တပ်ထောက်ခံအဖွဲ့မှ ၈ ဦး ဆိပ်ကြီးခနောင်တိုလူထုကို တောင်းပန်

တပ်ထောက်ခံသူများထဲမှ အကြမ်းဖက်သည်ဟု ယူဆရသူတချို့ကို ပရဟိတကားအဖွဲ့က ဖမ်းဆီးကာ ဆိပ်ကြီးခနောင်တိုအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့သည်

Published on Feb 26, 2021
ဖမ်းဆီးရမိသော ၈ ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မေးမြန်းနေစဉ်။ (ဓာတ်ပုံ - Myanmar Now)
ဖမ်းဆီးရမိသော ၈ ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မေးမြန်းနေစဉ်။ (ဓာတ်ပုံ - Myanmar Now)

ရန်ကုန်မြို့လယ်ကောင်၌ ဓားထိုးမှုဖြစ်သည်အထိ ရမ်းကားခဲ့သော တပ်ထောက်ခံပွဲကို လိုက်ပါခဲ့သည့် ဆိပ်ကြီးခနောင်တို ဒေသခံ ၈ ဦးက ပြန်တောင်းပန်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ လူအုပ်ဖြင့် စုဝေးတောင်းဆိုမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

၎င်း ၈ ဦးကို Happy Taxi Family လူမှုအထောက်အကူပြု ပရဟိတအသင်းက ဖမ်းဆီးမိပြီး ဆိပ်ကြီးခနောင်တို မြို့နယ်အုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့သည်။

၎င်း ၈ ဦးက တပ်ထောက်ခံပွဲတွင် ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သည့် ဦးစိုးစိုးနှင့် ဒေါ်မာမာဝင်းတို့က ခေါ်ယူသောကြောင့် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ငွေတိုးမကင်းသောကြောင့် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ပြန်ဖြေရှင်းခဲ့ကြသည်။

အဆိုပါ တပ်ထောက်ခံအဖွဲ့သည် အငှားယာဉ်ကို ဖျက်ဆီးကာ ခရီးသည်ကို ဓားဖြင့်ထိုး၍ အကြမ်းဖက်ခဲ့ခြင်းဖြစ်သော်လည်း ကျူးလွန်ရာတွင် ၎င်းတို့ မပါဝင်ကြောင်း ငြင်းဆန်သည်။

ပြည်ခိုင်ဖြိုးမှ ဦးစိုးစိုးဆိုသူသည် တပ်အရာရှိဟောင်းတစ်ဦးဟု ဆိုသော်လည်း ဧရာဝတီသတင်းဌာနတွင်မူ စက်ပြင်ဆရာဟု ၎င်းတို့က ကွဲလွဲစွာ ဖြေဆိုထားသည်။

၎င်းတို့ ၈ ဦးကို ဖမ်းဆီးမိပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ အပ်နှံရာတွင် ပါဝင်သော Happy Taxi Famiy ပရဟတိအသင်းဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။

၎င်းကားဆရာ၏ သူငယ်ချင်း ကားမောင်းသူတစ်ဦး၏ ကားနှင့် ကားပေါ်ပါ ခရီးသည်လေးဦးကို အကြမ်းဖက်ရိုက်နှက်ခဲ့ပြီး ခရီးသည်လေးဦးကို တပ်ထောက်ခံသူများအဖွဲ့က ခေါ်ဆောင်သွားခဲ့သည်။ 

မေး။ ။ ဘယ်လိုဘယ်ပုံ ဖြစ်ပျက်သွားတာလဲ။

ဖြေ ။ ။ ကျွန်တော့်သူငယ်ချင်းကားက ခရီးသည်တင်ပြီးတော့ ထွက်လာတယ်။ အောင်ဆန်းကွင်းအကျော် ဗိုလ်မင်းရောင်လမ်းထောင့် မီးပွိုင့်ထိပ်ကို သွားပို့တယ်ပေါ့။ ပို့တော့ ဘူတာကြီးအနားအရောက်လည်းကျရော နောက်ခန်းက ခရီးသည်(အမျိုးသမီး) က လက်သုံးချောင်းထောင်လိုက်တယ်။ အဲဒီမှာ တပ်မတော်ကို ထောက်ခံတဲ့သူတွေက သူတို့ကို လှောင်ရမလားဆိုပြီးတော့ ခေါင်းခန်းက လူကို ဓားနဲ့ ထိုးတယ်။ ဒရိုင်ဘာကိုလည်း ဓားနဲ့ ထိုးတယ်။ နောက်က လူတွေကိုလည်း ကုန်းသီးတွေနဲ့ ပစ်တယ်။ အုတ်ခဲတွေနဲ့ ထုတယ်။ ကားမှန်တွေကို ရိုက်ခွဲတယ်။ အဲဒီလို ဖြစ်တဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းကားခေါင်းခန်းက ခရီးသည်ကို တပ်မတော်ထောက်ခံတဲ့အဖွဲ့က ကောင်လေးက ကားတံခါးဆွဲဖွင့်ပြီးတော့ ခေါ်သွားတယ်။ အခုလက်ရှိတော့ ခရီးသည် သတင်းအစအန လုံးဝမရသေးဘူး။ အောက်ကို ဆွဲချပြီး ခေါ်သွားတယ်။ ဓားနဲ့လည်း ထိုးတယ်။

မေး။ ။ ခရီးသည်တွေမှာ အမျိုးသမီးတွေပါလား။

ဖြေ ။ ။ အမျိုးသမီးပါတယ်။ အမျိုးသမီးတစ်ယောက်က လက်သုံးချောင်းထောင်လိုက်လို့ အဲဒီလို ဖြစ်သွားတာ။ သူ(ယာဉ်မောင်း)လည်း အဲဒီအချိန်မှာ လုံးဝကြောက်လန့်သွားပြီ။ ကြောက်လန့်ပြီးတော့ ပိုဆိုးတာက ကျန်တဲ့ (ခရီးသည်) သုံးယောက်ကိုပါ ထပ်ဆင်းခိုင်းတော့ အဲဒီသုံးယောက်ပါ အဲဒီအဖွဲ့ (တပ်ထောက်ခံသူ) ထဲကို ရောက်သွားတယ်။ အခု ခရီးသည်သတင်းအချက်အလက်ကို လုံးဝမရဘူး။ ဓားနဲ့ ထိုးတာတော့ လုံးဝ ကျိန်းသေတယ်။ 

မေး ။ ။ အဲဒီကနေ အစ်ကိုတို့က ဘယ်လိုရောက်ပြီး ဘယ်လိုဖမ်းလိုက်ရလဲ။

ဖြေ ။ ။ သူ(သူငယ်ချင်းကားဆရာ) က ကြောက်လန့်ပြီးတော့ အဲဒီကိစ္စကို လိုင်းပေါ်မှာ တက်အော်တယ်။ ကျွန်တော်နဲ့ နှစ်ယောက်က မြို့ထဲမှာရှိတော့ ဘူတာကြီးကို ချက်ချင်းဆင်းသွားတယ်။ ဘူတာကြီးမှာ ဒီကောင်တွေက ထိုင်နေတယ်။ ကျွန်တော်တို့ နှစ်ယောက်တည်းဆိုတော့ အဆင်မပြေဘူး။ ကျွန်တော်တို့ ပရဟိတကားတွေပါ ထပ်ခေါ်တော့ ရောက်လာတဲ့အချိန်မှာ ဒီကောင်တွေက အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ သမ္မတရုပ်ရှင်ရုံရှေ့ကို လမ်းလျှောက်သွားတယ်။ အဲဒီကနေ ခေါင်းဆောင်တဲ့ကောင်က လက်ထဲမှာ တုတ်ရော၊ ဓားရော ပါတယ်။ အဲဒီကောင်တွေက တက္ကစီတစ်စီး၊ ကျွန်တော်တို့ မိတဲ့ အမျိုးသမီးငါးဦးနဲ့ ယောကျ်ားလေး သုံးဦးက တက္ကစီတစ်စီး။ ကျွန်တော်တို့လည်း လိုက်တယ်။ နှစ်စီးလုံးကို အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့် ကွေ့ကျောမှာ မိတယ်။ မိတော့ ကျွန်တော်တို့က ယာဉ်မောင်းနှစ်ယောက်တည်းဆိုတော့ ဆင်းပြီးတားလို့ အဆင်မပြေဘူး။ သူတို့က အုပ်စု ၁၅ ယောက်လောက် ရှိတယ်။ မီးပွိုင့်လည်းလွတ်ရော ခေါင်းဆောင်ပါတဲ့ ကားက မဂိုလမ်းဘက်ကို မောင်းသွားတော့ လွတ်သွားရော။ ဒီဘက်က အမျိုးသမီးငါးဦးနဲ့ ယောကျာ်းလေး သုံးယောက်ပါတဲ့ ကားက မီးပွိုင့်ကို ပြောင်းပြန်မောင်းချပြီးတော့ ဆူးလေဘက်သွားပြီး ဆူးလေနဲ့ ကမ်းနားလမ်းထောင့် မီးပွိုင့်မှာ ကျွန်တော်တို့အဖွဲ့က ကားတွေရော၊ ကျွန်တော်တို့ နှစ်ယောက်ရော ဒီကောင်တွေကားကို ကန့်လန့်ရပ်ပြီးတော့မှ ဒီကောင်တွေကို မိတာ။

ဒီကောင်တွေ (ဆိပ်ကြီးခနောင်တို ၈ ဦးအဖွဲ့) က ပထမ ငြင်းသေးတယ်။ ငြင်းရင်းနဲ့ သူတို့ အိတ်ထဲကို စစ်တော့ တပ်မတော်ကို ထောက်ခံတဲ့ အော်ရွတ်တဲ့စာတွေ အကုန်လုံးပါတယ်။ တစ်ယောက်ချင်း စစ်တဲ့အချိန်မှာ နောက်ဆုံးပြီးခါနီးကျမှ ရဲက ရောက်လာတယ်။ ပန်းဘဲတန်းခရိုင်မှူးလား၊ မြို့နယ်မှူးလား မသိဘူး။ တစ်ပွင့်နဲ့တစ်ခက် ၊ ရောက်လာပြီးတော့ အစ်ကိုတို့ ဘယ်လိုလုပ်ချင်လဲ။ သူတို့က ခေါ်သွားမယ်ပေါ့။ ခေါ်ပြီးတော့ သူတို့ကို ဒီတိုင်းထိန်းသွားလို့ မရဘူး။ ပြန်လွှတ်ပေးမှ ရမယ်ဆိုပြီးတော့ ရဲက ပြောတယ်။ အဲဒါဆိုရင်တော့ အဆင်မပြေဘူး။ ဒီပုံစံဆိုရင်တော့ ကျွန်တော်တို့ လိုက်ဖမ်းခဲ့တာဖြစ်လို့ ကျွန်တော်တို့ပဲ ဆက်လုပ်မယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်တွေ၊ ကားနံပါတ်တွေကို ရဲက ယူထားတယ်။ 

ဆိပ်ကြီးခနောင်တိုကို လိုက်ပို့တော့ အဝင်မှာ အဆင်ပြေတယ်။ ဒါပေမဲ့ လူထုက တဖြည်းဖြည်းနဲ့ အယောက်တစ်ထောင်ကျော်နီးပါး ဖြစ်လာတယ်။ ဒီကောင်တွေကို ကြိုးကိုင်တဲ့ ကိုစိုးစိုးနဲ့ မမာမာဝင်းတို့ လင်မယားကို လာရှင်းဖို့ လူထုက တောင်းဆိုတယ်။ အဲဒီအတွက်ကြောင့် ရဲကလည်း မရှင်းပေးနိုင်တော့ဘူး။ နောက်ဆုံးလည်းကျရော ရပ်ကွက်လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားတယ်။ နောက်ဆုံးညှိပြီးတော့ အဲဒီကလေးတွေ(တပ်ထောက်ခံပွဲလိုက်သူများ)ကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ ထားခဲ့တယ်။ ချပြီးတော့ ကျွန်တော်တို့ နောက်ဆုတ်ပြန်လာခဲ့တယ်။

မေး ။ ။ ဖမ်းဆီးမိသူတွေက ဘာတွေလုပ်ခဲ့တာမျိုး တွေ့ရလဲ။ ကားမှန်တွေ ခွဲတာ၊ ဓားနဲ့ထိုးတာ သူတို့လား။

ဖြေ ။ ။ ကျွန်တော်တို့ မိတဲ့ ကားမှာက မိန်းမ ငါးယောက်နဲ့ ယောကျာ်းလေး သုံးယောက်ပဲ ပါတယ်။ ဟိုဘက်က လွတ်သွားတဲ့ ကားမှာက တုတ်တွေ ဓားတွေနဲ့ သူတို့ကို ခေါ်လာတဲ့ ခေါင်းဆောင်ပါတယ်။ အဲ့ကားတစ်စီးက လွတ်သွားတယ်။ အဲဒီကားက လူတွေက ခွဲတာ။

မေး။ ။ ဖမ်းမိတဲ့သူတွေက သူတို့ ကားမှန်ရိုက်ခွဲတယ်လို့ ဝန်ခံလား။

ဖြေ ။ ။ သူတို့အဖွဲ့ထဲက လုပ်တာလို့ ပြောတယ်။ သူတို့ (၈ ဦးအဖွဲ့) လုပ်တယ်လို့ မပြောဘူး။ လွတ်သွားတဲ့ တစ်ဖွဲ့က ကီလီမော်တင် ကမ်းနားလမ်းမှာ စောင့်နေတယ်။ သွားမယ်လုပ်တော့ မြို့နယ်မှူးက တားတယ်။ မသွားပါနဲ့ပေါ့။ ဒီကိစ္စကို ရှောင်ပေးပါပေါ့။ သူတို့အဖွဲ့ထဲက ခွဲတာလို့ ဝန်ခံတယ်။ သူတို့ (ဖမ်းမိသူ ၈ ဦး) ပါကောင်းလည်း ပါနိုင်တယ်။ ကျွန်တော်တို့က ကာယကံရှင်မဟုတ်ဘူး။ ကာယကံရှင်ကိုယ်တိုင်ကလည်း အဲဒီအချိန်မှာ လုံးဝကြောက်လန့်နေပြီ။ ပါကောင်းလည်း ပါနိုင်သလိုပဲ မပါကောင်းလည်း မပါနိုင်ဘူး။

ကျွန်တော်တို့က ဖြစ်စဉ်ပြီးမှ ရောက်သွားတာ။ သူ တစ်စီးတည်းမဟုတ်ဘူး။ နောက်ထပ်တစ်စီးလည်း အောင်ဆန်းကွင်း စီးတီးမတ်ရှေ့မှာ နောက်မှန် အခွဲခံလိုက်ရတယ်။ သူတို့အဖွဲ့ကပဲ ခွေးဘီလူး(ကား) ကမ္ဘာအေးဘက် မြန်မာပလာဇာကို တက်သွားတယ်။ ကုက္ကိုင်းဂုံးတံတားအဆင်းမှာ တက္ကစီအဖွဲ့က ပိတ်ထားတယ်။ ဒီကောင်တွေက တက္ကစီအဖွဲ့က ကားက ရှေ့က ပိတ်ထားတော့ နောက်က ကားက ဟွန်းတီးတော့ နောက်ကားရဲ့ လေကာမှန်ကို ရိုက်ခွဲထားတယ်။

လူအုပ်များလာ

Happy Taxi Family လူမှုအထောက်အကူပြုပရဟိတအသင်းက ဖမ်းမိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ အပ်နှံလိုက်ပြီးနောက် တပ်ထောက်ခံသူများရမ်းကားမှုတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်သူများ ပါဝင်သည်ဆိုကာ မြို့နယ်နေပြည်သူများ အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ စုရုံးရောက်ရှိလာပြီး အဆိုပါ ပုဂ္ဂိုလ်များအကြောင်း သတင်းအပြည့်အစုံထုတ်ပြန်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်း တာဝန်ရှိသူများက အဆိုပါ ၈ ဦးသည် ရမ်းကားမှုတွင် မပါဝင်ကြောင်း၊ ၎င်းတို့ကို ခေါ်ဆောင်သူများနှင့် ငွေကြေးမကင်းနိုင်၍ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသော်လည်း လူအုပ်က လက်ခံခြင်းမရှိဘဲ အဆိုပါ ၈ ဦးကို ထုတ်ပြရန်နှင့် ၎င်းတို့အား မေးခွန်းမေးမြန်းခွင့် ရရှိရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများက ညနေ ၆ နာရီခန့်တွင် တပ်ထောက်ခံပွဲ၌ ပါဝင်သူ ၈ ဦးကို မြို့နေပြည်သူများရှေ့ ငုတ်တုတ်ထိုင်စေကာ လူလုံးထုတ်ပြခဲ့သည်။ မြို့နေပြည်သူများသည် ထိုသူများကို “ငါးထောင်စား” ဟု ဆိုကာ ဆဲရေးပြီး ၎င်းတို့၏ ဖုန်းများဖြင့် ဖေ့ဘွတ်ခ်လူမှုကွန်ယက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

သို့တိုင်အောင် ရုံးရှေ့မှ လူစုခွဲခြင်းမရှိဘဲ မေးမြန်းခွင့်ပြုရန် တောင်းဆိုခဲ့ရာ ၎င်းတို့လူအုပ်ထဲမှ ကိုယ်စားပြု အမျိုးသမီးတစ်ဦးနှင့် တပ်ထောက်ခံပွဲတွင် ပါဝင်သူ ၈ ဦးအနက် ပန်းရံလုပ်ငန်း လုပ်ကိုင်သည်ဆိုသော အသက် ၁၈ နှစ်ဝန်းကျင်ရှိ ကိုတင်ဇော်ထွန်းဆိုသူ အမျိုးသားတစ်ဦးတို့ကို မြို့နေပြည်သူရှေ့တွင် အော်လံဖြင့် မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ပေးရသည်။

တပ်ထောက်ခံပွဲတွင် ပါဝင်သူ ကိုတင်ဇော်ထွန်းဆိုသူက ၎င်း၏ ညီမဖြစ်သူကိစ္စတွင် ဦးစိုးစိုး၊ ဒေါ်မာမာဝင်းတို့က မားမားမတ်မတ် ရပ်တည်ကူညီပေးသလို ငွေတိုးလည်း မကင်း၍ ၎င်းတို့ ခေါ်ဆောင်ရာနောက် လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ထောက်ခံပွဲမှန်း မသိခဲ့ကြောင်း ဖြေသည်။ 

အများပြောဆိုသကဲ့သို့ ပိုက်ဆံယူ၍ လိုက်ပါခြင်းမဟုတ်ကြောင်း “ကျွန်တော်တို့က ပြောနေကြသလို ငါးထောင်စား မဟုတ်ပါဘူးဗျာ။ မကင်းရာမကင်းကြောင်းရှိလို့ လိုက်သွားတာပါ။ ဒီလိုဖြစ်မယ်မှန်းသိရင် မလိုက်ပါဘူး”ဟု ဆိုခြင်း ဖြစ်သည်။  

၎င်းတို့ကို ဦးဆောင်ခိုင်းသူအမည်နှင့် ပိုက်ဆံ ဘယ်လောက်ရသလဲဆိုသူကို အဓိကမေးမြန်းပြီးနောက် ပြည်သူက တောင်းပန်ခိုင်းခဲ့ရာ အဆိုပါ ၈ ဦးသည် ပြန်လည်တောင်းပန်သဖြင့် ည ၇ နာရီဝန်းကျင်တွင် မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိသော ရာနှင့်ချီသော လူအုပ်က ငြိမ်းချမ်းစွာ လူစုခွဲပေးခဲ့သည်။

၎င်းတို့မှာ တပ်ထောက်ခံပွဲလိုက်ပါသည့် မနက်ကတည်းက အစာမစားရသေး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ်လူငယ်တာဝန်ခံတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်း ညစာကျွေးမွေးပြီး ဆန်တစ်ပြည်၊ ကြက်ဥငါးလုံးစီ လှူဒါန်း၍ နေအိမ်သို့‌ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အဓိကက ကျွန်တော်တို့က စနစ်ကို တိုက်နေတာလို့ပဲ သူတို့ကို သိစေချင်တယ်။ ကျွန်တော့် Personal အရပဲ သူတို့ကို လှူဒါန်းတာပါ” ဟု ဒီချုပ်ပါတီ လူငယ်တာဝန်ခံ ကိုကောင်းထက်က ဆိုသည်။

ထို့နောက် ၎င်းတို့ ရှစ်ဦးကို နေအိမ်သို့ လုံခြုံရေးတပ်ဖွဲ့နှင့် ပို့ဆောင်ပြီးနောက် ၎င်းတို့ကို ဦးဆောင်သူများဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ဦးစိုးစိုး၊ ဒေါ်မာမာဝင်းတို့က အိမ်ရှေ့သို့‌ ရောက်လာ၍ ၎င်းတို့အမည်ကို သုံးစွဲပြောဆိုခြင်းကြောင့် အမှုဖွင့်တရားစွဲဆိုမည်ဟု ကြိမ်းမောင်းခြိမ်းခြောက်သည်ဟု သိရကြောင်း ကိုကောင်းထက်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း စစ်တပ်ထောက်ခံသူများက CDM တွင် ပါဝင်နေသည့် ရန်ကုန်ဘူတာကြီးအနီး မီးရထားဝင်းထဲ ဝင်ရောက်၍ တုတ်၊ ဓား၊ လေးခွများဖြင့် ရထားဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်၌ ရန်ကုန်မြို့၊ ဆူးလေအနီး မီးပွိုင့်တွင် ကားရပ်ထားစဉ် တပ်ထောက်ခံသူများက ရိုက်နှက်ပြီး ဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ခံရသူ ယာဉ်မောင်းတစ်ဦးကလည်း ကျောက်တံတားမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ယင်းဖြစ်စဉ်တွင် ၎င်း၏ ကား လေကာမှန်အက်ကွဲကာ ကားကိုယ်ထည် ရှေ့နှင့်နောက်လည်း ချိုင့်သွားခဲ့သည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading