သတင်း

နိုင်ငံအနှံ့ ငြိမ်းချမ်းစွာဆန္ဒပြသူများ အကြမ်းပတမ်းဖြိုခွင်းခံရ 

ရန်ကုန်မြို့မြေနီကုန်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပါမချန် ရန်ပြုခဲ့သည့် စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့များက နိုင်ငံအနှံ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းပတမ်းဖြိုခွင်းခဲ့သည်။

နေ့စဉ်ရက်ဆက် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း နိုင်ငံအနှံ့ ဆန္ဒပြနေသည့်ပြည်သူတို့ကို ယနေ့ (ဖေဖော်ဝါရီ ၂၇) တွင် နံနက်ပိုင်းကတည်း လူစုသည်နှင့် သေနတ်များ၊ မီးခိုးဗုံး များ၊ မျက်ရည်ယိုဗုံး များပါသုံးကာ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က တောက်လျှောက်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် မြေနီကုန်း၊ လှည်းတန်းနှင့် တာမွေတို့၌ အကြမ်းတမ်းဆုံးဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က လမ်းကြို လမ်းကြားပါမချန် ပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေးဝယ်များ၊ လုပ်ငန်းတာဝန်ဖြင့်သွားလာနေသည့် ပြည်သူများ၊ ပကတိအခြေအနေကို မှတ်တမ်းတင်ရန်ကြိုး ပမ်းနေသည့် သတင်းထောက်များပါဒုက္ခတွေ့ခဲ့ရသည်။

ရန်ကုန် မြေနီကုန်းတွင် အဖမ်းအဆီးများ ပြုလုပ်နေသည့် လုံခြုံရေးအဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

သတင်းဌာနများရိုက်ကူးလိုက်နိုင်သည့် ယနေ့ မှတ်တမ်း ဓာတ်ပုံအချို့တွင်စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ ရက်စက်စွာရမ်းကားမှုကို အထင်ရှားဆုံးပြသနိုင်သည့်ပုံရိပ်များပါဝင်ပြီး လက်နက်၊ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ရဲကိုးဦးအနက် တစ်ဦးကကိုယ်ဝန်ဆောင်အမျိုးသမီးကို လက်သီးဖြင့်ရွယ်ခဲ့သည့် ဓာတ်ပုံ မှာ ထင်ရှားသည်။

ထိုဓာတ်ပုံကို ရိုက်ကူးလိုက်နိုင်သည့် ဧရာဝတီသတင်းဌာနက အဆိုပါဖြစ်စဉ်အတွင်း ထပ်မံ မှတ်တမ်း တင်လိုက်နိုင်သည့် နောက်ထပ်ဓာတ်ပုံတစ်ခုတွင် ဆန္ဒပြပြည်သူများကို လိုအပ်ပါက ကုသမှုပေးနိုင်ရန် အသင့်စောင့်ဆိုင်းနေသည့် MEDIC အမှတ်တံဆိပ်ပါအင်္ကျီဝတ်ဆင်ထားသော ဆေးကုသရေး အဖွဲ့မှ အမျိုးသမီးတစ်ဦးကို ရဲက သေနတ်ဖြင့် ချိန်ရွယ်ထားသည့်ဓာတ်ပုံလည်းပါဝင်သည်။

မနက်ပိုင်းကတည်း ထိုသို့ ကြမ်းတမ်းစွာဖြိုခွင်းခံရသော်လည်း အကြိမ်ကြိမ်လူပြန်စုခဲ့သည့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပြည်သူတို့ကို မြေနီကုန်းတွင် ရဲတပ်ဖွဲ့က လမ်းကြိုလမ်းကြားပါမကျန် ပိတ်ဆို့၍ တစ်နေကုန်ဖြိုခွင်းပြီး မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ လှိုင်လှိုင်သုံးခဲ့သည်။

ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူတို့ နောက်ထပ်စုဝေးရာနေရာဖြစ်သည့် လှည်းတန်းတွင်လည်း အလားတူပင် ရဲတပ်ဖွဲ့က အကြိမ်ကြိမ်အကြမ်းဖက်ဖြိုခွင်းပြီး သေနတ်ဖြင့် အချက်ရေအများအပြားပစ်ခတ်ခဲ့သည်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်၌ ဖေဖော်ဝါရီ ၂၇ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းမှု (ဓာတ်ပုံ- Myanmar Now)

နံနက်ပိုင်းကတည်ငြိမ်ခဲ့သည့် ရန်ကုန်မြို့လယ်ဆူးလေတွင်လည်း အာဏာသိမ်း မှုဆန့်ကျင်သော ပြည်သူတို့ရောက် ရှိလာသည့် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက်ဖြိုခွင်းမှုများလုပ်ခဲ့ ပြန်သည်။

ရန်ကုန်တွင် ရဲတပ်ဖွဲ့က အဆိုးရွားဆုံးကိုင်တွယ်ခဲ့သည့် နေရာနောက်တစ်ခုမှာ တာမွေဖြစ်သည်။ တာမွေ လမ်းဆုံအနီး ပိတ်ဆို့၍ ရိုက်နှက်ဖြိုခွင်းလာသည့် ရဲတပ်ဖွဲ့ကြောင့် ဆန္ဒပြနေသူများ၊ လမ်းသွားလမ်းလာ များ လမ်းဆုံအနီးရှိ အိုးရှင်းဈေးဝယ်စင်တာအတွင်း ဝင်ရောက်ပုန်းခိုခဲ့ကြရသည်။

အဆိုပါဖြစ်စဉ်ကို မှတ်တမ်းရိုက်ယူထားသည့် ဗီဒီယိုအချို့တွင် ရဲတပ်ဖွဲ့က ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်ရန်ပင် ခြိမ်းခြောက်ပြုမူခဲ့သည်ကိုတွေ့ရပြီး ပြည်သူတို့မှာ စင်တာအတွင်း၌ ညနေ ၃နာရီကျော် အထိ ပိတ်မိခဲ့ကြသည်။

ပိတ်မိနေသော ပြည်သူနှင့် စင်တာအတွင်းဖွင့်လှစ်ရောင်းချနေသည့်ဆိုင်ဝန်ထမ်းများက အိမ်စီးကား အချို့၏ အကူအညီအပါအဝင် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် စင်တာအတွင်းမှ ပြန်လာထွက်ခွာ လာချိန်တွင်လည်း လူစုလူဝေး ဖြစ်ပေါ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ရဲက သေနတ်ပစ်ဖောက်လူစုခွဲ၍ ပြည်သူတို့ကစဉ့်ကလျားဖြစ်ခဲ့ရပြန်သည်။

ရန်ကုန် တာမွေမြို့နယ်၌ ဖေဖော်ဝါရီ ၂၇ တွင် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

လက်နက်မဲ့ပြည်သူတို့ကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က ရက်စက်စွာကိုင်တွယ်သည့် သက်သေ နောက်တစ်ခုကိုလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ရရှိခဲ့သည်။ Myanmar Nowက အတည်ပြုထား နိုင်သည့် ဗီဒီယိုတစ်ခုတွင် မုံရွာမြို့၌ လက်နက်မဲ့ဆန္ဒပြပြည်သူတစ်ဦးကို ရဲ၊ စစ်တပ်နှင့် အရပ်ဝတ် ၁၀ ဦးကျော်က ဝိုင်းဝန်းထိုးနှက်၊ ကန်ကျောက်၊ သေနတ်ဒင်ဖြင့် ရိုက်နှက်ထုထောင်းခဲ့ပြီးနောက် လမ်းပေါ်တွင် လဲကျနေခဲ့သည့် ရိုက်နှက်ခံရသူကို ပစ်ထားခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် ဈေးသည်အမျိုးသမီးတစ်ဦးကို ယူနီဖောင်းဝတ်လုံခြုံရေးအဖွဲ့ဝင်များနှင့် အရပ်ဝတ်အချို့က ဆံပင်ဆွဲ၊ ပါးရိုက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မှတ်တမ်းဗီဒီယိုတစ်ခုတွင် တွေ့ရသည်။ 

ထို့အတူ မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ ပြာဿာဒ်ကျောင်းရှေ့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်နေသည့် ပြည်သူများနှင့် ရဲတပ်ဖွဲ့ တင်းမာမှုကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေသော မုံရွာဂေဇက် သတင်းဌာန အမှုဆောင်အရာရှိချုပ် ကိုလေး(ခ)ကိုကျော်ကျော်ဝင်းကိုလည်း အရပ်ဝတ်ဖြင့် လူအချို့က ရိုက်နှက် ဖမ်းဆီး ခဲ့ပြီး အချုပ်ကားပေါ်သို့ ဆောင့်ကန်၍ တင်သည်အထိပင် ရိုင်းစိုင်းကြမ်းတမ်းစွာပြုမူခဲ့သည်ကို ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု၌ တွေ့ရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း အလားတူဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီး အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြ နေသည့် လူထုကို လူစုခွဲရန် ညနေ ၄နာရီခန့်က သတိပေးပြီးနောက်များမကြာမီတွင် The Hakha Timesသတင်းဌာနမှ အမှုဆောင်အရာရှိချုပ်( CEO) ကိုပါပ္ပီးအပါအဝင် ပြည်သူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး သွားသည်။

မန္တလေးမြို့ ၆၆ လမ်းနှင့် ၃၅လမ်းထောင့်တွင်ရှိသည့် ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေးအသင်းရုံးနားရှိ ဆန္ဒပြပြည်သူများ နံနက်ပိုင်းတွင်လည်းကောင်း၊ ကျွန်းလုံးဥလျှောင်ရပ်ကွက်တွင် ညနေပိုင်းတွင်လည်းကောင်း လုံခြုံရေးတပ်ဖွဲ့က သေနတ်၊ မျက်ရည်ယိုဗုံးများသုံးကာဖြိုခွင်းသည်။

ထို့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များလှည့်လည်ရာ လမ်းတစ်လျှောက် လမ်းသွားလမ်းလာများနှင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ သတင်းထောက်များကို လေးခွဖြင့်ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်များလည်းပေါ်ပေါက်ခဲ့ပြီး မန္တလေးမြို့ နံနက်ပိုင်းဖြိုခွင်းမှုအတွင်း ပြည်သူ ၅၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

မန္တလေး၌ ဖေဖော်ဝါရီ ၂၇ တွင် ကားပေါ်မှ လေးခွဖြင့် ပစ်ခတ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

ထိုသို့ဖြစ်စဉ်များ နိုင်ငံအနှံ့မြို့ရွာများတွင်ရှိနိုင်သေးသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင် သေးပါ။

အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယနေ့အကြမ်းဖက်ဖြိုခွင်းမှုအတွင်း  ပကတိ အခြေ အနေများကိုမှတ်တမ်းတင်ရန်ကြိုးပမ်းနေသည့် သတင်းထောက်များကိုပါ အထူးပစ်မှတ်ထားလာသည် ကိုလည်း မုံရွာ၊ ဟားခါး၊ ရန်ကုန်၊ မန္တလေးတို့တွင် ပေါ်ပေါက်ခဲ့သောဖြစ်စဉ်များ၌တွေ့ရသည်။

ယနေ့ နံနက်ပိုင်းကတည်းက  ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် သတင်းယူနေသည့် နိုင်ငံတကာ AP သတင်းထောက် ကိုသိန်းဇော်၊ Myanmar Press Photo Agency (MPA) သတင်းထောက် ကိုရဲမျိုးခန့်နှင့် ကမာရွတ်သတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်အများအပြားက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

များမကြာမီတွင် မြေနီကုန်း၌ သတင်းရယူနေသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို လည်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ချုပ်နှောင်ကာ ဖမ်းဆီးသွားသည်။

ထို့အတူ လှည်းတန်း၌ သတင်းရယူနေသည့် သတင်းထောက် ကိုအောင်ရဲကိုနှင့် ယနေ့ ညနေ ၃နာရီအထိ အဆက်အသွယ်ရပြီးနောက်ပိုင်း ပျောက်ဆုံးနေသည်ဟု 7 Day အယ်ဒီတာချုပ် ဦးအားမာန်က အတည်ပြုသည်။

လှည်းတန်း၌ပင် သတင်းယူနေသူနောက်တစ်ဦးဖြစ်သည့် ဇီးကွက်မီဒီယာသတင်းထောက် ကိုဟိန်းပြည့်စုံမှာလည်း အဆက်အသွယ်မရတော့ဟု ၎င်း၏ညီမဖြစ်သူက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသား ထားသည်။

Myanmar Nowက အတည်ပြုထားနိုင်သည့် ရန်ကုန်၊ မုံရွာ၊ ဟားခါးဖြစ်စဉ်များအတွင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ခုနစ်ဦးနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ နှစ်ဦးကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်၊ မည်သို့ဆက်လက် ဆောင်ရွက်မည်တို့ကို ရဲတပ်ဖွဲ့က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ယနေ့ညနေပိုင်းထိ Myanmar Now သတင်းဌာန၏ တွေ့ရှိချက်၊ မျက်မြင်သက်သေများ၏ အတည်ပြုပြောဆိုချက်များအရ ရန်ကုန်ရှိ မြေနီကုန်း၊ လှည်းတန်း နှင့် ဆူးလေနှင့် မန္တလေးမြို့တို့တွင် ဖမ်းဆီးခံရသည့် ဆန္ဒပြပြည်သူနှင့် လမ်းသွားလမ်းလာစုစုပေါင်း ၂၀၀ နီးပါးရှိပြီး အရေအတွက်မှာ ထို့ထက်မကများရန်သာရှိကာ ထိခိုက်ဒဏ်ရာရမှုအခြေအနေအသေးစိတ်ကိုလည်းမသိရသေးပေ။

နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖေဖော်ဝါရီ ၂၆ အထိ စာရင်းများအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချခံရသူစုစုပေါင်း ၇၇၁ ဦးထိရှိပြီ ဖြစ် ကြောင်းသိရသည်။

Myanmar Now သတင်းဌာန၏ အတည်ပြုချက်များအရ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ လက် ချက်ကြောင့် ယနေ့ညနေအထိ ပြည်သူ ၇ဦးသေဆုံးခဲ့ရပြီးဖြစ်သည်။

 

Show More

Related Articles

Back to top button