နွေဦးတော်လှန်ရေး မှတ်တမ်းဝင် သူရဲကောင်းများ

စစ်ကောင်စီကို ဆန့်ကျင်သော ဆန္ဒပြပွဲများဖြိုခွင်းခံရမှုတွင် သေဆုံးသူများ ရှိလာပြီး Myanmar Now က ၇ ဦး အတည်ပြုနိုင်ခဲ့သည်

နွေဦးတော်လှန်ရေး အတွက် ကျဆုံးသူများ ဆုတောင်းပွဲ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၄ က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ- Myanmar Now)

ပြည်သူ သန်း ၃၀ ကျော် မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ နိုင်ငံ့အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် နိုင်ငံအနှံ့မှ ပြည်သူများသည် ဆန္ဒပြရန် လမ်းပေါ် ထွက်လာခဲ့ကြသည်။ 

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း အများဆုံးသော လူထုဆန္ဒပြမှုအဖြစ် လမ်းပေါ်ထွက်လာကာ စစ်အာဏာရှင်အလိုမရှိကြောင်း နည်းမျိုးစုံဖြင့် လက်နက်မပါဘဲ  ဖေဖော်ဝါရီ ၆ မှ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများအား စစ်တပ်နှင့် ရဲတို့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးသည်အထိ ဖြစ်လာခဲ့သည်။ 

ရှုပ်ထွေးနေသော လတ်တလောအခြေအနေများတွင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာကြောင်း ဖေ့ဘွတ် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော်လည်း လတ်တလောတွင် Myanmar Now က သေဆုံးသူ ၇ ဦးကို အတည်ပြုနိုင်ခဲ့သည်။

နေပြည်တော်

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဆန္ဒပြနေသည့် လူအုပ်ကို စစ်တပ်လက်အောက်ခံ ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၉ တွင် သေနတ်ဖြင့်ပစ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ 

ပစ်ခတ်မှုတွင် အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ဆောင်းထားသော ဆိုင်ကယ်ဦးထုပ်ကို ကျည်ဆန်ဖောက်ဝင်ကာ ၁၀ ရက်အကြာမှာ သေဆုံးခဲ့သည်။ 

ရုပ်သံမှတ်တမ်းတစ်ခုအရ မမြသွဲ့သွဲ့ခိုင်သည် ရဲတပ်ဖွဲ့များနှင့် ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကြော်ငြာသင်ပုန်းနောက်ကွယ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး မြေပြင်ပေါ် လဲကျသွားသည်ကို တွေ့ရှိရသည်။

“ပစ်ခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်တယ်ပဲ ထင်တာ။ ကြားရတဲ့အချိန်မှာ ညီမ သွားရအောင်ဆိုပြီး ပြန်လှည့်တဲ့အလှည့်မှာ အပစ်ခံလိုက်ရတာ။ ကိုယ့်ကိုလည်း ပစ်တာလို့ မထင်ပါဘူး။ ညီမလေး ဒေါသထွက်ပြီးတော့ လဲသွားတယ်လို့ပဲ ထင်တာ။ လူတွေ ဆွဲထူ၊ ဆွဲခါဆိုတော့မှ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်တော့မှ ခေါင်းနောက်မှာ သွေးတွေထွက်လာတော့မှ ပစ်ခံရမှန်းသိတာပါ”ဟု မမြသွဲ့သွဲ့ခိုင်၏ အစ်မက အဖြစ်အပျက်ကို ပြောသည်။

ချက်ချင်း မသေဆုံးသော်လည်း ကျည်ဆန်သည် ဦးခေါင်းအတွင်း ရှိနေကာ ဦးနှောက်သေသွားသောကြောင့် အသက်ရှုစက်ပိုက်တပ်ထားမှုကို ဖြုတ်ပစ်ရန် မိသားစုက ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ တွင် ပိုက်ဖြုတ်ခဲ့သည်။ 

ရဲတပ်ဖွဲ့ဘက်ကမူ ၎င်းတို့ပစ်ခတ်သော ကျည်ဆန်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ ပစ်သတ်ခဲ့သူဟုဆိုသော သေနတ်ကိုင် ချိန်ရွယ်ထားသူ ရဲမှူးကိုကိုလွင်ဆိုသူ၏ ဓာတ်ပုံသည်လည်း လူမှုကွန်ရက်တွင် နေ့ချင်းပျံ့နှံ့ခဲ့သည်။ 

