စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်သော်လည်း စစ်တပ်၏ လုပ်ဆောင်မှုများကို ရှုတ်ချခြင်း၊ ပိတ်ဆို့အရေးယူခြင်း၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ စောင့်ကြည့် အစီရင်ခံစာတင်ခြင်း စသည့် အရေးယူပိတ်ဆို့မှုများပြုလုပ်နိုင်ပြီး စစ်တပ်ကို အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ပြည်သူများက R2P ဝင်ရန် တောင်းဆိုမှုများက တွန်းအားဖြစ်စေနိုင်သည်ဟု ဆိုသည်
အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများကို အကြမ်းပတမ်း ဖိနှိပ်ဖြိုခွင်းမှုများ ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန် (R2P) မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် မစ္စတာခရစ်စီဒိုတီက ပြောကြားလိုက်သည်။
“အခုအချိန်မှာလည်း ဝင်ရောက်စွက်ဖက်ပေးဖို့ ဆုံးဖြတ်ချက် ဘယ်လိုမျိုးချမလဲဆိုတာကို မသိနိုင်သေးပါဘူး။ ပထမဆုံးအနေနဲ့ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားကိုင်ထားတဲ့ ဗီတိုအာဏာက စစ်ရေးအရ စွက်ဖက်ဖို့ကို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၁၇ တုန်းက မြန်မာစစ်တပ်သည် သန်းပေါင်းများစွာသော ရိုဟင်ဂျာများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော်လည်း R2P ဝင်ရောက်ခဲ့ခြင်းမရှိသည်ကို မစ္စတာဒိုတီက သာဓကပေးသည်။
R2P ဝင်ရန် တောင်းဆိုခြင်းသည် နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုဆိုသည်ထက် စစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအဝန်းက အရေးယူပိတ်ဆို့ရန် တာဝန်ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။


နိုင်ငံတကာစစ်တပ်များ မဝင်ရောက်ဘဲ စစ်တပ်၏ လုပ်ဆောင်မှုများကို ရှုတ်ချခြင်း၊ ပိတ်ဆို့အရေးယူခြင်း၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ စောင့်ကြည့် အစီရင်ခံစာတင်ခြင်း စသည့် အရေးယူပိတ်ဆို့မှုများပြုလုပ်နိုင်ပြီး ပြည်သူများက R2P ဝင်ရန် တောင်းဆိုမှုများသည် စစ်တပ်ကို အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တွန်းအားဖြစ်စေနိုင်သည်ဟု မစ္စတာဒိုတီက သုံးသပ်သည်။
R2P တောင်းဆိုမှုများသည် အာဏာသိမ်းစစ်တပ်ကို အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ထိရောက်အသုံးဝင်သော်လည်း ရန်ကုန်လမ်းမများထက်တွင် နိုင်ငံခြားစစ်တပ်များ၊ UN တပ်များ ရောက်လာမည်ဟု မမျှော်လင့်ရန် ၎င်းက တိုက်တွန်းသည်။
“UNSC ဆုံးဖြတ်ချက်မပါဘဲ တခြားနိုင်ငံတွေရဲ့ တစ်နိုင်ငံချင်း သို့မဟုတ် နိုင်ငံတွေပေါင်းပြီး ဝင်လာမယ်ဆိုလည်း တပ်မတော်က သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ ကြီးမားတဲ့ စစ်မက်ဖြစ်ပွားဖို့ပဲ ဖြစ်လာပါလိမ့်မယ်။ အဲ့လိုမျိုး ဝင်တိုက်မယ့် နိုင်ငံတစ်နိုင်ငံမှ ကျွန်တော်မမြင်မိသေးဘူး။ နောက်ပြီး မြန်မာနိုင်ငံကို အာဖဂန်နဲ့ အီရတ်လို မဖြစ်စေချင်ပါဘူး။ UNSC ဆုံးဖြတ်ချက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ R2P ကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုအနေနဲ့ သုံးလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လည်း R2P က အရေးယူဆောင်ရွက်မှုတွေ လုပ်တဲ့နေရာမှ တွန်းအားဖြစ်စေပါလိမ့်မယ်” ဟု မစ္စတာခရစ် စီဒိုတီက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီသည် မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပြစ်မှုကျူးလွန်ထားသူများ၏ တာဝန်ခံမှုရှိရေးတို့အတွက် လုပ်ဆောင်မည်ဖြစ်သည်။
အဆိုပါကောင်စီကို ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟောင်းဖြစ်သူ မစ္စစ်ရန်ဟီးလီ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်ဥက္ကဋ္ဌဟောင်း မာဇူကီဒါရူးစမန်နှင့် အဖွဲ့ဝင်ဟောင်း ခရစ်စီဒိုတီတို့ဖြင့် မတ် ၁ တွင် စတင်ဖွဲ့စည်းခဲ့သည်။
“R2P ဝင်ဖို့ တောင်းဆိုတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဖို့ တာဝန်ရှိတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ အရေးယူဆောင်ရွက်မှုပုံစံ တိတိကျကျရယ်လို့ မရှိသလို ဒီလိုပုံစံဝင်မှ R2P ဆိုတာမျိုးလည်း မရှိပါဘူး။ တော်တော်များများက R2P ကို စစ်ရေးအရ နိုင်ငံတကာက ဝင်ရောက်စွက်ဖက်မှုလို့ ဆိုကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ UN ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ရေးအရ ဝင်ဖို့က R2P တောင်းခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်နိုင်ပေမယ့် တကယ်တမ်းက စစ်ရေးအရဝင်ရောက်မှုက အဖြေဖြစ်လာမှာ မဟုတ်ပါဘူး”ဟု မစ္စတာဒိုတီက သုံးသပ်သည်။
စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မည်ကို စိုးရိမ်နေသော ပြည်သူလူထုသည် ကုလမသဂ္ဂအနေဖြင့် စစ်ရေးအရ ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုလျက်ရှိသည်။
ယနေ့ (မတ် ၂) နံနက်ပိုင်းက ရန်ကုန် လှည်းကူးမြို့တွင် ပြုလုပ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော မီးသတ်၊ ဆည်မြောင်း၊ ပညာရေးဝန်ထမ်းများပါဝင်သော ထောင်နှင့်ချီသည့် ပြည်သူများ၏ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် ‘We need R2P, Save Myanmar’၊ ‘ကုလမသဂ္ဂက အရေးယူဆောင်ရွက်ဖို့ ရုပ်အလောင်းဘယ်လောက်များလိုလဲ’ စာသားများရေးသားထားသည့် ဆိုင်းပုဒ်များအပြင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများ၊ ဗွီနိုင်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။
မဲစာရင်းမှားယွင်းမှုကို အကြောင်းပြ၍ မတရားဖမ်းဆီးထိန်းသိမ်းကာ တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် CDM ဝန်ထမ်းများနှင့် ပြည်သူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
မဲစာရင်းမှားယွင်းသည်ဟု ခိုင်လုံချက်မပြနိုင်ဘဲ စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံစောင့်တာဝန်ကျခဲ့သည့် ဆရာမများကို စော်ကားခြင်းဖြစ်သည်ဟု ဆရာ၊ ဆရာမများကလည်း ဆန္ဒထုတ်ဖော်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဖြင့် ဆန့်ကျင်ဆန္ဒပြနေသည့် သိန်းနှင့်ချီသည့် ပြည်သူများကို ပစ်ခတ်အကြမ်းဖက်ရန် အာဏာသိမ်းစစ်တပ်သည် ရဲတပ်ဖွဲ့၊ စစ်တပ် (ကြည်း)တပ်ဖွဲ့အပြင် စစ်တပ်(လေ)တပ်ဖွဲ့ကိုပါ အသုံးပြုလျက်ရှိသည်။
စစ်အာဏာရှင်လက်ပါးစေ လက်နက်ကိုင်အဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ တစ်ရက်တည်း၌ပင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











