လူပင်လယ်ကြီး ဂုဏ်ပြုကြသည့် လူငယ်လေး၏နောက်ဆုံးခရီး

ဆန္ဒပြစဉ် ပစ်ခတ်သတ်ဖြတ်ခံရသည့် ရန်ကုန်မှ လူငယ်လေး၏ နောက်ဆုံးခရီးကို လူပင်လယ်ကြီးက လိုက်ပါပို့ဆောင် ဂုဏ်ပြုကြပြီး သူငယ်ချင်းများကလည်း စစ်အာဏာရှင်စနစ်ကို ဆက်လက် အံတုနေကြသည်။ 

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း အကြမ်းဖက်ဖြိုခွင်းမှု၌ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ထိမှန်၍ လဲကျသွားသည့် ကိုညီညီအောင်ထက်နိုင် (ဓာတ်ပုံ - Myanmar Now)

၂၀၂၁ ခုနှစ်၏ နွေဦးရာသီ မတ်လ ၂ ရက်နေ့  နေမွန်းတည့်ပူပူတွင် ရန်ကုန်၊ လှော်ကားသုဿန်၌ လူထုကြီးက ကွင်းလုံးပြည့် ကြိုတင်ရောက်ရှိနေကြသည်။ 

နှင်းဆီပန်း တစ်ပွင့်စီ အသီးသီးကိုင်ဆောင်ထားသည့် လူအများအပြား ပါဝင်သော အရေအတွက် တစ်သိန်းကျော်ရှိသော လူပင်လယ်ကြီးသည် အပူဒဏ်ကို အံတုကာ အသက် ၂၃ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ဂုဏ်ပြုကြခြင်းဖြစ်သည်။

သူ့ရုပ်ကလာပ် ထည့်သွင်းထားသည့် အဖြူရောင်ခေါင်းတလားကို နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်လာပြီး သုဿာန်သို့ ရောက်ခါနီးတွင် လူအချို့က ခေါင်းတလားကို ထမ်းပိုးသယ်ဆောင်လိုက်ကြရာ သူတို့နောက်မှ လူထုပရိသတ်က လမ်းမတစ်လျှောက် လိုက်ပါလာကြသည်။

လှော်ကားသုဿန်၏ အုတ်ဂူနီနီတွင် ညီညီကို ဂူသွင်းလိုက်ကြသည်။

စစ်အုပ်စုက အာဏာသိမ်းပြီး တစ်လအကြာ အကြမ်းဖက်ချေမှုန်းမှုကြားက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုတော်လှန်မှု အရှိန်မြင့်နေချိန် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း အကြမ်းဖက်ဖြိုခွင်းမှု၌ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ကိုညီညီအောင်ထက်နိုင် ဝမ်းဗိုက်ပွင့်ထွက်လျက် ကျဆုံးခဲ့သည်။ 

“၂၈ ရက်နေ့က သွားမယ် တဲ့၊ ကျွန်တော်တို့တိုက်မှဖြစ်မှာလို့ သူပြောသွားတယ်” ဟု အစ်မဝမ်းကွဲဖြစ်သူ မရဲစုလွင်လွင်က မျက်ရည်ဝဲလျက်ပြောသည်။

ထိုနေ့က သူငယ်ချင်း ၁၅ ဦးခန့်စုကာ ရွှေပြည်သာမှ ကားငှားပြီး လှည်းတန်းသို့ ရောက်လာကြသည်။ 

လမ်းတွင် ကြွေးကြော်သံများ အော်ဟစ်လာခဲ့ပြီး စုရပ်ရှိရာ လှည်းတန်းလမ်းသို့ ရောက်ရောက်ချင်းတွင်ပင် အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခံလိုက်ရသည်။

လှည်းတန်းလမ်းရှိ တိုက်ခန်းတစ်ခုပေါ်တွင် ၎င်းတို့ ပုန်းအောင်းနေခိုက် အခြေအနေ ခဏငြိမ်သက်သွားချိန်တွင် ညီညီသည် အဖော်များရှိရာသို့ ရောက်လာသေးသည်ဟု သူငယ်ချင်းဖြစ်သူ ကိုဇင်ကိုဝင်းခိုင်က ဆိုသည်။

“ကျွန်တော်ကပြောတယ် ကျွန်တော်တို့နဲ့နေပါ သူကရတယ်တဲ့၊ အောက်ခဏဆင်းလိုက်မယ်၊ အခြေအနေသွားကြည့်မယ်ပြောပြီး အောက်ဆင်းသွားတယ်၊ အဲဒီကနေစပြီး သူနဲ့ မတွေ့ရတော့တာပါပဲ” ဟု ၎င်းက ယူကျုံးမရစွာပြောသည်။

နံနက် ၉း၂၀ ခန့်တွင် အသံဗုံးပေါက်ကွဲသံ သုံးလေးချက်ဆင့်ကာ ကြားရပြီးနောက် ဆက်တိုက်ဆိုသလို အသံဗုံးနှင့် သိသိသာသာကွဲပြားသည့် ကျည်အစစ်ဖြင့်ပစ်ခတ်သံ ‘ဘန်း ဘန်း ဘန်း’ အသံများကြားတွင် ကိုညီညီအောင်ထက်နိုင် သွေးအိုင်ထဲ၌ လဲကျခဲ့သည်။ 

ကျည်ဆန်သည် ‘နွေဦးတော်လှန်ရေး’ တီရှပ်အဖြူဝတ်ဆင်ထားသော ညီညီ၏ ဗိုက်ကို ထိုးဖောက်ကာ ခါးဘက်မှ ပြန်ထွက်သွားသည်။ ကျည်ထိချိန်သည်  နံနက် ၉း၂၁ ဖြစ်သည်။

လဲကျသွားသောညီညီ ပစ်ခတ်သံများကြားတွင် ထထိုင်လိုက်ရာ သူ့နောက်ကျောဘက်မှ သွေးများက ပလက်ဖောင်းပေါ်တွင် အကွက်လိုက် တွေ့ရသည်။ သူ့ရှေ့တွင် ပစ်ခတ်မှုကို ကျောင်းအုတ်တံတိုင်းဘေးတွင် ကပ်ပြီး တိမ်းရှောင်နေသူသုံးဦးကို တွေ့ရသည်။ ထို့နောက် ညီညီ ပြန်လဲကျသွားသည်။ လူတချို့က သူ့ကို ပိုမိုလုံခြုံမည့်နေရာသို့ သယ်ဆောင်သွားသော်လည်း အသက်မမီတော့ပေ။

ညီညီကဲ့သို့ပင် လှည်တန်းလမ်းတွင် လက်နက်ကိုင်များ လက်ချက်ကြောင့် တစ်ချိန်တည်း ကျဆုံးခဲ့သူမှာ အသက် ၂၀ အရွယ် မောင်ဇင်လင်းထက်ဖြစ်ပြီး ဦးခေါင်းထိမှန်ကာ မျက်စိတစ်ဖက်ပွင့်ထွက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၈ လှည်းတန်းလမ်း အကြမ်းဖက်မှုဖြစ်စဉ်

ဖေဖော်ဝါရီ ၂၈ ရက် (တနင်္ဂနွေနေ့) ကို အထွေထွေသပိတ်နေ့အဖြစ် ကြိုတင်သတ်မှတ်လှုံ့ဆော်ခဲ့ကြသလို အာရှနိုင်ငံတချို့နှင့်အတူ Milk Tea Alliances လှုပ်ရှားမှုနေ့လည်း ဖြစ်သည်။ ထိုနေ့ နိုင်ငံအနှံ့ လမ်းပေါ်ထွက် ကန့်ကွက်သူတို့ကို ပစ်ခတ်နှိမ်နင်းလိုက်ရာ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ယနေ့အထိ လူထူအုံကြွမှုကာလတစ်လျှောက် အသေအပျောက်အများဆုံးနေ့ဖြစ်သည်။

ဆန္ဒပြသူများကို လူစုခွင့်ပင်မရအောင် လက်နက်ကိုင်များက စောစီးစွာ အကြမ်းဖက်ဖြိုခွင်းလိုက်သည်။

ထိုနေ့က လှည်းတန်းလမ်းပေါ်တွင် လက်နက်ကိုင်များက နံနက်စောစောကတည်းက နေရာယူထားပြီး လူငယ်များ စတင်စုရုံးလာသည့် ၈ နာရီခွဲအချိန်တွင်ပင် ပစ်ခတ်ကြသည်။

လက်နက်မဲ့ အာခံသော ဆန္ဒပြလူငယ်များကို ရှေ့တန်းတွင် ရန်သူကို ရင်ဆိုင်ရသကဲ့သို့ လက်နက်ကိုင်တို့က ချေမှုန်းကြသည်။

ရဲယူနီဖောင်းဝတ် လက်နက်ကိုင်များသည် လှည်းတန်းဈေးအနီးတွင် တစ်ဖွဲ့၊ ရထားလမ်းခုံးကျော်တံတားအဆင်းတွင်တစ်ဖွဲ့ နေရာယူကာ ဆန္ဒပြလူငယ်များကို နှစ်ဖက်ညှပ်တိုက်ပြီး အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွင်းသည်။

လူငယ်ထုဘက်ကလည်း ဖြိုခွင်းချိန်တွင် ခေတ္တငြိမ်သွားပြီး သံပုံးများတီးကာ ပြန်လည်ချီတက်ကြသည်။ လူထုက ပြန်ချီတက်လိုက်၊ လက်နက်ကိုင်များက ဖြိုခွင်းလိုက်ဖြင့် သုံးကြိမ်ထက်မနည်း ဖြစ်နေချိန်တွင် အကြမ်းဖက်လက်နက်ကိုင်များက ကျည်အစစ်သုံးကာ ပစ်ခဲ့သည်။

ကျည်များသည် လက်နက်ကိုင်များ တပ်စွဲထားသည့်နေရာမှ ကိုက် ၃၀၀ ကျော်အကွာ လျှပ်စစ်ဓာတ်မီးတိုင်ကိုပင် ထုတ်ချင်းပေါက်ခဲ့ပြီး ကားမှန်၊ သစ်ပင်၊ တိုက်ခန်းမှန်နံရံနှင့် ကားမှတ်တိုင်တို့ကိုလည်း ထိမှန်ခဲ့သည်။

ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေလေ့ရှိသည့် ညီညီအောင်ထက်နိုင်သည် ဆန္ဒပြရာတွင် အလုပ်မအားလပ်သည့်ကြားမှ တစ်ပတ်လျှင် ငါးရက်ခန့် ပါဝင်နေသူဖြစ်ကြောင်း သူငယ်ချင်း ဇင်ကိုဝင်းခိုင်က ပြောသည်။ 

ညီညီအောင်ထက်နိုင်တွင် ကိုကိုအောင်ထက်နိုင်ဟူသည့် အမြွှာအစ်ကိုတစ်ဦးရှိသည်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြပြီး မိဘအပေါ်လည်း သိတတ်သူများဖြစ်ကြောင်း သူငယ်ချင်းများက ဆိုသည်။

လူချစ်လူခင်များသည့် ညီညီသည် Myanmar Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွင် Network Engineer အဖြစ် အလုပ်လုပ်ပြီး မိဘနှစ်ပါးကို လစဉ်ထောက်ပံ့နေသူလည်းဖြစ်သည်။

“သူမသေခင်တုန်းကတောင် သူ့အဖေကို လစာထုတ်လာတဲ့ ပိုက်ဆံလေး တစ်သိန်းပေးတယ်။ အဖေရယ် တစ်သိန်းယူထားပါ၊ ကျန်တဲ့ပိုက်ဆံကိုတော့ သား တိုက်ပွဲတွေဝင်ရဦးမယ်တဲ့၊၊ သားယူသွားမယ်နော်ဆိုပြီး။ သူ့အမေအတွက်ကိုလည်း သီးသန့်ခေါင်းအုံးအောက်မှာ ငါးထောင်တန်လေးတွေ ထည့်သွားပေးတယ်” ဟု ညီညီ၏ဝမ်းကွဲအစ်မ ရဲစုလွင်လွင်က ပြောသည်။

နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ရသည့် သူရဲကောင်း ညီညီအတွက် အမြဲတမ်းဂုဏ်ယူလျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု သူငယ်ချင်းများက ဆိုသည်။ 

စစ်အုပ်စု၏ အကြမ်းဖက်မှုများကို တစ်ကမ္ဘာလုံးက သိနေပြီး ပြည်သူများကလည်း လက်မခံသည့်အတွက် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံကို မည်သည့်နည်းနှင့်မျှ အုပ်ချုပ်ရန် မဖြစ်နိုင်ကြောင်း ညီညီ၏ သူငယ်ချင်း ဇင်ကိုဝင်းခိုင်က ပြောသည်။

“ကျွန်တော့်သူငယ်ချင်း ပေးခဲ့ရတဲ့အသက်နဲ့ တန်အောင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရာမှာ နောက်လူတွေ အားမလျှော့ဖို့ ကျွန်တော်က တိုက်တွန်းချင်တယ်” ဟု ၎င်းက ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading