ရောဂါဇာစ်မြစ် ရှာဖွေကုသဖို့လိုနေတဲ့ ကျူးကျော်ပြဿနာ

ကျူးကျော်နေထိုင်သူတွေကို   အာဏာပိုင်တွေက အင်အားသုံးပြီး ဖယ်ရှားရှင်းလင်းခဲ့တာဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ပိုပိုပြီး ကြားလာရတတ်တဲ့ ဇာတ်လမ်းပါ။ နေစရာမရှိတဲ့သူတွေဟာ ရန်ကုန်မြို့ မြေကွက်လပ်လွတ်တွေမှာ ကြုံသလို တဲထိုးပြီး နေကြတာဟာ မမြင်ချင်မှအဆုံးပါပဲ။ သူတို့က တဲထိုးပြီးနေလိုက်၊ အာဏာပိုင်တွေက ပြန်ဖျက်လိုက်နဲ့ ဖြစ်ပျက်သံသရာ လည်နေပါတယ်။

Published on Sep 14, 2015
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ ကျူးကျော်ရပ်ကွက်မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှ ကျူးကျော်ရပ်ကွက်မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)

ရန်ကုန် - ၂ဝ၁၅ ဇွန်လ ၃ ရက်နေ့ မနက်မိုးမလင်းခင်မှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တံတားဘောင်ကျေးရွာအနီး ၆၄၇ ဧကရှိတဲ့ မြေကွက်လပ်ကြီးထဲကို ဝါးလုံးတွေ၊ တုတ်တွေ ကိုင်ဆောင်ထားတဲ့ လူ ၂ဝဝ လောက် ဝင်ရောက်လာကြပါတယ်။ အဲဒီ မြေကွက်လပ်မှာ ပြီးခဲ့တဲ့လပိုင်းကစပြီး တဲထိုးပြီးနေကြတဲ့ ကျူးကျော်နေအိမ်တွေရယ်၊ လွန်ခဲ့တဲ့ငါးနှစ် လောက် ကတည်းက စိုက်ပျိုးလာတဲ့စိုက်ခင်းတွေရယ် ရှိတာပါ။ တုတ်တွေကိုင်ထားသူတွေက တဲပေါ်ကလူတွေကို အိမ်အောက်ဆင်းခိုင်းပြီး အိမ်တွေကိုစဖျက်ပါတော့တယ်။ သူတို့နဲ့အတူ ရဲတပ်ဖွဲ့ဝင်အချို့လည်း လိုက်ပါလာကြပါတယ်။

“လာဖျက်တဲ့သူတွေ တွန်းထိုးလို့ ကျွန်မ သတိတချက်မေ့သွားတယ်။ သတိပြန်ရတဲ့အချိန်မှာ ကျွန်မအိမ်လည်းမရှိတော့ဘူး။ ကျွန်မတို့ကျူးကျော်အိမ်တွေဘေးက မုန်လာ၊ ဂေါ်ဖီစိုက်ခင်း တွေပေါ်ကို ဖိနပ်တွေနဲ့နင်း၊ အမိုးတွေကို ဓားတွေနဲ့ခုတ်ဖျက်နေကြတယ်” လို့ တဲအိမ်အဖျက်ခံခဲ့ရတဲ့ထဲမှာပါတဲ့ မသီတာ ပြောပါတယ်။ အိုးခွက်ပန်းကန်တွေ၊ ပစ္စည်းပစ္စယတွေ  ယူချိန် မရဘဲ ဝါးတဲအိမ်လေးအဖျက်ခံလိုက်ရတာကို ဒီအတိုင်းမတ်တပ်ရပ် ကြည့်နေခဲ့ရတယ်လို့ သူက ငိုမဲ့မဲ့နဲ့ပြောပါတယ်။  

မိနစ်ပိုင်းအတွင်းမှာပဲ မသီတာတို့ရဲ့တဲအိမ်လိုမျိုး အိမ်ပေါင်း ၅ဝဝ လောက်နဲ့ စိုက်ခင်းတွေဟာ ထိုးချေမွဖျက်ဆီးခံလိုက်ကြရတယ်။ အာဏာပိုင်တွေကတော့ အဲဒီနေရာဟာ  မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနပိုင်မြေဖြစ်တယ်လို့ ပြောပါတယ်။ သို့သော်လည်း အဲဒီနေရာဟာ စားကျက်မြေဖြစ်တယ်၊ အိမ်ဆောက်ပြီး နေလို့ရတယ် ဆိုပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တချို့ဆီက သိရတာကြောင့်  ဒီနှစ်ဆန်းပိုင်းမှာ  ကျူးကျော်တဲလေးတွေ ဆောက်ကြတယ်၊ လေးရက်အတွင်း ဝါးတဲအိမ်ပေါင်း တစ်ရာကျော် တိုးပွားခဲ့တယ်လို့ ကလေးနှစ်ယောက်မိခင် မသီတာက သူ့အိမ်နေရာဟောင်းလေးကို လက်ညှိုးထိုးပြရင်း ဆက်ပြောတယ်။

မင်္ဂလာဒုံမြို့နယ်၊ ကျေးလက်ဒေသမှာ အိမ်ငှားခ မတတ်နိုင်တော့လို့ ကျူးကျော်ရပ်ကွက် ရောက်လာရာမှာ ခင်ပွန်းသည်က အဲဒီနားက စက်ရုံတစ်ရုံမှာ ဝင်လုပ်ပါတယ်။ တဲအိမ် အဖျက်ခံရပြီးနောက်မှ ခင်ပွန်းသည်က စက်ရုံထဲမှာ အလုပ်သမားတွေနေတဲ့ တန်းလျားကိုရောက်၊ သူက ပဲခူးမြို့က အဒေါ်ဖြစ်သူထံ ပြောင်းရွှေ့၊ ကျောင်းတက်နေတဲ့ကလေးတွေကိုတော့ ရွာက ဆွေမျိုးအိမ်တစ်အိမ် ပို့ရပါတယ်။

ဒေသအုပ်ချုပ်ရေးမှူးကတော့ အဲဒီနေရာဟာ စီမံကိန်းနယ်မြေဖြစ်တယ်၊ ဒီလူတွေ စတင်ကျူးကျော်နေထိုင်ကြတဲ့အတွက် လက်ဦးမှုယူပြီးရှင်းလင်းနေရတယ်လို့ပြောပါတယ်။ အဲဒီအနီးအနားမှာတော့ တိုက်ဂါးဘီယာစက်ရုံရှိတာကိုတွေ့ရတဲ့ အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပ ကုမ္ပဏီကြီးတစ်ခုခုကို လုပ်ငန်းတစ်ခုခု လုပ်ကိုင်ဖို့ မွေး/ရေ ဝန်ကြီး ဌာနက မြေငှားထားတာဖြစ်မယ်လို့ ဒေသခံတွေကမှန်းဆကြပါတယ်။

အရပ်သား အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကျူးကျော်ပြဿနာ
 
ကျူးကျော်နေထိုင်သူတွေကို   အာဏာပိုင်တွေက အင်အားသုံးပြီး ဖယ်ရှားရှင်းလင်းခဲ့တာဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ပိုပိုပြီး ကြားလာရတတ်တဲ့ ဇာတ်လမ်းပါ။ မသီတာတို့လို နေစရာမရှိတဲ့သူတွေဟာ ရန်ကုန်မြို့ မြေကွက်လပ်လွတ်တွေမှာ ကြုံသလို တဲထိုးပြီး နေကြတာဟာ မမြင်ချင်မှအဆုံးပါပဲ။ သူတို့က တဲထိုးပြီးနေလိုက်၊ အာဏာပိုင်တွေက ပြန်ဖျက်လိုက်နဲ့ ဖြစ်ပျက်သံသရာ လည်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်ပေါင်း ၄၆ ခုထဲမှာ ကျူးကျော်နေထိုင်သူမရှိတာ နှစ်မြို့နယ်ပဲ ရှိနေတယ်၊ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာဆိုရင် ကျူးကျော်နေထိုင်မှုတွေ ပိုပိုများများလာခဲ့တယ်၊ ဒီနှစ်ထဲမှာဆိုရင် ကျူးကျော်နေထိုင်သူ နှစ်သိန်းကျော်တိုးလာတယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

ကျူးကျော်နေထိုင်ကြသူတွေထဲမှာ  ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းသင့်ဒေသကနေ  ရန်ကုန်ကို ရွှေ့ပြောင်းအခြေချနေထိုင်ကြသူတွေ၊ တခြားသော ကျေးလက်ဒေသကနေ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကိုရှာဖွေဖို့  မြို့တက်လာကြသူတွေဖြစ်ပြီး တချို့ကလည်း ရန်ကုန်မှာ   အိမ်လခ ကြောက်ခမန်းလိလိ ကြီးမြင့်လာတဲ့အတွက်  လွတ်နေတဲ့နေရာမှာ သွားနေကြသူတွေ စသဖြင့် အမျိုးမျိုး တွေ့ရမှာပါ။   များသောအားဖြင့်တော့ သူတို့တွေဟာ ဝန်ကြီးဌာနပိုင်မြေ၊  စီမံကိန်းမြေ၊ စက်မှုဇုန်မြေ၊ လယ်မြေပေါ်မှာ ကျူးကျော်နေထိုင်ကြတယ်လို့ အစိုးရအဖွဲ့ရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလထဲမှာ လှိုင်သာယာနဲ့ တွံ့တေးမြို့အကြား ပန်းလှိုင်မြစ်ကမ်းဘေးမှာရှိတဲ့ မြေနုကျွန်းပေါ်မှာ ကျူးကျော်အိမ်ပေါင်း တစ်ထောင်ကျော်ရှိလာပြီး တချို့ကခြံပိုင်ရှင် တွေနဲ့ ပဋိပက္ခ ဖြစ်ကြပါတယ်။ တစ်လအကြာမှာတော့ အာဏာပိုင်တွေက  သူတို့ကို လုံးဝဖယ်ရှားခဲ့ပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းဘေးတစ်လျှောက်မှာ နေထိုင်တာ သက်တမ်း နှစ်၂ဝ ရှိလာသူတွေလည်း ကျူးကျော်စာရင်းထဲ ရှိပါတယ်။  မြန်မာ့မီးရထား၊  ဂျပန် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ရဲ့ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မယ့် စီမံကိန်းရှိတာကြောင့် ဖယ်ရှားပေးဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ သူတို့ကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

ကျူးကျော်ပြဿနာဟာ ရန်ကုန်တစ်မြို့တည်းမှာသာ တွေ့ရတာတော့ မဟုတ်ပါဘူး။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာရပ်ကွက်က ကျူးကျော် နေထိုင်သူတွေကို အာဏာပိုင်တို့က အင်အားသုံး ဖယ်ရှားရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တချို့ အထိန်းသိမ်းခံလိုက်ရပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ကျူးကျော်ပြဿနာရှိတာပါပဲ။ အဲဒီဒေသမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ကြသူတချို့ကို ကျူးကျော်သူများအဖြစ် အာဏာပိုင်တွေက သတ်မှတ်ခဲ့ကြပါတယ်။  

လုပ်စားမှုတွေလည်းပါတဲ့ ကျူးပြဿနာ

ကျူးကျော်နေထိုင်ကြသူတွေဟာ အိမ်ငှားခ မတတ်နိုင်သူ၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် မြို့ပြရောက်လာသူတွေ ဖြစ်တယ်ဆိုပေမယ့်လည်း ဒီအထဲမှာ  ငွေကြေးတတ်နိုင်သူ၊ နိုင်ငံရေး အမြတ်ထုတ်သူတွေလည်း ရောထွေးပြီး ရှိနေတာပါ။ ကျူးကျော်၊ အိမ်ဆောက်လုပ်ပြီးတော့ အိမ်ငှားစားကြသူတွေ၊ ရွှေ့ပြောင်း အခြေချသူတွေအပေါ်မှာ တန်ဖိုးနည်းနည်းနဲ့ ပြန်ရောင်းစားပြီး တခြားနေရာမှာ ထပ်မံကျူးကျော်ကြသူတွေလည်းရှိတယ် လို့ ကျူးကျော် ပြဿနာအများဆုံးဖြစ်နေတဲ့  ရန်ကုန်၊ လှိုင်သာယာမြို့နယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ပြောပါတယ်။

“လှိုင်သာယာမြို့နယ်မှာ ကျူးကျော်ပေါင်းက အိမ်ထောင်စု တစ်သိန်းခွဲ ဝန်းကျင်လောက်ရှိမယ်။ အဲဒီမှာ အမှန်အကန် တကယ်နေစရာမရှိတဲ့သူတွေလည်းပါသလို လုပ်စားကြတဲ့ သူတွေလည်း ပါတယ်။ နောက်ပြီးတော့ ဒီကျူးကျော်တွေကို အကြောင်းပြုပြီး နေစရာအတည်ဖြစ်ဖို့ လုပ်ပေးမယ်၊ ဘာညာဆိုပြီးတော့ ပါတီဝင်ကတ်တွေထုတ်ပေး၊ လမ်းစရိတ်ဆိုပြီးတော့ ငွေထောင်ဂဏန်းကောက်ခံတဲ့ ပါတီတွေလည်းရှိတယ်။ အမျိုးစုံနေတာပဲ” လို့ ၎င်းက ဆိုပါတယ်။

အဲဒီမြို့နယ် ညောင်ပင်ရွာဝန်းကျင် မြေနုကျွန်းပေါ်က  ကျူးကျော်ရပ်ကွက်မှာ အိမ်တစ်လုံးကို ၇ သိန်းကျော် ပေါက်ဈေးရှိတယ်လို့ မြစ်ဝကျွန်းပေါ်ကနေ လွန်ခဲ့တဲ့ ၂ နှစ်က ပြောင်းလာသူ ဦးသိန်းလွင်က ပြောပြတယ်။ သူပြောတဲ့ ၇ သိန်းကျော် ဆိုတဲ့အိမ်ဟာ   ဝါးနဲ့ဆောက်ထားပြီး  ၁ဝ ပတ်လည်ကျော်ကျော်ရှိတဲ့  တဲအိမ်ပါ။
 
“ရွှေပြည်သာက အုတ်စက်မှာ ဝင်လုပ်ရင်း အဲဒီစက်ရုံ လိုင်းခန်းမှာနေသေးတယ်။ အဲ စက်ရုံက ဝင်ငွေနဲ့မလောက်လို့ အပြင်ထွက်လုပ်တော့ အိမ်ငှားနေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှ အဆင်မပြေတာနဲ့ ဒီနေ ရာလေးမှာ ကိုယ်ဘာသာဝင်နေတာ” လို့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဝါးခယ်မမြို့မှာ ရှိတဲ့ သူ့ရဲ့လယ်ယာလုပ်ငန်းများ အကုန်ဆုံးရှုံးပြီး ရန်ကုန်ရောက်လာတဲ့ ဦးသိန်းလွင်က ရှင်းပြပါတယ်။   

မြေနေရာလုသူများနဲ့ ရင်ဆိုင်ရတဲ့အတွက်  နေရာရွှေ့ ခဲ့ရတာ သုံးကြိမ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။

အစိုးရက ဖယ်ရှားပေးဖို့ သတိပေးစာတွေ ထုတ်ပြန်ပေမယ့် ဘယ်သူကမှ ထွက်မသွားကြပါဘူး။ လူအုပ်စုနဲ့၊ ရဲလုံခြုံရေးတွေနဲ့ ဝင်ရောက်ဖယ်ရှားတဲ့အခါ နှစ်ဖက် ပဋိပက္ခဖြစ်ပြီးမှ ရှင်းလင်းနိုင်တဲ့ အခြေအနေတွေလည်းရှိပါတယ်။

“ကျူးကျော်တွေပေါ်မှာ လုပ်စားပြီးခေါင်းပုံဖြတ်တဲ့သူတွေက တကယ်တမ်း အစိုးရနဲ့ တိုက်ရိုက်မထိတွေ့ရဘဲနဲ့ တကယ်နေစရာမရှိလို့ ငွေနည်းနည်းလေးနဲ့ ဝယ်လို့ရလို့ ဝယ်နေကြတဲ့ သူတွေက ‘ဖယ်ရှားဟေ့’ ဆိုရော ကျွန်တော်တို့ရဲတွေနဲ့ တိုက်ရိုက်ဖြစ်ကြရော။ ကျူးကျော်ပြဿနာက တကယ့်ကို ကိုယ်တွယ်ရခက်တဲ့ကိစ္စဗျာ” လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အမည်မဖော် လိုသူ ရဲမှူးကြီးတဦးက   ပြောပါတယ်။

ဒီပြဿနာဘယ်လိုရှင်းမလဲ
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ သန်းကျော်နေထိုင်ကြရာမှာ ၂ သန်းနီးပါး (၂၆ ရာခိုင်နှုန်းကျော်) က အိမ်ငှားနေကြရသူတွေ၊ အဆောင်နေကြသူတွေ၊ ကျူးကျော်နေထိုင်ကြ သူတွေဖြစ်တယ်လို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့မှာ အစိုးရက အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ခဲ့ပါတယ်။ စီမံကိန်းထဲက တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းက ကျပ်သိန်း ၂ဝဝ ဝန်းကျင် ရှိတာမို့ အခြေခံလူတန်းစားတွေ ဝယ်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။    

ရန်ကုန်တိုင်းအစိုးရအဖွဲ့က  ကျူးကျော်များအရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း အငှားအိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်တောင်ပိုင်းမှာ ကျပ်ဘီလျံ ၂ဝ သုံးပြီး အကောင်အထည်ဖော် နေ ကြောင်း ရန်ကုန်တိုင်းအစိုးအရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဟောင်း  ဦးတင်ဝင်းက ပြောပါတယ်။

“ကျူးကျော်တွေထဲမှာမှ အမှန်တကယ် နေစရာမရှိတဲ့ လက်လုပ်လက်စားတွေကို စိစစ်မယ်။ မှန်ကန်မှုရှိရင် သူတို့ကို ဦးစား ပေးမှာပါ။ အဲဒီ ကျူးကျော်တွေကို အကြောင်းပြုပြီးတော့ လုပ်စားကြတဲ့သူတွေဆိုရင်တော့ ကျွန်တော်တို့က ထိထိရောက်ရောက် အရေးယူမှာ။ အဲဒီလိုဆိုရင်တော့ အတိုင်းအတာတခုထိ ပြေလည်မယ်လို့ ယူဆပါတယ်” လို့ ဦးတင်ဝင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက ဗဟန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အငှားအိမ်ရာကိစ္စ အဆိုတင်ရာမှာတော့ ပယ်ချခံရပါတယ်။
လက်ရှိအိမ်ရာ စျေးကွက်အနေအထားကြောင့် ကျူးကျော်သူအရေအတွက်  တိုးပွားလာခြင်းဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရဲ့ မန်းနေဂျင်း ဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပါတယ်။

“အရင်ကတော့ ဘယ်သူမှ ကိုယ့်မြေပေါ်မှာ လာနေသလား၊ မလာနေဘူးလား ဂရုမစိုက်ခဲ့ကြပါဘူး။ အခုမှ စက်မှုဇုန်တွေ တိုးပွားလာတာ၊ မြေဈေးက ကောင်းလာတာကြောင့် အခုရှုပ်ထားမှ နောင်ရှင်းဆိုသလို အင်းအားရှိတဲ့သူတွေ ကိုယ့်အင်အားကို အသုံးပြုကြရင်း ပြဿနာတွေက ဖြစ်လာတာ။ ဒါကို အစိုးရအနေနဲ့ ဂရုစိုက်ဖြေရှင်းသင့်တယ်” လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးနေလင်းကလည်း ကျူးကျော်အရေးဟာ ပြည်ထောင်စုအစိုးရကိုယ်တိုင် ဥပဒေ၊ စီမံချက်တွေနဲ့ ဖြေရှင်းရမယ့် ပြဿနာ ဖြစ်ကြောင်း သုံးသပ်ပါတယ်။ လက်ရှိအချိန်မှာ တိုင်းအစိုးရဖြေရှင်းနေတဲ့ ပုံစံ လွဲမှားနေတယ်လို့ သူက ဆိုပါတယ်။

“ဖျက်မယ်၊ ဖယ်ရှားမယ်ဆိုရင်လည်း သူတို့ကို အချိန်ကာလတခုတော့ ပေးဖို့လိုတာပေါ့။ အုပ်ချုပ်ရေးပိုင်းတွေက ဖယ်ရှားတဲ့အခါ အုပ်စုလိုက်ဖွဲ့ပြီး ဝင်တယ်၊ ဖယ်ရှားတယ်။ ကုမ္ပဏီကြီးတွေလည်း ဒီအတိုင်းပဲ။ အုပ်စုလိုက် ဝင် အတင်းဖယ်ရှားနဲ့ ဥပဒေမဲ့တွေ လုပ်နေကြတယ်” လို့ သူက ဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကလည်း ကျူးကျော်တွေဖယ်ရှားရာမှာ နှစ်ဖက်လူအုပ်စု သွေးထွက်သံယိုမဖြစ်စေရေး၊ ပဋိပက္ခ မဖြစ်ပွားစေရေးအတွက်သာ ရည်ရွယ်ပြီး လုံခြုံရေးလိုက်ပါဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မည်သည့်ဘက်ကိုမှ ဘက်လိုက် ဆောင်ရွက်ပေးနေခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိ ရဲမှူးကြီး တစ်ဦးက ပြောပါတယ်။

ပြောင်းရွှေ့ပေးဖို့ အကြိမ်ကြိမ် အသိပေး၊ အကြောင်းကြားထားပေမယ့် ကျူးကျော်နေထိုင်သူများက လိုက်နာခြင်း မရှိဘဲ  သွားရောက်ဖယ်ရှားသူတို့ကို  လူအုပ်စုနဲ့ ပိတ်ဆို့ထားတတ် ကြတယ်လို့ သူက ရှင်းပြပါတယ်။

“ကျွန်တော်တို့လည်း ကိုယ့်ပြည်သူတွေအပေါ်မှာ အကြမ်းဖက်တာမျိုး ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမယ့် တစ်ခါတစ်ခါတော့ လက်ဦးမှု ယူရတဲ့သဘောမျိုး သက်ရောက်သွားတာပေါ့။ ကျူးကျော်တွေဘက်ကသာ ဥပဒေနဲ့အညီ အသိပေးတာကို ဖယ်ရှားပေးခဲ့ရင် ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး” လို့ သူက ဆက်ပြောပြတယ်။

ရောဂါလက္ခဏာကို မကုပါနဲ့၊ ဇာစ်မြစ်ကို ကုပါ

ကျူးကျော်နေရာ ဖယ်ရှားခံလိုက်ရတဲ့အတွက်   မိသားစုနဲ့ အတူ မနေနိုင်တော့ကြောင်း၊  အမှန်တကယ် နေစရာမရှိတဲ့သူတွေကို  တခုခု စီစဉ်ပေးရန် အစိုးရထံ တောင်းဆိုသွားမှာ ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်၊ တံတားဘောင်ကျေးရွာနားအနီးက စားကျက်မြေပေါ်မှာ ကျူးကျော်နေထိုင်ခဲ့တဲ့ မသီတာက ဆိုပါတယ်။

“အစိုးရပိုင် မြေလွတ်တွေ အများကြီးပါ။ တကယ်သာ ပြည်သူတွေအပေါ်မှာ စေတနာရှိရင် မြေတွေ သိမ်းထားပြီး ဘာစီမံကိန်းမှ၊ အဆောက်အဦးမှ မဆောက်ဘဲ ထားထားတဲ့ မြေတွေ၊ မြေလွတ်မြေရိုင်းတွေမှာ စနစ်တကျနဲ့ နေရာချထားပေးကြည့်ပါ။ နေစရာခက်ခဲတဲ့ ပြည်သူတွေက ထိုင်တောင်ရှိခိုးလိုက်ကြဦးမယ်” လို့ မသီတာက ပြောပါတယ်။

နေအိမ်များကို ဖယ်ရှားရုံဖြင့် ကျူးကျော်ပြဿနာ ပြေလည်မယ်မဟုတ်ဘဲ  ဖယ်ရှားခံရသူတွေက  တခြားနေရာများမှာ သွားရောက် ကျူးကျော် နေထိုင်ကြဦးမှာဖြစ်တယ်လို့ မသီတာက ရှင်းပြပါတယ်။

“ကျမတို့ကျူးကျော်ခဲ့တဲ့ မြေတွေဟာလည်း အခုချိန်ထိ မြေလွတ်မြေရိုင်းအဖြစ် ရှိနေတုန်းပဲ။ မြေလွတ်မြေရိုင်း ဥပဒေမှာကိုက ပါပြီးသား။ စီမံကိန်းအကောင်အထည်မဖော်ရင် ဘယ်ပြည်သူမဆို ဝင်ရောက်နေထိုင်ခွင့်ရှိတယ်” လို့ မသီတာကပြောပြတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading