားခဲ့သည်။
 
“တို့အားလုံး ဒီမှာမွေးဖွားခဲ့ကြတယ်”

မဘသ၏ မွတ်စလင်စီးပွားရေးလုပ်ငန်းများအပေါ် သပိတ်မှောက်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူများကြားတွင် မြန်မာနိုင်ငံ၏ပုံရိပ် ထိခိုက်ခဲ့ကြောင်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ မက်ကွိုင်းယားတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်က သုံးသပ်သည်။

“အတိုင်းအတာတစ်ခုအထိ အသေးစားစျေးဆိုင်တွေရော၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေရော၊ နောက်ဆုံး ငွေချေးလုပ်ငန်းလုပ်သူတွေအားလုံး ထိခိုက်နေတဲ့သဘော ရှိပါတယ်”ဟု  သူက ဆိုသည်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ရှိ မွတ်စလင်စားသောက်ဆိုင်ရှင်တစ်ဦး၏ အဆိုအရ ၎င်းတို့၏ လုပ်ငန်းများကို သပိတ်မှောက်ရန် နှိုးဆော်မှုများ စတင်ခဲ့သည့် ၂ဝ၁၃ မှ စ၍ သူ့ဆိုင်၏ အမြတ်သည် ပုံမှန် တစ်နေ့ ကျပ် တစ်သိန်းခန့်မှ နှစ်သောင်းအထိ ထိုးဆင်းခဲ့ကြောင်း၊ အနီးနားရှိ မွတ်စလင်စားသောက်ဆိုင်တစ်ဆိုင်မှာမူ လုံးဝပိတ်သိမ်းပြီး ဆိုင်ရှင်မှာ မြို့မှ အပြီးအပိုင် ထွက်ခွာသွားသည်ဟု ဆိုသည်။ မွတ်စလင်တို့၏ထုံးတမ်းအတိုင်း ပြုလုပ်ထားသည့် ဟာလယ်အမဲသားကို မြို့တွင် မဝယ်နိုင်တော့သဖြင့် သူ၏ဖောက်သည်များအတွက် ချက်ပြုတ်ရောင်းချခြင်း မပြုနိုင်တော့ကြောင်း သူက ပြောသည်။

“ဟာလယ်လုပ်ထားတဲ့အမဲသား စားချင်ရင် ရန်ကုန်ကလူကြုံကို လှမ်းမှာရတယ်။ ဧရာဝတီတိုင်း တော်တော်များမှာ အမဲသားကို ဝယ်မရတော့ဘူး” ဟု သူက တိုးညှင်းစွာ ပြောကြားသည်။ စကား တိုးတိုးပြောရခြင်း၏အကြောင်းမှာ သူ့ဆိုင်ဘေးရှိ ဗုဒ္ဓဘာသာထမင်းဆိုင်အဝင်ဝတွင် နှစ်ပေ ပတ်လည်မျှ ရှိသော မဘသအဖွဲ့၏ ၉၆၉ အမှတ်တံဆိပ်ကြီး ချိတ်ဆွဲထားခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် သူ၏ဆိုင်ရှေ့တွင် “ငါ့နို့ရည်ကိုသောက်ပြီး ငါ့ကိုမိခင်အဖြစ် သဘောမထားနိုင်ဘူးလား သခင်” စာသားပါရှိသည့် နွားမေတ္တာစာချိုး၊ နွားဦးခေါင်းဓာတ်ပုံတို့ ပါရှိသည့် အစိမ်းရောင် မြေစိုက်ပိုစတာကြီး တည်ရှိနေသည်။ ထိုမြေစိုက်ပိုစတာကို ဇီဝိတဒါနသက်ကယ်အဖွဲ့များက စီစဉ်ခြင်းဖြစ်သည်။

ကျွဲနွားမသတ်ရေးလှုပ်ရှားမႈနှင့်ပတ်သက်၍ ဧရာဝတီတိုင်းရှိ မွတ်စလင်အများစုက ဗုဒ္ဓဘာသာဝင်များ၊ မဘသအဖွဲ့ဝင်များ ငြိုငြင်မည်ကိုစိုး၍ လူသိရှင်ကြား မပြောရဲ မဆိုရဲ ဖြစ်နေကြသည်။ အချို့သောမွတ်စလင်များကမူ နိုးကြွနေသော အမျိုးသားရေးအခြေခံ ဗုဒ္ဓဘာသာလှုပ်ရှားမှုကြီး တဖြည်းဖြည်း အရှိန်လျော့သွားနိုးကိုသာ မျှော်လင့်လျက်ရှိနေကြသည်။

“ကျုပ်တို့အားလုံး ဒီမြေမှာပဲ မွေးဖွားကြီးပြင်းခဲ့ကြတယ်။ တခြားပြေးစရာ ဘယ်နိုင်ငံမှလည်း မရှိဘူး။ အိဒ်ပွဲရောက်လို့ ကျွဲနွားပူဇော်စရာမရှိဘူးဆိုလည်း သိုးတွေ၊ ဆိတ်တွေပဲ ပူဇော်မယ်လေ” ဟု ကျောင်းကုန်းမြို့ရှိ မွတ်စလင်ဗလီဂေါပကဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်က ဆိုသည်။
 
(ဆွေဝင်းရေးသား၍ ပေါလ်ဗရီးဇ်၊ ရော့စ်ရာဆဲ၊ သင်းလဲ့ဝင်းတို့ တည်းဖြတ်သည်။)  

(မှတ်ချက် - မဘသဗဟိုရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူကို ဦးကျော်ဝင်းစိန် ဟု ယခင်က ဖော်ပြခဲ့ပါသည်။  အမည်မှန်မှာ ဦးကျော်စိန်ဝင်း ဖြစ်ပါသည်။ ဆောင်းပါးတွင်  ပြန်လည် ပြင်ဆင် ဖော်ပြထားပါသည်။)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading