ဆောင်းပါး

လူပင်လယ်ကြီး ဂုဏ်ပြုကြသည့် လူငယ်လေး၏ နောက်ဆုံးခရီး

၂၀၂၁ ခုနှစ်၏ နွေဦးရာသီ မတ်လ ၂ ရက်နေ့  နေမွန်းတည့်ပူပူတွင် ရန်ကုန်၊ လှော်ကားသုသာန်၌ လူထုကြီးက ကွင်းလုံးပြည့် ကြိုတင်ရောက်ရှိနေကြသည်။ 

နှင်းဆီပန်း တစ်ပွင့်စီ အသီးသီးကိုင်ဆောင်ထားသည့် လူအများအပြား ပါဝင်သော အရေအတွက် တစ်သိန်းကျော်ရှိသော လူပင်လယ်ကြီးသည် အပူဒဏ်ကို အန်တုကာ အသက် ၂၃ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ဂုဏ်ပြုကြခြင်းဖြစ်သည်။

သူ့ရုပ်ကလာပ် ထည့်သွင်းထားသည့် အဖြူရောင်ခေါင်းတလားကို နိဗ္ဗာန်ယာဉ်ဖြင့် သယ်ဆောင်လာပြီး သုသာန်သို့ ရောက်ခါနီးတွင် လူအချို့က ခေါင်းတလားကို ထမ်းပိုးသယ်ဆောင်လိုက်ကြရာ သူတို့နောက်မှ လူထုပရိသတ်က လမ်းမတစ်လျှောက် လိုက်ပါလာကြသည်။

လှော်ကားသုသာန်၏ အုတ်ဂူနီနီတွင် ညီညီကို ဂူသွင်းလိုက်ကြသည်။

စစ်အုပ်စုက အာဏာသိမ်းပြီး တစ်လအကြာ အကြမ်းဖက်ချေမှုန်းမှုကြားက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုတော်လှန်မှု အရှိန်မြင့်နေချိန် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ကမာရွတ်မြို့နယ်၊ လှည်းတန်း အကြမ်းဖက်ဖြိုခွင်းမှု၌ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ကိုညီညီအောင်ထက်နိုင် ဝမ်းဗိုက်ပွင့်ထွက်လျက် ကျဆုံးခဲ့သည်။ 

“၂၈ ရက်နေ့က သွားမယ် တဲ့၊ ကျွန်တော်တို့တိုက်မှဖြစ်မှာလို့ သူပြောသွားတယ်” ဟု အစ်မဝမ်းကွဲဖြစ်သူ မရဲစုလွင်လွင်က မျက်ရည်ဝဲလျက်ပြောသည်။

ကိုညီညီအောင်ထက်နိုင်၏ ဈာပနကို လှော်ကားသုသာန်တွင် ယနေ့ ပြုလုပ်ခဲ့သည်။

ထိုနေ့က သူငယ်ချင်း ၁၅ ဦးခန့်စုကာ ရွှေပြည်သာမှ ကားငှားပြီး လှည်းတန်းသို့ ရောက်လာကြသည်။ 

လမ်းတွင် ကြွေးကြော်သံများ အော်ဟစ်လာခဲ့ပြီး စုရပ်ရှိရာ လှည်းတန်းလမ်းသို့ ရောက်ရောက်ချင်းတွင်ပင် အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် လူစုခွဲခံလိုက်ရသည်။

လှည်းတန်းလမ်းရှိ တိုက်ခန်းတစ်ခုပေါ်တွင် ၎င်းတို့ ပုန်းအောင်းနေခိုက် အခြေအနေ ခဏငြိမ်သက်သွားချိန်တွင် ညီညီသည် အဖော်များရှိရာသို့ ရောက်လာသေးသည်ဟု သူငယ်ချင်းဖြစ်သူ ကိုဇင်ကိုဝင်းခိုင်က ဆိုသည်။

“ကျွန်တော်ကပြောတယ် ကျွန်တော်တို့နဲ့နေပါ သူကရတယ်တဲ့၊ အောက်ခဏဆင်းလိုက်မယ်၊ အခြေအနေသွားကြည့်မယ်ပြောပြီး အောက်ဆင်းသွားတယ်၊ အဲဒီကနေစပြီး သူနဲ့ မတွေ့ရတော့တာပါပဲ” ဟု ၎င်းက ယူကျုံးမရစွာပြောသည်။

နံနက် ၉း၂၀ ခန့်တွင် အသံဗုံးပေါက်ကွဲသံ သုံးလေးချက်ဆင့်ကာ ကြားရပြီးနောက် ဆက်တိုက်ဆိုသလို အသံဗုံးနှင့် သိသိသာသာကွဲပြားသည့် ကျည်အစစ်ဖြင့်ပစ်ခတ်သံ ‘ဘန်း ဘန်း ဘန်း’ အသံများကြားတွင် ကိုညီညီအောင်ထက်နိုင် သွေးအိုင်ထဲ၌ လဲကျခဲ့သည်။ 

ကျည်ဆန်သည် ‘နွေဦးတော်လှန်ရေး’ တီရှပ်အဖြူဝတ်ဆင်ထားသော ညီညီ၏ ဗိုက်ကို ထိုးဖောက်ကာ ခါးဘက်မှ ပြန်ထွက်သွားသည်။ ကျည်ထိချိန်သည်  နံနက် ၉း၂၁ ဖြစ်သည်။

လဲကျသွားသောညီညီ ပစ်ခတ်သံများကြားတွင် ထထိုင်လိုက်ရာ သူ့နောက်ကျောဘက်မှ သွေးများက ပလက်ဖောင်းပေါ်တွင် အကွက်လိုက် တွေ့ရသည်။ သူ့ရှေ့တွင် ပစ်ခတ်မှုကို ကျောင်းအုတ်တံတိုင်းဘေးတွင် ကပ်ပြီး တိမ်းရှောင်နေသူသုံးဦးကို တွေ့ရသည်။ ထို့နောက် ညီညီ ပြန်လဲကျသွားသည်။ လူတချို့က သူ့ကို ပိုမိုလုံခြုံမည့်နေရာသို့ သယ်ဆောင်သွားသော်လည်း အသက်မမီတော့ပေ။

ညီညီကဲ့သို့ပင် လှည်းတန်းလမ်းတွင် လက်နက်ကိုင်များ လက်ချက်ကြောင့် တစ်ချိန်တည်း ကျဆုံးခဲ့သူမှာ အသက် ၂၀ အရွယ် မောင်ဇင်လင်းထက်ဖြစ်ပြီး ဦးခေါင်းထိမှန်ကာ မျက်စိတစ်ဖက်ပွင့်ထွက်ခဲ့သည်။

ဝမ်းဗိုက်ပွင့်ထွက်လျက် သွေးများယိုစီးကျနေသည့် ကိုညီညီအောင်ထက်နိုင်ကို သူငယ်ချင်းများက ပစ်ခတ်နေသည့်ကြားမှ သယ်ဆောင်သွားစဉ် (ဓာတ်ပုံ – မျိုးဆက်ပိုင်/ Myanmar Now)

ဖေဖော်ဝါရီ ၂၈ လှည်းတန်းလမ်း အကြမ်းဖက်မှုဖြစ်စဉ်

ဖေဖော်ဝါရီ ၂၈ ရက် (တနင်္ဂနွေနေ့) ကို အထွေထွေသပိတ်နေ့အဖြစ် ကြိုတင်သတ်မှတ်လှုံ့ဆော်ခဲ့ကြသလို အာရှနိုင်ငံတချို့နှင့်အတူ Milk Tea Alliances လှုပ်ရှားမှုနေ့လည်း ဖြစ်သည်။ ထိုနေ့ နိုင်ငံအနှံ့ လမ်းပေါ်ထွက် ကန့်ကွက်သူတို့ကို ပစ်ခတ်နှိမ်နင်းလိုက်ရာ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲများကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ယနေ့အထိ လူထူအုံကြွမှုကာလတစ်လျှောက် အသေအပျောက်အများဆုံးနေ့ဖြစ်သည်။

ဆန္ဒပြသူများကို လူစုခွင့်ပင်မရအောင် လက်နက်ကိုင်များက စောစီးစွာ အကြမ်းဖက်ဖြိုခွင်းလိုက်သည်။

ထိုနေ့က လှည်းတန်းလမ်းပေါ်တွင် လက်နက်ကိုင်များက နံနက်စောစောကတည်းက နေရာယူထားပြီး လူငယ်များ စတင်စုရုံးလာသည့် ၈ နာရီခွဲအချိန်တွင်ပင် ပစ်ခတ်ကြသည်။

လက်နက်မဲ့ အာခံသော ဆန္ဒပြလူငယ်များကို ရှေ့တန်းတွင် ရန်သူကို ရင်ဆိုင်ရသကဲ့သို့ လက်နက်ကိုင်တို့က ချေမှုန်းကြသည်။

ရဲယူနီဖောင်းဝတ် လက်နက်ကိုင်များသည် လှည်းတန်းဈေးအနီးတွင် တစ်ဖွဲ့၊ ရထားလမ်းခုံးကျော်တံတားအဆင်းတွင်တစ်ဖွဲ့ နေရာယူကာ ဆန္ဒပြလူငယ်များကို နှစ်ဖက်ညှပ်တိုက်ပြီး အသံဗုံးများ၊ မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွင်းသည်။

လူငယ်ထုဘက်ကလည်း ဖြိုခွင်းချိန်တွင် ခေတ္တငြိမ်သွားပြီး သံပုံးများတီးကာ ပြန်လည်ချီတက်ကြသည်။ လူထုက ပြန်ချီတက်လိုက်၊ လက်နက်ကိုင်များက ဖြိုခွင်းလိုက်ဖြင့် သုံးကြိမ်ထက်မနည်း ဖြစ်နေချိန်တွင် အကြမ်းဖက်လက်နက်ကိုင်များက ကျည်အစစ်သုံးကာ ပစ်ခဲ့သည်။

ကျည်များသည် လက်နက်ကိုင်များ တပ်စွဲထားသည့်နေရာမှ ကိုက် ၃၀၀ ကျော်အကွာ လျှပ်စစ်ဓာတ်မီးတိုင်ကိုပင် ထုတ်ချင်းပေါက်ခဲ့ပြီး ကားမှန်၊ သစ်ပင်၊ တိုက်ခန်းမှန်နံရံနှင့် ကားမှတ်တိုင်တို့ကိုလည်း ထိမှန်ခဲ့သည်။

ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေလေ့ရှိသည့် ညီညီအောင်ထက်နိုင်သည် ဆန္ဒပြရာတွင် အလုပ်မအားလပ်သည့်ကြားမှ တစ်ပတ်လျှင် ငါးရက်ခန့် ပါဝင်နေသူဖြစ်ကြောင်း သူငယ်ချင်း ဇင်ကိုဝင်းခိုင်က ပြောသည်။ 

ညီညီအောင်ထက်နိုင်တွင် ကိုကိုအောင်ထက်နိုင်ဟူသည့် အမြွှာအစ်ကိုတစ်ဦးရှိသည်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြပြီး မိဘအပေါ်လည်း သိတတ်သူများဖြစ်ကြောင်း သူငယ်ချင်းများက ဆိုသည်။

လူချစ်လူခင်များသည့် ညီညီသည် Myanmar Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွင် Network Engineer အဖြစ် အလုပ်လုပ်ပြီး မိဘနှစ်ပါးကို လစဉ်ထောက်ပံ့နေသူလည်းဖြစ်သည်။

“သူမသေခင်တုန်းကတောင် သူ့အဖေကို လစာထုတ်လာတဲ့ ပိုက်ဆံလေး တစ်သိန်းပေးတယ်။ အဖေရယ် တစ်သိန်းယူထားပါ၊ ကျန်တဲ့ပိုက်ဆံကိုတော့ သား တိုက်ပွဲတွေဝင်ရဦးမယ်တဲ့၊၊ သားယူသွားမယ်နော်ဆိုပြီး။ သူ့အမေအတွက်ကိုလည်း သီးသန့်ခေါင်းအုံးအောက်မှာ ငါးထောင်တန်လေးတွေ ထည့်သွားပေးတယ်” ဟု ညီညီ၏ဝမ်းကွဲအစ်မ ရဲစုလွင်လွင်က ပြောသည်။

နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ရသည့် သူရဲကောင်း ညီညီအတွက် အမြဲတမ်းဂုဏ်ယူလျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု သူငယ်ချင်းများက ဆိုသည်။ 

စစ်အုပ်စု၏ အကြမ်းဖက်မှုများကို တစ်ကမ္ဘာလုံးက သိနေပြီး ပြည်သူများကလည်း လက်မခံသည့်အတွက် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံကို မည်သည့်နည်းနှင့်မျှ အုပ်ချုပ်ရန် မဖြစ်နိုင်ကြောင်း ညီညီ၏ သူငယ်ချင်း ဇင်ကိုဝင်းခိုင်က ပြောသည်။

“ကျွန်တော့်သူငယ်ချင်း ပေးခဲ့ရတဲ့အသက်နဲ့ တန်အောင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရာမှာ နောက်လူတွေ အားမလျှော့ဖို့ ကျွန်တော်က တိုက်တွန်းချင်တယ်” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button