လူငယ်များ၏ ဂီတတော်လှန်ရေး

တက်ကြွစုစည်းညီညွတ်မှုကို ဖြစ်စေသော ဂီတသည် အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားသည့် လူငယ်တို့ ကိုင်စွဲသည့် လက်နက်ဖြစ်လာသည်

နွေဦးနေ့လယ်ခင်းသည် ပူလောင်လှသည်။ ရန်ကုန်၊ မြေနီကုန်းလမ်းဆုံတွင် အင်အားအပြည့်၊ ခံစားမှုအပြည့်နှင့် သီဆိုနေသည့် သီချင်းသံများက ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားသည်။ 

လူငယ်တွေသီဆိုနေခြင်းဖြစ်သော်လည်း အချစ်သီချင်းများမဟုတ်၊ တော်လှန်ရေးသီချင်းများသာ။ ရင်လှိုက်ပွက်သံများနှင့် လွင့်ပျံလာသည့် အသံလှိုင်းများထဲတွင် မခံချင်စိတ်ကို တွေ့ရ၏၊ ရဲရင့်မှုကို တွေ့ရ၏။ ထို့အတူ တော်လှန်လိုစိတ်ကိုလည်း တွေ့ရ၏။

ခေတ်၏စတိုင်၊ ခေတ်၏ယဉ်ကျေးမှုကို အမှီလိုက်ထားသလို ၂၁ ရာစု အတွေးအခေါ်များ၊ တော်လှန်ရေးလူငယ်တို့၏ ဆန်းသစ်တီထွင်မှုများကိုလည်း အံ့သြဘနန်းဖြစ်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်ပြီး အရပ်သားတချို့ပါဝင်သည့် စစ်ကောင်စီက နိုင်ငံတော်အာဏာကို ရယူလိုက်သည်။

ထိုမှစ၍ နွေဦးတော်လှန်ရေးဟု အမည်တပ်လာကြမည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုက တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။ 

ယခင် လူထုအုံကြွမှုများနှင့်မတူ တမူကွဲပြား၊ ဆန်းသစ်သည့် ဤလှုပ်ရှားမှုတွင် အဓိကခေါင်းဆောင်သူဟူ၍ သီးသန့်မရှိဘဲ တော်လှန်ရေးမျိုးဆက်တစ်ခုဖြစ်လာသော Generation Z ဟု ခေါ်ဆိုကြသည့် အသက် ၂၀ ဝန်းကျင်လူငယ်များက ဦးဆောင်လာကြသည်။  

လူထုအာဏာဖီဆန်မှု (Civil Disobedience Movement - CDM) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဝန်ထမ်းများကိုယ်တိုင် ဆောင်ရွက်ရသော “ရုံးမတက်ဘဲ ရုန်းထွက်ခြင်း” လှုပ်ရှားမှုကြောင့် အုပ်ချုပ်ရေးယန္တယား အကြီးအကျယ်ထိခိုက်နေသည်။ 

 အားလုံးပါဝင်နိုင်သည့် လှုပ်ရှားမှုဖြစ်သော ည ၈ နာရီတိုင်း  အိမ်ထဲတွင်ပင် သံပုံးတီးသည့် အစီအစဉ်ကလည်း စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသူတို့ အခက်တွေ့၊ အကျပ်ရိုက်စေသည်။

နောက်ထပ် အကြမ်းမဖက်လှုပ်ရှားမှုတစ်ခုမှာ စစ်အာဏာရှင်ကို ဝိုင်းဝန်းဆန့်ကျင်ကြရာတွင် ဂီတကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာခြင်းဖြစ်သည်။ တော်လှန်ရေးသီချင်းကို ဝိုင်းဝန်းသီဆို တီးခတ်ကြခြင်းကြောင့် အားမာန်တက်ကြွလာကြသည်။ စုစည်းညီညွတ်မှု ပိုရှိလာကြသည်။ အင်အားပိုကောင်းစေသည်။

“ဒါ ဖျော်ဖြေနေတာမဟုတ်ပါဘူး၊ ကျွန်မတို့က အကြမ်းမဖက်ဘဲ အာဏာရှင်ကို Music နဲ့ တော်လှန်နေတာပါ” ဟု မဆိုင်းမွန်က ပြောလိုက်သည်။

အသံကျယ်လာသော ဂီတ

၁၉၈၈ ခုနှစ် အရေးတော်ပုံကာလ အဆိုတော်ထူးအိမ်သင် နယ်စပ်ဒေသ တော်လှန်ရေးနယ်မြေတွင် ဖန်တီးခဲ့သည့် “အရေးကြီးပြီ”၊ တေးရေး နိုင်မြန်မာရေးသားသည့် "ကမ္ဘာမကျေဘူး" သီချင်းများက မြို့အသီးသီးရှိ လတ်တလော လူထုလှုပ်ရှားမှုတွင် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ဝိုင်းဖွဲ့သီဆိုနေကြသည်။

ဖေဖေါ်ဝါရီ ၅ ရက်က စတင်သည့် လူထုလှုပ်ရှားမှုအတွင်း အဆိုပါ သီချင်းနှစ်ပုဒ်ကသာ လူထုကို ဦးဆောင်ထားခဲ့သည်။

သို့သော် Generation Z ဟု ခေါ်ကြသော လူငယ်မျိုးဆက်သစ်များက ယခင်သီချင်းများနှင့်သာ ရပ်တန့်နေခြင်းမဟုတ်၊ လူထု၏ တော်လှန်လိုစိတ်ကို တွန်းတင်ပေးမည့် တော်လှန်ရေးသီချင်းသစ်များကို ရေးသား၊ သီဆိုလာကြသည်။

ထိုသီချင်းများထဲမှ ‘အလိုမရှိ’ သီချင်းက ပို၍ အသံကျယ်သည်။ ရန်ကုန်မြို့အနှံ့ တီးဝိုင်းများတွင် ကြားလာရသည်။ လမ်းမတော်မြို့နယ်မှ လူငယ်လေးတစ်ယောက်ရေးသည်ဟုသာ သိရသည့် ထိုသီချင်းတွင် မြူးကြွမှုနှင့် ရဲရင့်မှုတို့က အထင်းသား။

စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံအနီးတဝိုက် အံကြိတ်ဟစ်ကြွေးနေသူများနှင့် လက်သီးလက်မောင်းတန်း သီဆိုနေသူများကို မြင်ရသည်နှင့် ဝင်ရောက် ဟစ်အော်ချင်စရာကောင်းသော သီချင်းဖြစ်သည်၊ ချက်ခြင်းပင် တိုက်ပွဲတစ်ခုတိုက်ရတော့မလို ခံစားရ၏။

“အမှန်တရားကိုရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ…,
သံပုံးတွေရှေ့မှာချ တစ္ဆေတစ်ယောက်လို မောင်းထုတ်သွားမှာပါ”၊
“အနိုင်ရရင် ကချင်ကမယ် အနိုင်မရရင် သွေးတွေရဲနေမှ….,
ပိတ်ထားတဲ့ နားတွေက အကုန်လုံးအော်ပြောမှကြားမှာပါ……” 

သံပုံးတွေတီးပြီး အာဏာရှင်ကို မောင်းထုတ်ကြမည်ဟု သီချင်းက ဆိုသည်။ တော်လှန်ရေးတွင် တူတူပါဝင်လာကြဖို့ သီချင်းက ဆော်သြ၏။

နွေဦးတော်လှန်ရေး၏ အရှိန်က ဆက်လက်အားကောင်းနေသည်။ ယခင် ဈေးဝယ်ထွက်၊ အလှပြင်ဆိုင်သွားသည့် ကောင်မလေးများက လမ်းမများပေါ် ရောက်လာသည်။ ဂိမ်းဆော့ ဘီယာဆိုင်ထိုင်သည့် ကောင်လေးများက တော်လှန်ရေးထဲ ပါဝင်လာသည်။

ဂီတကိုရူးသွပ်ပြီး နာမည်ကျော်ကြားခြင်းမရှိသေးသည့် တီးဝိုင်းများ၊ လူငယ်ဂစ်တာသမားများလည်း လမ်းပေါ်ကို ရောက်လာကြသည်။ သူတို့တတ်ကျွမ်းသည့် ဂီတနှင့်အတူ အာဏာရှင်ကို တော်လှန်လာကြသည်။

 

ဖေဖေါ်ဝါရီ ၉ ရက်မှစတင်ပြီး Music for Civil Disobedience ဆိုသည့် ဂီတဝိုင်းလေးတစ်ခုကို အသက် ၃၀ ကျော်အရွယ် မဆိုင်းမွန်နှင့် အသက် ၂၀ ကျော်အရွယ် ကိုဂျက်တို့ ပါဝင်သည့် လူငယ်တစ်ခု ဖွဲ့စည်းထားကြသည်။ မြေနီးကုန်း ပဒုမ္မာပန်းခြံရှေ့ ပလက်ဖေါင်းပေါ်တွင် သူတို့ဂီတဝိုင်းလေးရှိသည်။

ဂစ်တာသမား ကိုဂျက်က အာဏာရှင်ကို အကြမ်းမဖက်ဘဲ ဂီတနှင့်တော်လှန်မည်ဟု ဆိုသည်။ သူ့ထံတွင် တော်လှန်လိုစိတ်ကို တွေ့ရသည်။ 

တော်လှန်ရေးတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမပါဘဲ စစ်အာဏာရှင်စနစ်အမြတ်ပြတ်ရေးကို အဓိကဦးတည်သည်ဟု ကိုဂျက်ကဆိုသည်။

“မသိသေးတဲ့သူတွေသိအောင်၊ သိတဲ့သူက ပိုပြီးတက်ကြွလာအောင် Music (ဂီတ) က လုပ်ဆောင်ပေးနိုင်မယ်လို့တော့ ထင်ပါတယ်” ဟု ကိုဂျက်က ပြောသည်။

၎င်းတို့တီးဝိုင်းလေးကို လူငယ်အချို့ လာရောက်ပူးပေါင်းကြသလို ရဲတို့ လာရောက်ဖြိုခွင်းမှုမတိုင်ခင်က မြေနီကုန်းတွင် အသံအကျယ်ဆုံး၊ တက်ကြွမှုအရှိဆုံး တီးဝိုင်းလေးတစ်ခုဖြစ်လာသည်။

‘အလိုမရှိ’၊ ‘သွေးသစ္စာ’၊ ‘ကမ္ဘာမကျေးဘူး’၊ ‘မိငယ်’၊ ‘ဒေါ်စိန်အေးရဲ့သား’ စသည့်သီချင်းတို့ကို အများဆုံးသီဆိုကြသလို သီချင်းတစ်ပုဒ်ပြီးတိုင်း တော်လှန်ရေးဟစ်ကြွေးသံများကို ပြိုင်တူအော်ဟစ်ကြသည်။

တီးဝိုင်းများ လမ်းပေါ်ထွက်ခြင်း

ကိုဂျက်တို့နည်းတူ Mrsmerize ဆိုသည့် တီးဝိုင်းတစ်ခုဖွဲ့ထားပြီး သီးချင်းများရေးသားသီဆိုနေသည့် အသက် ၃၀ ကျော်အရွယ် ကိုစည်သူသန်းလှိုင်က The Sald ဆိုသည့် အဖွဲ့တစ်ခုနှင့် ပူးပေါင်းပြီး မြေနီကုန်တော်လှန်ရေးရပ်ဝန်းထဲသို့ ရောက်ရှိလာသည်။

ယခင်က ရန်ကုန်မြို့၏ Bar များတွင် ညစဉ်လိုက်လံတီးခတ်လေ့ရှိသည့် လူငယ်ဂီတသမားတို့က တော်လှန်ရေးကာလတွင်မူ လမ်းမများပေါ် ရောက်လာသည်။

၎င်းတို့ Band နှစ်ခုပူးပေါင်းပြီး မြေနီကုန်းတွင် တော်လှန်ရေးအတွက် တီးခတ်ကြသည်၊ သီဆိုကြသည်။ မြန်မာပြည်တွင် အာဏာရှင်စနစ် ထပ်မံ မထွန်းကားစေရေးအတွက် ဂီတတိုက်ပွဲဖြစ်သည်ဟု ကိုစည်သူသန်းလှိုင်က မှတ်ယူထားသည်။ သူတို့ မြေနီကုန်းတွင် တီးခတ်နေသည့် နေ့က မြန်မာတစ်နိုင်ငံလုံး နှစ်ငါးလုံးအထွေထွေသပိတ်ကြီး ဆင်နွှဲနေချိန်ဖြစ်သည်။ နေ့လယ် ၁ နာရီခန့်တွင် ‘ပြေး’ ဆိုသည့် အသံတစ်ခုနှင့်အတူ ဆန္ဒပြလူအုပ်ကြီး ရုပ်ရုပ်သဲသဲ ဖြစ်သွားသည်။

ရဲနှင့် စစ်တပ်က ဖြိုခွဲလေပြီလားလို့ အားလုံးက ထင်မှတ်ကြသည်။ အန္တရာယ် အချိန်မရွေးကျရောက်လာနိုင်သော်လည်း ကိုစည်သူသန်းလှိုင်တို့အပါအဝင် လူထုက လုပ်လက်စ တော်လှန်ရေးအလုပ်များကို တက်ညီ၊ လက်ညီ ဆက်လုပ်ကြသည်။

“ရှင်းရှင်းပြောရရင် ကျွန်တော်တို့ကြောက်တယ်၊ ဒါပေမယ့် ကြောက်နေလို့မရဘူးဆိုတဲ့ အသိနဲ့ ကြောက်စိတ်ကို ဖယ်ရှားပြီး ကျွန်တော်တို့ လမ်းပေါ်ထွက်တာပါ” ဟု ကိုစည်သူသန်းလှိုင်က ပြောသည်။

ဖြိုခွဲဖမ်းဆီးမှုတွေလုပ်လာရင်လည်း ရပ်တန့်သွားမည်မဟုတ်ဘဲ ဂီတနှင့် တော်လှန်ရေးကို ဆက်လုပ်သွားမည်ဟု ၎င်းက ဆိုသည်။

တူတူတီးခတ်နေကြသည့် The Sald Band မှ ဂစ်တာသမား ကိုဂျိုးဆက်က ဂီတသည် တော်လှန်ရေးစိတ်ဓာတ်ကို ပိုအရောင်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ယခင်က နိုင်ငံရေးဆိုသည်ကို လျစ်လျူရှုခဲ့သော်လည်း ယခုကတော့ နိုင်ငံ့အရေးဖြစ်လာသည့်အတွက် ဘေးထွက်ထိုင်မနေနိုင်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာပေါ်တွင် အကျပ်အတည်းများကို ဂီတနှင့် ဝိုင်းဝန်းဖြေရှင်းနိုင်ခဲ့သည့် သာဓက အများကြီးရှိခဲ့သည်။ ရက်ဂေးဂီတဘုရင် ကမ္ဘာကျော်အဆိုတော် ဘော့မာလေက ငြိမ်းချမ်းရေးသီချင်းများကို သီဆိုခဲ့သည်။ ရက်ဂေးဂီတကို ငြိမ်းချမ်းရေးနှင့် တွဲမြင်ကြသည်။ 

မြန်မာနိုင်ငံတွင် ရက်ဂေးအဆိုတော်ဆိုလျှင်တော့ စောဖိုးခွားကို ပြေးမြင်ကြသည်။ စောဖိုးခွားကို အာဏာသိမ်းသည့် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင်ပင် စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ သူရေးသားထားသည့် ‘ဒေါ်စိန်အေးရဲ့သား’ သီချင်းကတော့ သူအထိန်းသိမ်းခံနေရသည့် ကာလတွင် တော်လှန်ရေးဂီတအဖွဲ့များကြား ရေပန်းစားနေသည်။  

ပြင်ဦးလွင်မြို့တွင်ရှိသည့် စစ်တက္ကသိုလ် Defence Service Academy (DSA) ကို ဒေါ်စိန်အေးဟု အများက နားလည်ထားပြီး သီချင်းထဲမှ ‘လေးခွကိုင်ပြီးရမ်းကားနေတဲ့အကောင် …..အဲဒါ ဒေါ်စိန်အေးရဲ့သား’၊   ‘ရပ်ကွက်ထဲမှာ မရှိမှအေးမယ့်ကောင်’ စသည့်အပိုဒ်များတွင် သီဆိုသံများ ပိုကျယ်လာလေ့ရှိသည်။

ဖျော်ဖြေရေးမဟုတ်

ရန်ကုန်တစ်မြို့လုံးလှည်လည်ပြီး တီးခတ်၊ သီဆိုနေသော ရက်ဂေးဂီတအဖွဲ့တစ်ခုဖြစ်သည့် Catch de white dove (ချိုးဖြူလေးကို ဖမ်းသည်) အဖွဲ့က စစ်တပ်၏ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်။

သူတို့ကလည်း စောဖိုးခွား၏ ရက်ဂေးသီချင်းများကို ဆိုလေ့ရှိသည်။ လူဦးရေ ၂၀ ခန့်ပါသည့် Catch de white dove က အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးကို ရည်ရွယ်သည်ဟု အဖွဲ့ဝင် ကိုပေါလ်က ဆိုသည်။

“ဘယ်အစိုးရတက်တက် ကျွန်တော်တို့ပြည်သူတွေကို ဖိနှိပ်နေမယ်ဆိုရင်၊ ကျွန်တော်တို့ တွေ့ရတယ်ဆိုရင် ကျွန်တော်တို့က သီချင်းတွေနဲ့ အမြဲတမ်းတော်လှန်သွားမှာပဲ” ဟု ကိုပေါလ်က ပြောသည်။

ကိုပေါလ်က ဂီတပစ္စည်းများရောင်းသည့် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေရာမှ တော်လှန်ရေးတွင် ထဲထဲဝင်ဝင်ပါဝင်ရန် အလုပ်က ထွက်လိုက်သည်။ အလုပ်ကထွက်လိုက်ရသည့်အတွက် နောင်တရနေဟန်မရှိ။

“ဘုရားက ကျွေးထားပါလိမ့်မယ်” ဟု ကိုပေါလ်က ရယ်ရယ်မောမော ပြောသည်။ 

Drum Revolution ဟု အမည်ပေးထားသည့် အဖွဲ့တစ်ခုက ရန်ကုန် ဂီတတော်လှန်ရေးထဲတွင် တက်တက်ကြွကြွပင် ပါဝင်နေသည်။ 

သူတို့က ဘောလုံးအသင်းပရိသတ် အဖွဲ့ဖွဲ့ထားသူများဖြစ်သည့် ၎င်းတို့က ဘောလုံးပွဲအားပေးရာတွင် တီးလေ့ရှိသည့် ဒရမ်များဖြင့် လမ်းပေါ်ထွက် ကန့်ကွက်ရန် အကြံပေါ်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့အနှံ့နှင့် နိုင်ငံခြားသံရုံးရှေ့ မျက်နှာစာများက သူတို့ဆုံရပ်၊ သူတို့ တော်လှန်တီးခတ်ရာနေရာများပင်ဖြစ်သည်။ 

ရဲ၊ စစ်သားတို့နှင့် ရင်မဆိုင်ရသည့် နေ့များဆိုလျှင် သူတို့အဖွဲ့လေးဆီက ဒရမ်ရိုက်ချက်သံပြင်းပြင်းက ကမာရွတ်မြို့နယ် လှည်းတန်းစင်တာရှေ့တွင် စည်းချက်တကျ ထွက်ပေါ်နေတတ်သည်။ ဒရမ်စတစ်ချောင်းလေးများ၏ ရိုက်ချက်များနှင့်အတူ ဝန်းရံနေသည့် လူငယ်များကလည်း တက်တက်ကြွကြွပင်။

အခြားတော်လှန်ရေးသီချင်းများ သီဆိုတတ်သည့် သူတို့အဖွဲ့တွင် ကိုယ်ပိုင်တော်လှန်ရေးသီချင်းနှစ်ပုဒ် ရှိသည်။  They don’t care about us ဆိုသည့် သီချင်းက ကွယ်လွန်ပြီးဖြစ်သည့် ကမ္ဘာကျော်ပေါ့စတား မိုက်ကယ်ဂျက်ဆင်သီချင်းတစ်ပုဒ်မှ သံစဉ်ကို ယူထားသည်။

‘ငါပြောချင်တာက သူတို့ ငါတို့အားလုံးကို တကယ်ဂရုမစိုက်ဘူးဆိုတာပါပဲ’၊  ‘စစ်အာဏာသိမ်းခြင်းကို ပယ်ချတယ်’၊ ‘ဒီမိုကရေစီပြန်ပေး’၊ ‘ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်ပေး’ စသည့် သီချင်းစာသားများကို ကြားညှပ်ကာ တစ်လှည့်စီ သီဆိုသွားသည်။

‘မျိုးဆက်သစ်တော်လှန်ရေး’ ဟု အမည်ပေးထားသည့် နောက်တစ်ပုဒ်ကတော့ ‘တော်လှန်လျက် ဖီဆန်လျက် မတရားမှုအားလုံးအတွက် လမ်းပေါ်ထွက်’ ဆိုသည့် စာသားများအပြင် တော်လှန်ရေးကြွေးကြော်သံများလည်း ပါဝင်သည်။ 

အသက် ၂၀ ကျော်  ကိုအောင်ကျော် အဓိကဦးဆောင်သည့် Drum Revolution အဖွဲ့က တခြားဂီတအဖွဲ့များကဲ့သို့ပင် နိုင်ငံရေးအရ ဦးဆောင်နေသည့်သူများကို အရှိန်မြှင့်ရန် တိုက်တွန်းထားသည်။

ရွေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဝန်းရံရမည်ဟု ကိုအောင်ကျော်က ယူဆသည်။

“တကယ်လို့ CRPH က ရှေ့ရောက်ဖို့ လမ်းလျှောက်နေတာဆိုရင် အမြန်ပြေးပေးပါလို့ ကျွန်တော်တို့က ပြောချင်ပါတယ်” ဟု ကိုအောင်ကျော်က ပြောသည်။

ရန်ကုန်တော်လှန်ရေး ဆက်လက်အားကောင်းနေသလို ဂီတနှင့် တစ်နိုင်တစ်ပိုင် တော်လှန်နေကြသူများကလည်း ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။

‘အလိုမရှိ’၊ ‘ဒေါ်စိန်အေးရဲ့သား’၊ ‘သွေးသစ္စာ’ နှင့် ‘ကမ္ဘာမကျေ’ စသည့် တော်လှန်ရေးသီချင်းများကလည်း လူငယ်တို့၏ ပါးစပ်ဖျားတွင်  ရှိနေသည်။

ရဲ၊ စစ်သားတို့နှင့် ထိပ်တိုက်မတိုးမီ မြေနီကုန်းတွင် အမြဲတမ်းရှိနေခဲ့သည့် Music for civil disobedience အဖွဲ့တွင် တင်ဆက်မှုမျိုးစုံ တွေ့လာရသည်။ မျက်နှာဖုံးစွပ်များနှင့် တီးခတ်သီဆိုကျသလို နှစ်ငါးလုံးအထွေထွေသပိတ် ကျင်းပသည့်နေ့ကလည်း အရေးတော်ပုံအတွင်း ကျဆုံးသွားသူများအတွက် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းခဲ့ကြသည်။ 

ဂီတတူရိယာများ ပိုမိုပြည့်စုံလာပြီး အဖွဲ့ဝင်ဦးရေလည်း ပိုမိုများပြားလာသော်လည်း ၎င်းတို့ဂီတဝိုင်းသည် စိတ်အပန်းဖြေရန်မဟုတ်ဘဲ ဆန္ဒပြပြည်သူများနှင့်အတူ လှုပ်ရှားနေခြင်းဖြစ်သည်ဟု Music for civil disobedience အဖွဲ့၏ ဦးဆောင်သူ မဆိုင်းမွန်က ပြောသည်။

“ဒါ ဖျော်ဖြေနေတာမဟုတ်ပါဘူး၊ ကျွန်မတို့က အကြမ်းမဖက်ဘဲ အာဏာရှင်ကို Music နဲ့ တော်လှန်နေတာပါ” ဟု မဆိုင်းမွန်က ပြောလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading