ဆောင်းပါး

နွေဦးတော်လှန်ရေး မှတ်တမ်းဝင် သူရဲကောင်းများ

ပြည်သူ သန်း ၃၀ ကျော် မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု ဆိုကာ နိုင်ငံ့အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် နိုင်ငံအနှံ့မှ ပြည်သူများသည် ဆန္ဒပြရန် လမ်းပေါ် ထွက်လာခဲ့ကြသည်။ 

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း အများဆုံးသော လူထုဆန္ဒပြမှုအဖြစ် လမ်းပေါ်ထွက်လာကာ စစ်အာဏာရှင်အလိုမရှိကြောင်း နည်းမျိုးစုံဖြင့် လက်နက်မပါဘဲ ဖေဖော်ဝါရီ ၆ မှစ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများအား စစ်တပ်နှင့် ရဲတို့က အင်အားသုံး ဖြိုခွင်းခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးသည်အထိ ဖြစ်လာခဲ့သည်။ 

ရှုပ်ထွေးနေသော လတ်တလောအခြေအနေများတွင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာကြောင်း ဖေ့ဘွတ် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော်လည်း လတ်တလောတွင် Myanmar Now က သေဆုံးသူ ၇ ဦးကို အတည်ပြုနိုင်ခဲ့သည်။

နေပြည်တော်

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဆန္ဒပြနေသည့် လူအုပ်ကို စစ်တပ်လက်အောက်ခံ ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၉ တွင် သေနတ်ဖြင့်ပစ်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ 

ပစ်ခတ်မှုတွင် အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်သည် ဆောင်းထားသော ဆိုင်ကယ်ဦးထုပ်ကို ကျည်ဆန်ဖောက်ဝင်ကာ ၁၀ ရက်အကြာမှာ သေဆုံးခဲ့သည်။ 

ရုပ်သံမှတ်တမ်းတစ်ခုအရ မမြသွဲ့သွဲ့ခိုင်သည် ရဲတပ်ဖွဲ့များနှင့် ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကြော်ငြာသင်ပုန်းနောက်ကွယ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး မြေပြင်ပေါ် လဲကျသွားသည်ကို တွေ့ရှိရသည်။

“ပစ်ခတ်သံတွေကြားတော့ မိုးပေါ်ထောင်ပစ်တယ်ပဲ ထင်တာ။ ကြားရတဲ့အချိန်မှာ ညီမ သွားရအောင်ဆိုပြီး ပြန်လှည့်တဲ့အလှည့်မှာ အပစ်ခံလိုက်ရတာ။ ကိုယ့်ကိုလည်း ပစ်တာလို့ မထင်ပါဘူး။ ညီမလေး ဒေါသထွက်ပြီးတော့ လဲသွားတယ်လို့ပဲ ထင်တာ။ လူတွေ ဆွဲထူ၊ ဆွဲခါဆိုတော့မှ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်တော့မှ ခေါင်းနောက်မှာ သွေးတွေထွက်လာတော့မှ ပစ်ခံရမှန်းသိတာပါ”ဟု မမြသွဲ့သွဲ့ခိုင်၏ အစ်မက အဖြစ်အပျက်ကို ပြောသည်။

ချက်ချင်းမသေဆုံးသော်လည်း ကျည်ဆန်သည် ဦးခေါင်းအတွင်း ရှိနေကာ ဦးနှောက်သေသွားသောကြောင့် အသက်ရှူစက်ပိုက်တပ်ထားမှုကို ဖြုတ်ပစ်ရန် မိသားစုက ဆုံးဖြတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ တွင် ပိုက်ဖြုတ်ခဲ့သည်။ 

ကျည်ထိမှန်ကာ သေဆုံးသွားသည့် မမြသွဲ့သွဲ့ခိုင်။ 

ရဲတပ်ဖွဲ့ဘက်ကမူ ၎င်းတို့ပစ်ခတ်သော ကျည်ဆန်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ ပစ်သတ်ခဲ့သူဟုဆိုသော သေနတ်ကိုင် ချိန်ရွယ်ထားသူ ရဲမှူးကိုကိုလွင်ဆိုသူ၏ ဓာတ်ပုံသည်လည်း လူမှုကွန်ရက်တွင် နေ့ချင်းပျံ့နှံ့ခဲ့သည်။ 

မမြသွဲ့သွဲ့ခိုင်အပြင် အသက် ၂၃ နှစ်အရွယ် ကိုဆိုဝေမှာ ရင်ဘတ်ပေါက်ထွက်ဒဏ်ရာ၊ အသက် ၂၆ နှစ်အရွယ် ကိုဝင်းထက်မိုးမှာ ဘယ်ဘက်လက်ဖျံ ထုတ်ချင်းပေါက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်ထိခိုက်ခဲ့ခြင်း မရှိခဲ့ပေ။ 

မန္တလေး

မန္တလေးတွင် စစ်တပ်နှင့် ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လေးဦး သေဆုံးခဲ့ပြီး ကားတိုက်မှုကြောင့် တစ်ဦး၊ ဆန္ဒပြရာမှ မူးလဲပြီး တစ်ဦး ယခုလအတွင်း သေဆုံးခဲ့သည်။ 

 ဖေဖော်ဝါရီ ၂၀ က မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းရှေ့၌ ဆန္ဒပြနေသော လူအုပ်ကို တပ်နှင့် ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တို့ဖြင့် အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ပစ်ခတ်မှုကြောင့် အသက်  ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း(ခ)ကိုမင်းနှင့် ၁၆ နှစ်သား မောင်ဝေယံထွန်း(ခ) ကုလား တို့ နေရာမှာပင် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရကာ လူ ၈၀ ကျော် ဖမ်းဆီးခံရသည်။ 

မောင်ဝေယံထွန်းသည်  လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့သည်။ 

“သားတို့ နိုင်ငံအတွက် ဒီလိုဆန္ဒပြရမယ်ဆိုပြီး သွားတယ်။ မနေ့က (ဖေဖော်ဝါရီ ၂၀)ကျတော့ အလုပ်သွားတာ။ သား အထမ်းသွားဦးမယ်ဆိုပြီး ထွက်သွားပြီး စစ်ကားတွေ အများကြီးရောက်လာတယ်ဆိုပြီး စျေးထဲက ထွက်သွားတာပဲ။ အဲဒီနောက် မမြင်ရတော့ဘူး”ဟု မောင်ဝေယံထွန်း၏ မွေးစားအမေက ဆိုသည်။

ယမန်နေ့က ပြုလုပ်သော မောင်ဝေယံထွန်း၏ နာရေးတွင် ဖခင် ဦးထွန်းဝေကို တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

တွင်ခုံဆရာတစ်ဦးဖြစ်သော ကိုသက်နိုင်ဝင်း၏ နံကြားကို ဖောက်ဝင်သည့် ကျည်ဆန်သည် အသည်းကို ထိသွားသည်ဟု ဇနီးဖြစ်သူ မသီတာနှင်းက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ဒဏ်ရာပြင်းထန်သူ ၃ ဦးကို မန္တလေးတောင် အရှေ့ဘက် တပ်မ ၉၁၀ တပ်ရင်းအတွင်းရှိ စစ်ဆေးရုံတွင် ထားရှိထားရာ ခြေထောက်တွင် သေနတ်ထိမှန်ထားသူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင် ဖေဖော်ဝါရီ ၂၅ က သေဆုံးခဲ့သည်။

စစ်ဆေးရုံဘက်က ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသည်ဟု ဆိုသောကြောင့် ကျန်ရစ်သူမိသားစုမှာ အနီးကပ် ကြည့်ရှုခွင့်ပင် မရခဲ့ပေ။

ပစ်ခတ်မှုဖြစ်စဉ်အနီးရှိ လူနာတင်ယာဉ်နှင့်အတူ ပါလာသော ဆရာဝန်အမျိုးသမီးတစ်ဦးက ကိုရာဇာအောင်၏ ဒဏ်ရာအား ချုပ်ပေးနိုင်ရန် တောင်းဆိုခဲ့သော်လည်း စစ်ဆေးရုံတွင် ကုသပေးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်ဟု မျက်မြင်တွေ့သူ သတင်းထောက်တစ်ဦးက ပြောသည်။

“ကိုရာဇာအောင်က အဲ့ဒီနေ့က ပေါင်ဒဏ်ရာက ထုတ်ချင်းပေါက်ကြီး။ အဲ့ဒါကြီးကို ဆရာမလေးက ငိုပြီးတော့ တောင်းဆိုတာ။ လူနာက သွေးထွက်လွန်နေတာ ကျွန်မ ချုပ်ပေးလိုက်ပါရစေဆိုတာကို ၁၅ မိနစ်လောက်ပဲ အချိန်ပေးပါဆိုတာကို။ မပေးတော့ဘဲနဲ့ ကားပေါ်ကို ပစ်တင်သွားတာ။ ကျွန်တော်တို့ ဟိုရောက်ရင် ဒဏ်ရာပြင်းထန်လို့ရှိရင် စစ်ဆေးရုံကို ပို့မှာပါလို့ ကတိတွေပေးပြီးတော့ ခေါ်သွားတာ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူ ၇၀ ဦးကို ပုဒ်မ ၅၀၅ (က) အပါအဝင်၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့် မညီသော အစုအဝေးတွင်ပါဝင်မှု)၊ ပုဒ်မ ၁၄၈ (သေစေလောက်သောလက်နက်ကို စွဲကိုင်၍ ရုန်းရင်းဆန်ခတ်ပြုမှု) ၊ ပုဒ်မ ၁၅၂ တို့ဖြင့် အမှုဖွင့်ထားသည်။

ဆန္ဒပြလူအုပ်အား အင်အားသုံးဖြိုခွင်းနေမှုကို ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးနေသူတစ်ဦးလည်း ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်။ 

အသက် ၄၈ နှစ်အရွယ် ကိုကြည်စိုးဆိုသူသည် ဖုန်းဖြင့် ရိုက်ကူးနေစဉ် ရဲများ ရောက်လာကာ ဝိုင်းရိုက်သဖြင့် နောက်တစ်နေ့ (ဖေဖော်ဝါရီ ၂၁) တွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ 

၎င်းရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်းကိုလည်း လူမှုကွန်ရက်တွင် တင်ထားသည်များကိုလည်း တွေ့ရှိရသည်။

ဖေဖော်ဝါရီ ၂၂ က အိုးလေးစု ရွှေစေတီဘုရားလမ်းတွင် နေထိုင်သော CDM ပါဝင်သူ မီးရထားဝန်ထမ်း အသက် ၄၄ နှစ် အရွယ် ဦးမျိုးမင်းထွန်းသည် ဆန္ဒပြနေချိန်တွင် မူးလဲပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထိုသို့ သေဆုံးသူများအပြင် ဖေဖော်ဝါရီ၈ က ဆန္ဒပြလူအုပ်အတွင်း ကားတစ်စီးဝင်ရောက်ခဲ့ခြင်းကြောင့် စင်္ကြာနွယ်စဉ်ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ်ရှိသော ကိုကိုဦး (ခေါ်) ကိုနပွားသည် ကားနှင့် တရွတ်တိုက် ပါသွားကာ သေဆုံးခဲ့သည်။ 

ထို့ကြောင့် နွေဦးတော်လှန်ရေးဟု တင်စားကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ကိုကိုဦးသည် ပထမဆုံး အသက်ပေးသွားခဲ့သူဖြစ်ပြီး မမြသွဲ့သွဲ့ခိုင်သည် ပထမဆုံး ကျည်သင့်သေဆုံးသူ ဖြစ်လာသည်။

ရန်ကုန်

တာမွေမြို့နယ်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Myanmar Now)

ရန်ကုန်၊ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်တွင် ညကင်းသမားအဖြစ် စောင့်နေသော အသက် ၃၀ နှစ်အရွယ် ဦးတင်ထွဋ်ဟိန်း (ခေါ်) ပလီမသည် ဖေဖော်ဝါရီ ၂၀ ညတွင် စစ်ကောင်စီလုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ရဲယူနီဖောင်းဝတ်ထားသူများက ရဲကားဖြင့်လာပြီး ပစ်ခတ်သွားခြင်းကြောင့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးသွားကြောင်း ထိုညက တိုက်ရိုက်လွှင့်တင်ခဲ့သော ရုပ်သံဖိုင်တစ်ခုတွင် ပြောဆိုထားသည်ကို တွေ့ရသည်။

သေဆုံးသူနှင့်အတူ ရှိနေသူများကမူ ဖြစ်စဉ်ကို မပြောလိုဟု ဆိုသည်။ 

အဆိုပါအမျိုးသား သေဆုံးမှုအတွက် လှော်ကားရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ခွင့်မရသေးကြောင်း သေဆုံးသူ၏ ဖခင်က ပြောသည်။

“မြို့နယ်မှူးနဲ့ တိုက်ရိုက်တွေ့တယ်။ အမှုမဖွင့်ပါနဲ့လို့ တိုက်ရိုက်မပြောဘူး။ သွယ်ဝိုက်တဲ့နည်းနဲ့ ဒါ ပုဒ်မ ၁၄၄ နဲ့ အကျုံးဝင်တယ်။ အကျုံးဝင်တဲ့အတွက် မူးယစ်ရမ်းကားနှောင့်ယှက်တဲ့အတွက် အပေါ်ကို ပစ်ခွင်းလိုက်တယ်။ ဒါပေမယ့် ကံဆိုးတဲ့အတွက် ထိမှန်သွားတယ်ဆိုတယ်”ဟု ဖခင်ဖြစ်သူ ဦးကိုကိုက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်သည့်အနေဖြင့် မိုးပေါ်ထောင်၍ သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ည ၈ နာရီသတင်းတင်ဆက်မှုတွင် ကြေညာသွားသည်။

မှုခင်းဆရာဝန်ကမူ ကျည်ဆန်သည် သေဆုံးသူ၏ နောက်စေ့မှ နဖူးအထိ ဖောက်ထွက်သွားပြီး ထိုဒဏ်ရာဖြင့်ပင် သေဆုံးကြောင်း မှတ်ချက်ပြုသည်။ 

“နောက်ကဝင်တဲ့ကျည်ဆန် ဖြစ်တဲ့အတွက် ဒါ ရှောင်တိမ်းနိုင်တဲ့၊ သက်ညှာနိုင်တဲ့အဆင့်တွေကို ကျော်လွန်ပြီးတော့ သေစေနိုင်တဲ့နေရာကို ပစ်ထည့်လိုက်တာ။ အဲ့ဒီအတွက်ကို သားအတွက် တာဝန်ကျေစွာ အမှုကို ရင်ဆိုင်မယ်”ဟု ဦးကိုကိုက ပြောသည်။

အခြားဒေသများ

ထို့အတူ မြိတ်မြို့၊ မြို့မ (၂) ရပ်ကွက်တွင် ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေသူ အသက် ၁၈ နှစ်အရွယ် မောင်နေနေဝင်းထက်သည် ဖေဖော်ဝါရီ ၁၆ နံနက် ၂ နာရီခန့်တွင် မီးကွင်းပစ်သည်ဆိုသော သတင်းကြောင့် လှည့်ရှာဖွေရာတွင် ကင်းသမားအချင်းချင်း လူမှားရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာဖြင့် နှစ်ရက်အကြာတွင် သေဆုံးခဲ့ကြောင်း CDM ကူညီနေသော မြိတ်မြို့နယ်နေသူများထံမှ သိရသည်။

အတည်မပြုနိုင်သော သတင်းများ

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်သော အစိုးရဝန်ထမ်း ချင်းအမျိုးသားတစ်ဦး၊ မီးကွင်းပစ်ခံရပြီး သေဆုံးသည်ဆိုသော ဘားအံစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦး ရှိသည်ဟူသော သတင်း Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

CDM တွင် ပါဝင်နေသော ထန်တလန်မြို့နယ်၊ ဗန်ဇမ်းရွာသား ဆလိုင်းခွါကုန်းဆိုသူသည် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာတွင် ထွက်ပြေးစဉ် ကားနှင့် ဆိုင်ကယ် တိုက်မိပြီး သေဆုံးခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်ဟွန်းတီးမိ၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ပြောင်းဖြင့် နံရိုးကို ဆောင့်ထိုးလိုက်၍ ဆေးရုံတက်ရောက်ကုသနေရသူ ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုများအပြင် ရန်ကုန်မြို့တွင်လည်း ယမန်နေ့၌ တပ်ထောက်ခံသူများက လက်နက်ကိုင်ဆောင်ကာ မီးရထားဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်ခြင်း၊ ဆူးလေမြို့လယ်ကောင်တွင် ဓားဖြင့် ထိုးခြင်းများ  ရှိလာသည်။ 

တပ်နှင့် ရဲက ဆန္ဒပြသူများအား ဖမ်းဆီး၊ အမှုဖွင့်နေသော်လည်း နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေ သည်။ 

ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ရန် ကြိုးပမ်းခြင်းမဟုတ်ကြောင်း စစ်ကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားသည်။ 

စစ်ကောင်စီမှ ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသည့် တာမွေမြို့နယ်၊ ဘိုးလင်းအောင်မင်္ဂလာရပ်ကွက်တွင် ရပ်ကွက်နေထိုင်သူ ၅၀ ခန့်ကို ယမန်နေ့က ရဲအင်အား ရာချီဖြင့် ဖြိုခွင်းခဲ့သည်။  

ထို့နောက် ရပ်ကွက်မှ လူ ၁၀ ယောက်ထက်မနည်း အချုပ်ကားပေါ် တင်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ယနေ့တွင်လည်း ရန်ကုန်မြို့ လှည်းတန်း၌ မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပြီး ဖမ်းဆီးခံရသူအချို့ ရှိခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဖေဖော်ဝါရီ ၂၅ အထိ စာရင်းများအရ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၇၄၈ ဦး ဖမ်းဆီးခံထားရသည်။

Show More

Related Articles

Back to top button