ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ ပုံဖျက် ချေမှုန်းခံနေရပြီး ပြည်သူတို့အပေါ် အာဏာရှင်စနစ်ဖြင့် ထာ၀ရ အနိုင်ကျင့် စိုးမိုးအုပ်ချုပ်တော့မည့် အစီအစဥ်ကို ပြည်သူတို့ကိုယ်တိုင် ဆက်လက် အံတုမှသာ ဒီမိုကရေစီလမ်းကြောင်းပွင့်မည်ဖြစ်သည်။
ဒီမိုကရေစီနည်းဖြင့် ပြည်သူအများစုက ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရကို တရားနည်းလမ်းမဲ့စွာ ဖြုတ်ချပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ဗိုလ်ချုပ်များသည် ယခုအချိန်တွင် ပြည်သူများကို အကြမ်းဖက်နည်းလမ်းများဖြင့် နိုင်ငံတဝှမ်း စတင်တိုက်ခိုက်နေပြီဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က တပ်မတော်ထောက်ခံပွဲအမည်တပ်ထားသည့် ဆန္ဒပြပွဲတွင် ပါဝင်လာသည့် လူဆိုးလူမိုက်များက ရန်ကုန်မြို့လမ်းမပေါ်ရှိ အများပြည်သူကို တုတ်ဓားများဖြင့် အန္တရာယ်ပြုခဲ့ကြသည်။ ၎င်းတို့ကို စစ်ဗိုလ်ချုပ်များက အရေးယူခြင်း မရှိခဲ့ပေ။ ထိုမျှသာမက NLD ထောက်ခံသူများကပင် ရန်စတိုက်ခိုက်ခဲ့ကြသည်ဟု စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်ထားသော နိုင်ငံပိုင်သတင်းစာများတွင် အရှက်တရားမဲ့စွာ ရေးသားထားသည်။ (အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူအားလုံးကို NLD ထောက်ခံသူ ဟူသော တံဆိပ်တပ်ပေးပြီး လူထုအုံကြွမှုကို ပုံဖျက်ခြင်းဖြစ်သည်ကို သတိပြုသင့်သည်။)
ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြိုတွင် အာဏာသိမ်းမှု၊ နိုင်ငံတော်ပုန်ကန်မှုကို ဆန့်ကျင်သည့်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို အရုပ်ဆိုးအကျည်းတန်စွာ၊ တရားဥပဒေမဲ့စွာ သေနတ်ပစ်ဖောက်၍ ဖိနှိပ်ခဲ့သည်။
မန္တလေးတွင် အမျိုးသားတစ်ဦး ခြေထောက်တွင် ကျည်ထိသဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ခလေးငယ်တစ်ဦးလည်း လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် မျက်နှာတွင် ဒဏ်ရာ ရရှိထားသည်။
စီးပွားရေးလုပ်ပိုင်ခွင့်များဖြင့် အကြီးအကျယ်ချမ်းသာကြွယ်ဝနေပြီဖြစ်သော ဗိုလ်ချုပ်များသည် ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေက အပ်နှင်းချက်ဖြစ်သော စစ်တပ်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အသားလွတ်ရရှိနေသည်ကိုပင် ကျေနပ်တင်းတိမ်နိုင်ခြင်း မရှိဘဲ အဓမ္မနည်းဖြင့် ၁၀၀ ရာခိုင်နှုန်း နိုင်ငံတော်အာဏာကိုသိမ်းပိုက်ပြီး ပြည်သူများကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုမူ ဆောင်ရွက်နေခြင်းဖြစ်သည်။
၁၉၈၈ နှင့် ၂၀၀၇ ဒီမိုကရေစီအရေးတော်ပုံများအား ဖြိုခွင်းသည့်နည်းအတိုင်း စစ်ဗိုလ်ချုပ်များက ပြည်သူများကို စစ်ခင်းနေခြင်းပင်ဖြစ်ပြီး ၎င်းတို့စေခိုင်းချက်အတိုင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည်လည်း လက်မရွံ့ လူသတ်သမားများနယ် ပြုမူလျက်ရှိသည်။ ဦးဆောင်သူဟု ယူဆသူများအား ဖမ်းဆီးခြင်း၊ ဆန္ဒပြခွင့်မရအောင် ပိတ်ဆို့ထားပြီး၊ ထိုသို့ပိတ်ဆို့ထားသည့်ကြားမှ သတ္တိကောင်းစွာ ဆန္ဒပြသူတို့အား ပစ်ခတ်သတ်ဖြတ်ပြခြင်းဖြင့် လူထုကို အကြောက်တရားရိုက်သွင်းပြီး စစ်အုပ်ချုပ်ရေးကို အရှိန်မြှင့်အသက်သွင်းနိုင်မည်ဟု စစ်ဗိုလ်ချုပ်တို့က ယုံကြည်နေကြသည်။
ပြည်သူတို့အနေဖြင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ အခွန်မဆောင်ခြင်း၊ စစ်ကောင်စီက ထုတ်ဝေသော သတင်းစာများ ၀ယ်ယူမှု ရပ်ဆိုင်းခြင်း၊၊ စစ်တပ်က ပြုလုပ်သည့် မည်သည့်အခမ်းအနားကိစ္စရပ်ကိုမှ ပါဝင်ပတ်သက်မှု မရှိခြင်းဖြင့် ဆက်လက်ခုခံနိုင်သည်။ ထို့အပြင် စစ်တပ်၏ အရှိုက်ကိုထိုးနှက်ထားသည့် တရားမဝင်စစ်အုပ်စု လက်အောက်တွင် တာဝန်မထမ်းဆောင်ခြင်းဟူသော CDM လှုပ်ရှားမှုများကို ပြည်သူ့ ဝန်ထမ်းများက မမှိတ်မသုံဆက်လက်လှုပ်ရှားခြင်းဖြင့် အာဏာသိမ်းစစ်အုပ်စုကို ကောင်းကောင်းကြီး ဆက်လက်အံတုကြဦးမည်ဖြစ်သည်။



CDM လှုပ်ရှားမှုဆိုသည်မှာ စစ်ကောင်စီ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်သကဲ့သို့ စစ်ကောင်စီ လက်အောက်ရှိ မည်သည့်အာဏာပိုင်အဖွဲ့အစည်းတွင်မှ မိမိတို့ဆွေမျိုးသားခြင်း၊ မိတ်ဆွေများ သွားရောက်အမှုမထမ်းစေခြင်းသည်လည်း အကျုံးဝင်သည်။ အကြမ်းမဖက် အာဏာဖီဆန်ခြင်းသည် အချိန်ကာလတစ်ခုအထိ ကြာမည် ဆိုသော်လည်း လှုပ်ရှားမှုတွင် ပါ၀င်သူ အားလုံးအတွက် အန္တရာယ် အနည်းဆုံး၊ အထိရောက်ဆုံးနည်းလမ်းလည်း ဖြစ်သည်။
ပြည်သူတို့အနေဖြင့် ကုလသမ္မဂ္ဂနှင့် ဒီမိုကရေစီနိုင်ငံများက စစ်အုပ်စုကို အာဏာပလ္လင်ပေါ်မှ ဖယ်မချနိုင်သည်ကို သဘောပေါက်ထားသင့်သကဲ့သို့ စစ်တပ်က ကြေညာထားသည့် တစ်နှစ်အကြာတွင် “တရားမျှတလွတ်လပ်သော” ရွေးကောက်ပွဲများကို ကျင်းပပေးမည်ဟူသော အလိမ်အညာစ ကားများကိုလည်း စိုးစဥ်းငယ်မျှ မယုံစားဖို့လိုသည်။ စစ်ခေါင်းဆောင်တို့သည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင်လည်း ဤသို့သော ကတိစကားတွင်တွင်ပြောပြီးဖြစ်သည်။ စစ်တန်းလျားပြန်မည်ဟု ကတိပြုပြီး နှစ် ၂၀ အကြာတွင် စစ်ဗိုလ်ချုပ်များက လွှတ်တော်အတွင်း၀င်ထိုင်ပြီး အစိုးရအဖွဲ့အတွင်း ထိပ်တန်းနေရာများကို တရား၀င် ခြေကုပ်ယူလိုက်သည်ကို မမေ့သင့်ပေ။
ပြီးခဲ့သည့်ရက်များအတွင်း ရွေးကောက်ပွဲမဲစာရင်း မှားသည်ဟူသော စကားရပ်ကို ကြိမ်ဖန်များစွာသုံးစွဲခဲ့သော စစ်တပ်က ယခုအချိန်တွင် မဲစာရင်းကိစ္စ မပြောတော့ဘဲ မဲခိုးခြင်း၊ မဲဝယ်ခြင်းစသည့်အနက်ပါသော မဲမသာမှုဟူဆိုသည့် စကားရပ်ကို ပြောင်းလဲသုံးစွဲနေပြီဖြစ်သည်။
ထို့ပြင်ယခုအာဏာသိမ်းမှုမှာ NLD အစိုးရသက်တမ်းအတွင်း လူတစ်ဦးတစ်ယောက်၏ အကျိုးအတွက် ပြုမှုဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံတော်၏ ပကတိအခြေအနေများနှင့် သဟာဇာတရှိစွာ မဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟူသော အခြေအမြစ်မရှိ စွပ်စွဲချက်များကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ယခုအပတ်ပြုလုပ်သောအ စည်းအဝေးများတွင် တတွင်တွင်ပြောကြားလာသည်။ ထိုအချက်ကို ထောက်ရှုပါက ရွေးကောက်ပွဲမဲစာရင်းရလဒ်ကို အကြောင်းတစ်ခုအနေဖြင့်အသုံးပြုပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
စစ်ကောင်စီက ထပ်မံဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်သည်ဟု ယနေ့ ထုတ်ပြောလိုက်ပြန်သည်။ ဤသို့ ပြောဆိုခြင်းမှာ မဲပေးခဲ့သူ အများစုကို စော်ကားလိုက်ခြင်းလည်းဖြစ်သည်။
တရားနည်းလမ်းကျစွာ ရွေးကောက်ပွဲအနိုင်ရခဲ့သူများကို ဖမ်းဆီးချုပ်နှောင်ထားပြီး ရွေးကောက်ပွဲရှုံးထားသော ပြည်ခိုင်ဖြိုးနှင့် ပြည်ခိုင်ဖြိုး၏ မိတ်ဖက်ပါတီများဖြစ်သော NDF၊ ပြည်သူရှေ့ဆောင်ပါတီ (PPP) နှင့် အခြားပါတီတချို့မှ တာဝန်ရှိသူတို့ကို ဝန်ကြီးနေရာများ၊ စစ်ကောင်စီအဖွဲ့ဝင်နေရာများတွင် အနည်းငယ် အာဏာခွဲဝေပေးလိုက်သည်။
ထို့ပြင်စစ်အုပ်စု၏ အနုနည်းလမ်းများဖြင့် နိုင်ငံတော်ဘဏ္ဍာများကို သုံးစွဲပြီး ပြည်သူဝန်ထမ်းများကို မက်လုံးအမျိုးမျိုးပြန်ပေးကာ သိမ်းသွင်းနေခြင်းကို မျက်စိမလည်ဖို့လိုသည်။ ထိုကဲ့သို့သိမ်းသွင်းမှုများသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ချောဆီထည့်ပေးခြင်းသာဖြစ်သည်။
ယခုအာဏာသိမ်းမှုသည် လာမည့် ဇွန်လတွင် ရာထူးသက်တမ်းကုန်ပြီး ပင်စင် သွားရမည်ဖြစ်သော ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ အာဏာမက်မောမှုသာ ဖြစ်ပြီး အကျိုးစီးပွားပေါ်အခြေခံသော တရုတ်၏အားပေးထောက်ခံမှုနှင့် စစ်ဗိုလ်ချုပ်များ ထင်ရာစိုင်းခွင့်ရခဲ့သော အခြေအနေများကို ပြန်ပြောင်းရလိုမှုသာ ဖြစ်သည်။
သေချာသည်ကား မြန်မာနိုင်ငံသည် ဒီမိုကရေစီ အရေခြုံကာ နက်ရှိုင်းမှောင်မဲလှသော စစ်အာဏာရှင်စနစ် တွင်းနက်ကြီးအတွင်းသို့ စတင် ကျဆင်းနေပြီဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ဖို့လိုပေသည်။ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ဇွဲလုံ့လ၊ ဉာဏ်ပညာတို့ဖြင့် စစ်အာဏာရှင်အုပ်စုကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ခုခံ၊ အာခံခြင်းဖြင့်သာ ဒီမိုကရေစီ ရရှိရေးလမ်းကြောင်းကို လျှောက်လှမ်းကြရမည်ဖြစ်သည်။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