မမြသွဲ့သွဲ့ခိုင်အပြင် အသက် ၂၃ နှစ်အရွယ် ကိုဆိုဝေမှာ ရင်ဘတ်ပေါက်ထွက်ဒဏ်ရာ၊ အသက် ၂၆ နှစ်အရွယ် ကိုဝင်းထက်မိုးမှာ ဘယ်ဘက်လက်ဖျံ ထုတ်ချင်းပေါက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်ထိခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ 

မန္တလေး

မန္တလေးတွင် စစ်တပ်နှင့် ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လေးဦး သေဆုံးခဲ့ပြီး ကားတိုက်မှုကြောင့် တစ်ဦး၊ ဆန္ဒပြရာမှ မူးလဲပြီး တစ်ဦး ယခုလအတွင်း သေဆုံးခဲ့သည်။ 

 ဖေဖော်ဝါရီ ၂၀ က မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းရှေ့၌ ဆန္ဒပြနေသော လူအုပ်ကို တပ်နှင့် ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တို့ဖြင့် အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ပစ်ခတ်မှုကြောင့် အသက်  ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ)ကိုမင်းနှင့် ၁၆ နှစ်သား မောင်ဝေယံထွန်း(ခ) ကုလား တို့ နေရာမှာပင် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ လူ ၈၀ ကျော် အဖမ်းဆီးခံရသည်။ 

မောင်ဝေယံထွန်းသည်  လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့သည်။ 

“သားတို့ နိုင်ငံအတွက် ဒီလိုဆန္ဒပြရမယ်ဆိုပြီး သွားတယ်။ မနေ့က (ဖေဖော်ဝါရီ ၂၀)ကျတော့ အလုပ်သွားတာ။ သား အထမ်းသွားဦးမယ်ဆိုပြီး ထွက်သွားပြီး စစ်ကားတွေ အများကြီးရောက်လာတယ်ဆိုပြီး စျေးထဲက ထွက်သွားတာပဲ။ အဲဒီနောက် မမြင်ရတော့ဘူး”ဟု မောင်ဝေယံထွန်း၏ မွေးစားအမေက ဆိုသည်။

တွင်ခုံဆရာတစ်ဦးဖြစ်သော ကိုသက်နိုင်ဝင်း၏ နံကြားကို ဖောက်ဝင်သည့် ကျည်ဆန်သည် အသည်းကို ထိသွားသည်ဟု ဇနီးဖြစ်သူ မသီတာနှင်းက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဒဏ်ရာပြင်းထန်သူ ၃ ဦးကို မန္တလေးတောင် အရှေ့ဘက် တပ်မ ၉၁၀ တပ်ရင်းအတွင်းရှိ စစ်ဆေးရုံတွင် ထားရှိထားရာ ခြေထောက်တွင် သေနတ်ထိမှန်ထားသူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင် ဖေဖော်ဝါရီ ၂၅ က သေဆုံးခဲ့သည်။

စစ်ဆေးရုံဘက်က ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသည်ဟု ဆိုသောကြောင့် ကျန်ရစ်သူမိသားစုမှာ အနီးကပ် ကြည့်ရှုခွင့်ပင် မရခဲ့ပေ။

ပစ်ခတ်မှုဖြစ်စဉ်အနီးရှိ လူနာတင်ယာဉ်နှင့်အတူ ပါလာသော ဆရာဝန်အမျိုးသမီတစ်ဦးက ကိုရာဇာအောင်၏ ဒဏ်ရာအား ချုပ်ပေးနိုင်ရန် တောင်းဆိုခဲ့သော်လည်း စစ်ဆေးရုံတွင် ကုသပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု မျက်မြင်တွေ့သူ သတင်းထောက်တစ်ဦးက ပြောသည်။

“ကိုရာဇာအောင်က အဲ့ဒီနေ့က ပေါင်ဒဏ်ရာက ထုတ်ချင်းပေါက်ကြီး။ အဲ့ဒါကြီးကို ဆရာမလေးက ငိုပြီးတော့ တောင်းဆိုတာ။ လူနာက သွေးထွက်လွန်နေတာ ကျွန်မ ချုပ်ပေးလိုက်ပါရစေဆိုတာကို ၁၅ မိနစ်လောက်ပဲ အချိန်ပေးပါဆိုတာကို။ မပေးတော့ဘဲနဲ့ ကားပေါ်ကို ပစ်တင်သွားတာ။ ကျွန်တော်တို့ ဟိုရောက်ရင် ဒဏ်ရာပြင်းထန်လို့ရှိရင် စစ်ဆေးရုံကို ပို့မှာပါလို့ ကတိတွေပေးပြီးတော့ ခေါ်သွားတာ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ ၇၀ ဦးကို ပုဒ်မ ၅၀၅ (က) အပါအဝင်၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့် မညီသော အစုအဝေးတွင်ပါဝင်မှု)၊ ပုဒ်မ ၁၄၈ (သေစေလောက်သောလက်နက်ကို စွဲကိုင်၍ ရုန်းရင်းဆန်ခတ်ပြုမှု) ၊ ပုဒ်မ ၁၅၂ တို့ဖြင့် အမှုဖွင့်ထားသည်။

ဆန္ဒပြလူအုပ်အား အင်အားသုံးဖြိုခွင်းနေမှုကို ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးနေသူတစ်ဦးလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်။ 

အသက် ၄၈ နှစ်အရွယ် ကိုကြည်စိုးဆိုသူသည် ဖုန်းဖြင့် ရိုက်ကူးနေစဉ် ရဲများ ရောက်လာကာ ဝိုင်းရိုက်သဖြင့် နောက်တစ်နေ့ (ဖေဖော်ဝါရီ ၂၁) တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

၎င်းရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်းကိုလည်း လူမှုကွန်ရက်တွင် တင်ထားသည်များကိုလည်း တွေ့ရှိရသည်။

ဖေဖော်ဝါရီ ၂၂ က အိုးလေးစု ရွှေစေတီဘုရားလမ်းတွင် နေထိုင်သော CDM ပါဝင်သူ မီးရထားဝန်ထမ်း အသက် ၄၄ နှစ် အရွယ် ဦးမျိုးမင်းထွန်းသည် ဆန္ဒပြနေချိန်တွင် မူးလဲပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထိုသို့ သေဆုံးသူများအပြင် ဖေဖော်ဝါရီ၈ က ဆန္ဒပြလူအုပ်အတွင်း ကားတစ်စီးဝင်ရောက်ခဲ့ခြင်းကြောင့် စင်္ကြာနွယ်စဉ်ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ်ရှိသော ကိုကိုဦး (ခေါ်) ကိုနပွားသည် ကားနှင့် တရွတ်တိုက် ပါသွားကာ သေဆုံးခဲ့သည်။ 

ထို့ကြောင့် နွေဦးတော်လှန်ရေးဟု တင်စားကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကိုကိုဦးသည် ပထမဆုံး အသက်ပေးသွားခဲ့သူဖြစ်ပြီး မမြသွဲ့သွဲ့ခိုင်သည် ပထမဆုံး ကျည်သင့်သေဆုံးသူ ဖြစ်လာသည်။

ရန်ကုန်

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်တွင် ညကင်းသမားအဖြစ် စောင့်နေသော အသက် ၃၀ နှစ်အရွယ် ဦးတင်ထွဋ်ဟိန်း (ခေါ်) ပလီမသည် ဖေဖော်ဝါရီ ၂၀ ညတွင် စစ်ကောင်စီလုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ရဲယူနီဖောင်းဝတ်ထားသူများက ရဲကားဖြင့်လာပြီး ပစ်ခတ်သွားခြင်းကြောင့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးသွားကြောင်း ထိုညက တိုက်ရိုက်လွင့်တင်ခဲ့သော ရုပ်သံဖိုင်တစ်ခုတွင် ပြောဆိုထားသည်ကို တွေ့ရသည်။

သေဆုံးသူနှင့်အတူ ရှိနေသူများကမူ ဖြစ်စဉ်ကို မပြောလိုဟု ဆိုသည်။ 

အဆိုပါအမျိုးသား သေဆုံးမှုအတွက် လှော်ကားရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ခွင့်မရသေးကြောင်း သေဆုံးသူ၏ ဖခင်က ပြောသည်။

“မြို့နယ်မှူးနဲ့ တိုက်ရိုက်တွေ့တယ်။ အမှုမဖွင့်ပါနဲ့လို့ တိုက်ရိုက်မပြောဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့ ဒါ ပုဒ်မ ၁၄၄ နဲ့ အကျုံးဝင်တယ်။ အကျုံးဝင်တဲ့အတွက် မူးယစ်ရမ်းကားနှောက်ယှက်တဲ့အတွက် အပေါ်ကို ပစ်ခွင်းလိုက်တယ်။ ဒါပေမယ့် ကံဆိုးတဲ့အတွက် ထိမှန်သွားတယ်ဆိုတယ်”ဟု ဖခင်ဖြစ်သူ ဦးကိုကိုက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်သည့်အနေဖြင့် မိုးပေါ်ထောင်၍ သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ည ၈ နာရီသတင်းတင်ဆက်မှုတွင် ကြေညာသွားသည်။

မှုခင်းဆရာဝန်ကမူ ကျည်ဆန်သည် သေဆုံးသူ၏ နောက်စေ့မှ နဖူးအထိ ဖောက်ထွက်သွားပြီး ထိုဒဏ်ရာဖြင့်ပင် သေဆုံးကြောင်း မှတ်ချက်ပြုသည်။ 

“နောက်ကဝင်တဲ့ကျည်ဆန် ဖြစ်တဲ့အတွက် ဒါ ရှောင်တိမ်းနိုင်တဲ့၊ သက်ညှာနိုင်တဲ့အဆင့်တွေကို ကျော်လွန်ပြီးတော့ သေစေနိုင်တဲ့နေရာကို ပစ်ထည့်လိုက်တာ။ အဲ့ဒီအတွက်ကို သားအတွက် တာဝန်ကျေစွာ အမှုကို ရင်ဆိုင်မယ်”ဟု ဦးကိုကိုက ပြောသည်။

အခြားဒေသများ

ထို့အတူ မြိတ်မြို့၊ မြို့မ (၂) ရပ်ကွက်တွင် ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေသူ အသက် ၁၈ နှစ်အရွယ် မောင်နေနေဝင်းထက်သည် ဖေဖော်ဝါရီ ၁၆ နံနက် ၂ နာရီခန့်တွင် မီးကွင်းပစ်သည်ဆိုသော သတင်းကြောင့် လှည့်ရှာဖွေရာတွင် ကင်းသမားအချင်းချင်း လူမှားရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာဖြင့် နှစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း CDM ကူညီနေသော မြိတ်မြို့နယ်နေသူများထံမှ သိရသည်။

အတည်မပြုနိုင်သော သတင်းများ

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်သော အစိုးရဝန်ထမ်း ချင်းအမျိုးသားတစ်ဦး၊ မီးကွင်းပစ်ခံရပြီး သေဆုံးသည်ဆိုသော ဘားအံစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦး ရှိသည်ဟူသော သတင်း Facebook လူမှုကွန်ရက်တွင် ပျံနှံ့နေသည်။

CDM တွင် ပါဝင်နေသော ထန်တလန်မြို့နယ်၊ ဗန်ဇမ်းရွာသား ဆလိုင်းခွါကုန်းဆိုသူသည် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာတွင် ထွက်ပြေးစဉ် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး သေဆုံးခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်ဟွန်းတီးမိ၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ပြောင်းဖြင့် နံရိုးကို ဆောင့်ထိုးလိုက်၍ ဆေးရုံတက်ရောက်ကုသနေရသူ ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုများအပြင် ရန်ကုန်မြို့တွင်လည်း ယမန်နေ့၌ တပ်ထောက်ခံသူများက လက်နက်ကိုင်ဆောင်ကာ မီးရထားဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်ခြင်း၊ ဆူးလေမြို့လယ်ခေါင်တွင် ဓားဖြင့် ထိုးခြင်းများ  ရှိလာသည်။ 

တပ်နှင့် ရဲက ဆန္ဒပြသူများအား ဖမ်းဆီး၊ အမှုဖွင့်နေသော်လည်း နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေ သည်။ 

ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း စစ်ကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားသည်။ 

စစ်ကောင်စီမှ ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည့် တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေထိုင်သူ ၅၀ ခန့်ကို ယမန်နေ့က ရဲအင်အား ရာချီဖြင့် ဖြိုခွင်းခဲ့သည်။  

ထို့နောက် ရပ်ကွက်မှ လူ ၁၀ ယောက်ထက်မနည်း အချုပ်ကားပေါ် တင်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ယနေ့တွင်လည်း ရန်ကုန်မြို့ လှည်းတန်း၌ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး ဖမ်းဆီးခံရသူအချို့ ရှိခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖေဖော်ဝါရီ ၂၅ အထိ စာရင်းများအရ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၇၄၈ ဦး ဖမ်းဆီးခံထားရသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading