စစ်အာဏာရှင်လက်ပါးစေများကို ကြံ့ကြံ့ခံခံ ကာကွယ်ခဲ့ကြသည့် ရန်ကုန်ဆန္ဒပြပွဲများ 

သွေးစွန်းသော တနင်္ဂနွေ့အလွန်တွင် ဆန္ဒပြလူထုသည် စစ်ကောင်၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များကို ကြောက်ရွံ့ခြင်းမရှိဘဲ တစ်နေ့ထက်တစ်နေ့ ပို၍စနစ်ကျသော နည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ပြသခဲ့ကြသည် 

အင်းစိန်လမ်းမသပိတ်တွင် ပါဝင်လှုပ်ရှားနေသည့် လူငယ်တစ်ဦးအား လုံခြုံရေးဦးထုပ်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးဖြင့် ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

သွေးစွန်းသော တနင်္ဂနွေနေ့အပြီးတွင် ရန်ကုန်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ ပို၍အားကောင်းလာသည့်နည်းတူ ပို၍စနစ်တကျရှိလာသည်။ 

ရန်ကုန်၏ အထင်ကရနေရာများဖြစ်သော ဆူးလေ၊ လှည်းတန်းလမ်းဆုံနှင့် မြေနီကုန်းတွင် Generation Z များ၏ စနစ်တကျ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်လျော့သွားခြင်း မရှိဘဲ စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုမျိုးစုံကို နည်းမျိုးစုံဖြင့် အံတုကျော်ဖြတ်နိုင်ခဲ့ကြသည်။ 

စမ်းချောင်း 

ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည့် ယခင်နေ့က သင်ခန်းစာများကို နမူနာယူကာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များက ပို၍စနစ်တကျ စီစဉ်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များ အလွယ်တကူမဖြိုခွဲနိုင်စေရန် စမ်းချောင်းမြို့နယ်ရှိ လမ်းအချို့တွင် နံနက် ၉ နာရီခန့်ကတည်းက ရရာပစ္စည်းများဖြင့် အခိုင်အမာ ပိတ်ဆို့ထားလိုက်ကြသည်။

လူငယ်အများစု ဦးဆောင်သည့် သပိတ်စစ်ကြောင်းသည် ကိုယ်ပိုင်ကာကွယ်ရေးအနေဖြင့် လုပ်ငန်းခွင်သုံး လုံခြုံရေးခမောက်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးများအပြင် လုံခြုံရေးပစ္စည်းအစုံအလင် ပြင်ဆင်ထားကြသည်။ မျက်ရည်ယိုဗုံးကို အံတုရန် ရေစိုအဝတ်များ၊ ရေပုံများ၊ ရေပူဖောင်းများလည်း အရန်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ထားသည်။ 

ပဒုမ္မာလမ်းထိပ်ကို သွပ်ပြား၊ သံပုံး၊ သဲအိတ် စသည့် ရရာပစ္စည်းများဖြင့် အသေပိတ်ဆို့လိုက်ပြီး အလစ်အငိုက် မဝင်နိုင်အောင် စမ်းချောင်းလမ်းနှင့် လမ်းသွယ်အချို့ကိုလည်း ပိတ်ပစ်လိုက်သည်။ ထို့အတူ ကျွန်းတောလမ်းကိုလည်း အမှိုက်ပုံးများ၊ သံချောင်းများစသည်တို့ဖြင့် စည်းသုံးစည်းတား၍ ပိတ်ဆို့လိုက်သည်။

ကျွန်းတောလမ်းအတွင်း မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များအသုံးပြုကာ သုံးကြိမ်ခန့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ 

လမ်းအတွင်းချထားသော အတားအဆီးများကို ဘူဒိုဇာဖြင့် ဖယ်ရှားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှင်းလင်းခဲ့သည်။

ဆန္ဒပြလူငယ်များသည်လည်း မျက်ရည်ယိုဗုံးကျသည့်နှင့်တပြိုင်နက် ရေဆွတ်ထားသော အဝတ်စများ၊ ရေပူဖောင်းများဖြင့် အမြန်ဆုံးငြိမ်းသတ်နိုင်ရန် အလျင်အမြန်လှုပ်ရှားကြသည်။ မျက်ရည်ယိုဗုံး အငွေ့ပြယ်သည်နှင့် တပြိုင်နက် မူလအတိုင်း ပြန်လည်စုဝေးပြီး ဆက်လက်ဆန္ဒပြကြသည်။ 

မြောင်းမြလမ်းအတွင်း ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် အချုပ်ကားများပါဝင်ရောက်ခဲ့ကြပြီး ကျွန်းတောလမ်းတစ်လျှောက် ရဲတပ်ဖွဲ့က တစ်နာရီခန့်ကြာ စောင့်ကြည့်နေခဲ့သည်။ 

သီရိမင်္ဂလာလမ်းတွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့သည်။ နေအိမ်သစ်သားတံခါးကို ရိုက်ချိုး ဝင်ရောက်ပြီး ရာဘာကျည်နှင့် ပစ်ခတ်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့သူ ဦးဝင်းပိုင်က ဆိုသည်။ ဦးဝင်းပိုင်မှာ ခြေတစ်ဖက်မသန်သဖြင့် အိမ်စောင့်နေနေရသူဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ပစ်ခတ်ခံမှုကြောင့် ရင်ဘတ်နှင့် လည်ပင်းတွင် ၅ ချက်၊ ပေါင်တွင် ၄ ချက် ဒဏ်ရာရရှိခဲ့သည်ဟု ဦးဝင်းပိုင်က ပြည်တွင်းမီဒီယာတစ်ခုကို ပြောကြားထားသည်။ 

ရန်ကုန်မြို့လယ် ဆူးလေ 

စစ်အာဏာရှင် လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့ များ အလွယ်တကူဖြတ်သန်းနိုင်ခြင်း မရှိစေရန် ကျောက်တံတား မြို့နယ် ၃၃ လမ်း (အလယ်) မှ ပန်းဆိုးတန်းအထိ အနော်ရထာလမ်းမကို နံနက် ၁၀ နာရီဝန်းကျင်တွင် ရာနှင့်ချီသော လူများက ကန့်လန့်ဖြတ်ပိတ်ဆို့လိုက်ပြီး လူဦးရေ ၃၀၀ ခန့်က ကန့်လန့်ဖြတ်ပိတ်ဆို့လိုက်ကြသည်။ 

ထို့နောက် ၁၀ မိနစ်ခန့်အကြာတွင် ဆူးလေခုံးတံတားအောက်တွင် အသင့်ရှိနေသော ရဲနှင့် စစ်သားများက လိုက်လံ ဖမ်းဆီးသဖြင့် ဆန္ဒပြသူများ လူစုကွဲသွားသည်။ စစ်ကားနှစ်စီးနှင့် ရဲကားသုံးစီး ဆူးလေဘက် ပြန်မောင်းသွားပြီး တံတားအောက်တွင် ရဲ ၁၀ ဦးခန့်က အခြေအနေကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။ 

တစ်ချိန်တည်းတွင် အနော်ရထာလမ်းပေါ်ရှိ ပန်းပဲတန်းမြို့နယ်ဘက်အခြမ်းတွင်လည်း လူငယ်အများစုပါဝင်သည့် ပြည်သူ ၃၀ ဝန်းကျင် လာရောက်ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် လူစုခွဲခဲ့ကြသည်။

ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်တို့တွင် ယမန်နေ့က ဆန္ဒပြပြည်သူများကို လုံထိန်းများမှ အသံဗုံးများ ပစ်ခတ်ခြောက်လှန့်ခြင်း၊ လမ်းကိုပိတ်၍ လိုက်လံဖမ်းဆီးခြင်းများကြောင့် ဆူးလေသို့ လာရောက်ဆန္ဒပြသူများ ယနေ့ သိသိသာသာ လျောနည်းသွားခဲ့သည်။

အင်းစိန်လမ်းမသပိတ်

အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် လူထုက အရံအတားများဖြင့် ပိတ်ဆို့ထားခဲ့သည်။ ထိုနေရာသို့ နံနက် ၉ နာရီမှစတင်ကာ လူငယ်များ စုဝေးခဲ့ကြသည်။ ယမန်နေ့တွင် လှိုင်နှင့် ကမာရွတ်မြို့နယ်အတွင်း ၁၀ နေရာ ထက်မနည်း ဖြိုခွင်းခံခဲ့ရသဖြင့် အရံအတားများ ပိုမိုခိုင်ခန့်အောင် လူငယ်များနှင့် ပြည်သူများ အတူတကွ ပြုလုပ်ခဲ့ ကြသည်။ 

အကာအကွယ်အတွက် ဦးထုပ်၊ မျက်မှန်နှင့် ဒိုင်းကာများ ကိုင်ဆောင်ထားသည့် လူငယ်များက ရှေ့ဆုံးတွင် နေရာယူနေပြီး နောက်ဖက်တွင် ရှိနေသူများက မျက်ရည်ယိုဗုံးဒဏ်ကို ကာကွယ်ရန် ရေအိတ်နှင့် ရေစိုအဝတ်များကို အသင့်ပြင်ထားကြသည်။ 

ယခင်နေ့များထက် ပိုမိုစနစ်ကျစွာ အရံအတားများကိုလည်း အထပ်ထပ်ဖြင့် ပိုမိုခိုင်ခံ့အောင်ပြင်ဆင်နေကြသည်။ နံနက် ၁၁ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင်များက အရံအတားများကို ဘူဒိုဇာဖြင့်ဖြိုလျက် ဆန္ဒပြသူများကို ဖြိုခွင်းရန် ကြိုးပမ်းလာသည်။

ဆန္ဒပြလူငယ်များသည်လည်း ပထမအရံအတားနောက်မှ တဖြည်းဖြည်းဆုတ်ခွာနေစဉ် မျက်ရည်ယိုဗုံးများ အသံဗုံးများ ရာဘာကျည်များ ပစ်ခတ်မှုကို ရေအိတ်များ၊ ရေစိုအဝတ်များဖြင့် ကာကွယ်ခဲ့ကြသည်။  

လူငယ်များအနေဖြင့် ယခင်နေ့များကဲ့သို့ ဝရုန်းသုန်းကား မပြေးတော့ဘဲ ဒိုင်းကာများကိုင်ဆောင်က ဒုတိယအရံအတားသို့ ဖြည်းဖြည်းချင်းဆုတ်ခွာခြင်းဖြင့် စနစ်တကျ အံတုခဲ့ကြသည်။

ရဲက တတိယအရံအတားထိ ဖြိုခွင်းအပြီး လူငယ်များက လမ်းများအတွင်း ဝင်ရောက်လူစုခွဲခဲ့ကြပြီး ဘူတာရုံလမ်း အရံအတားနောက်တွင် ထပ်မံစုဝေးဆန္ဒပြခဲ့ကြသည်။ 

နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် ရဲများက စတုတ္ထအကြိမ် ထပ်မံဖြိုခွင်းခဲ့ပြီး တံခါးပိတ်ထားသော ဆိုင်တစ်ခုအတွင်း သေနတ်ဖြင့် ချိန်၍ ရဲအင်အား အယောက် ၂၀ ခန့်ဖြင့် လူတစ်ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လမ်းပေါ်ကျန်ခဲ့သော ရေသန့်ဘူးများနှင့် အစားအသောက်တချို့ကို ယူဆောင်ကာ ပြန်လည်ဆုတ်ခွာသွားကြသည်။ 

ဆန္ဒပြလူငယ်များက ဘူတာရုံလမ်းအနီး အရံအတားနေရာကို ပြန်လည်ရယူခဲ့ပြီး အရံအတားများထပ်လုပ်၍  ညနေ ၃ နာရီခွဲ ဝန်းကျင်အထိ ဆန္ဒပြခဲ့ကြကာ လူစုခွဲခဲ့ကြသည်။ အင်းစိန်လမ်းမသပိတ်တွင် ဖမ်းဆီးခံရသူ နည်းပါးခဲ့ပြီး ထိခိုက်ဒဏ်ရသူလည်း မရှိခဲ့ပေ။  

ဆန္ဒပြမှုများကို လူသေဆုံးသည်အထိ ဖြိုခွင်းနေသော်လည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဖြိုခွင်းနေသည့် အဆိုပါနေရာများတွင် ဆက်လက်ဆန္ဒပြနေဦးမည်ဟု လူငယ်များက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading