မောင်ဝေယံထွန်း သို့မဟုတ် နွေဦးတော်လှန်ရေး၏ သူရဲကောင်းတစ်ဦး 

ဒဏ်ရာရလူနာများကို ကုန်စိမ်းလှည်းပေါ်တင်ကာ ဘေးလွတ်ရာ သယ်ယူပေးနေသေည့် မောင်ဝေယံထွန်းသည် ပြည်သူများကို ကာကွယ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ဆိုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ဆန်ထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့သည်

Published on Feb 26, 2021
အသက် ၁၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရသည့် မောင်ဝေယံထွန်း။ (ဓာတ်ပုံ- Myanmar Now)
အသက် ၁၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရသည့် မောင်ဝေယံထွန်း။ (ဓာတ်ပုံ- Myanmar Now)

မန္တလေးပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီးလက်မှတ်ဖြင့် ထွက်လာသောဆေးစစ်ချက်အရ အမည်မသိ လူငယ်တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်းလက်မှတ်သည် သားဖြစ်သူအတွက် ဖြစ်ခဲ့မည်ဟု ဦးထွန်းဝေ ဘယ်သောအခါမှ မတွေးမိခဲ့ပေ။ 

“အင်တာနက်မှာ တက်လာတဲ့ပုံတွေ ကြည့်ရင်းကြည့်ရင်း ကိုယ့်ကလေးမဟုတ်ဘူးဆိုတာ သိရလို့ ဟင်းချနိုင်ပေမဲ့ ၃ ယောက်မြောက် လာပြတဲ့ ကလေးပုံကတော့ ကျွန်တော့်သားလေးဖြစ်နေတယ်ဗျာ” ဟု ဦးထွန်းဝေက ပြောချလိုက်သည်။

မိဘအရင် လူ့လောကမှ ထွက်ခွာသွားသော သားဖြစ်သူ နာရေး၌ မျက်ရည်မကျရန် စိတ်တင်းထားသည့်ကြားက မျက်ရည်များဝဲလာရင်း ပြောလိုက်ခြင်းဖြစ်သည်။ 

သားသမီးလေးယောက်အနက် ဒုတိယသား မောင်ဝေယံထွန်း(ခ) ကုလားသည် ငယ်စဉ်ကတည်းက အေးအေးဆေးဆေးနေတတ်ပြီး သူတပါးအပေါ် အမြဲကူညီချင်စိတ်ရှိသူဖြစ်၍ အချစ်ပိုခဲ့ရသည်ဟု မိဘနှစ်ပါးလုံးက ဆိုသည်။ 

ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးရှိ မြစ်ငယ်မြို့အဝင် မြို့ပြင်ကြီးရွာမှ အသက်နှင့် မလိုက်အောင် ပရဟိတစိတ်ရှိလွန်းသူ ဆယ်ကျော်သက်လူငယ် မောင်ဝေယံထွန်းသည် ဖေဖော်ဝါရီ ၂၀ ညနေပိုင်းက ပြည်သူများကို ကာကွယ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ဆိုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကြွေလွင့်ခဲ့ရသည်။

မန္တလေးကမ်းနားလမ်းနှင့် ၄၂ လမ်းရှိ ရတနာပုံသင်္ဘောကျင်း၌ သင်္ဘောများအားထွက်ရန် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များက သင်္ဘောကျင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများအား ထိုနေ့ နေ့လယ်ပိုင်းက အတင်းအကြပ်ဖိအားပေးခိုင်းစေခဲ့သည်။ 

၎င်းအခြေအနေအား ရိပ်မိသွားသော ပတ်ဝန်းကျင်ရှိ ပြည်သူများက လက်မခံဘဲ သင်္ဘောကျင်းဝန်ထမ်းများအတွက် ဝန်းရံ၍ ဆန္ဒပြခဲ့ကြရာ မွန်းလွဲပိုင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်များ၊ မျက်ရည်ယိုဗုံးများဖြင့် အင်အားသုံး ဖြိုခွင်းလိုက်သည်။ 

ကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်နေသည့်အကြား အထက်ပိုင်းအင်္ကျီဗလာကျင်းနှင့် လွယ်အိတ် စလွယ်သိုင်းဖြင့် လူငယ်လေးတစ်ဦးက ကုန်စိမ်းတင်သော တွန်းလှည်းအပေါ် ဒဏ်ရာရလူနာများအား အပြေးအလွှားလိုက်တင်၍ လူမှုကူညီရေးအသင်းကားများထံ အရောက်ပို့ဆောင်ပေးခဲ့သူမှာ အသက် ၁၆ နှစ် အရွယ် မောင်ဝေယံထွန်းဖြစ်သည်။ 

“ပေါင်ကို သေနတ်မှန်သွားတဲ့လူကို သူ့လှည်းနဲ့ ထပ်သွားခေါ်ဖို့ လုပ်တဲ့အချိန်မှာ အပစ်ခံလိုက်ရတာပဲ။ သူ အသက်မထွက်ခင် စကားတစ်ခွန်းပဲ ပြောခဲ့နိုင်တယ်။ အမေ သားမရတော့ဘူးလို့ပြောပြီး သူဆုံးသွားတာပါပဲ” ဟု သေဆုံးချိန်၌ အတူရှိခဲ့သော ၎င်း၏ ဆရာဖြစ်သူ လှည်းခေါင်း ကိုဝင်းနိုင်ဦးက ပြောသည်။ 

မိမိမျက်စိရှေ့၌  ရုန်းရင်းဆန်ခတ်အခြေအနေများအကြား ဒဏ်ရာရသူများအား ကယ်ဆယ်လိုစိတ်ဇောကြီးသော မောင်ဝေယံထွန်းသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနိုက်ပါသေနတ်ဖြင့် ဦးခေါင်းကို ပစ်ခံရပြီးနောက် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

“လက်နက်အားကိုးပြီး စစ်ခင်းသလို လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်သွားတာ။ ကမ္ဘာမကြေဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ယင်း ဖြစ်စဉ်တွင် အသက် ၁၆ နှစ်အရွယ် မောင်ဝေယံဖြိုးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံး၍ ၁၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ 

သေဆုံးမှုကို အကြောင်းမကြား

ဒဏ်ရာရ လူနာတင်ထားသော တွန်းလှည်းကို အင်္ကျီဗလာကျင်း၊ ဘောင်းဘီတိုနှင့် အလောသုံးဆယ်တွန်းကာ ပြေးလာနေသော မောင်ဝေယံထွန်းဓာတ်ပုံနှင့်အတူ ဦးနှောက်ပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့သော ဓာတ်ပုံများက နာရီပိုင်းအတွင်း ဖေ့ဘုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။ 

“ဖေ့ဘုတ်မှာ သတင်းတွေက တက်နေပေမဲ့ သူ့အလောင်းကို မတွေ့မချင်း မယုံနိုင်သေးဘူး။ အဲဒီလို ဇဝေဇဝါဖြစ်နေသလို တစ်ချိန်တည်းမှာ မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းနေခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော် ဆုတောင်းမပြည့်ခဲ့ပါဘူး” ဟု ဦးလေးဖြစ်သူ ဦးမျိုးမင်းနိုင်က ပြောသည်။ 

အခင်းဖြစ်ပြီး နောက်ရက်တွင် မန္တလေးဆေးရုံကြီးသို့ သွားရောက်စုံစမ်းခဲ့ရာ မသိရဘဲ ကောလဟာလများနှင့် တနေကုန်နီးပါး ဗျာများခဲ့ရသည်ဟု ၎င်းက ဆိုသည်။ 

ဆေးရုံ၌ စောင့်ဆိုင်းစဉ်အချိန်အတွင်း ရဲမှူးဆိုသူတစ်ဦးနှင့် ရဲသားနှစ်ယောက်က သေဆုံးသူ မောင်ဝေယံထွန်း၏ အဝတ်အစားများအား လာရောက်တောင်းယူသည်မှအပ မည်သည့်အာဏာပိုင်ကမှ ယခု သေဆုံးမှုအတွက် ဆက်သွယ်အကြောင်းကြားခဲ့ခြင်း တစုံတရာမရှိခဲ့ဟု မိသားစုဝင်များက ပြောသည်။ 

ထို့နောက် ညနေ ၄ နာရီ၌ အလောင်းအား ရေခဲတိုက်မှ ထုတ်ယူခွင့်ရရှိခဲ့ပြီး ရွာသို့ပြန်သယ်ကာ ရွာအရောက် ချက်ချင်း မြေမြှပ်သင်္ဂြိုလ်ခဲ့သည်ဟု ၎င်းဦးလေးက ပြောသည်။ 

အသက် ၈၀ ကျော်အရွယ် မောင်ဝေယံထွန်းအဘွားမှာ မြေး၏ အခြေအနေ မျက်မြင်တွေ့ရှိရပါက ကျန်းမာရေးအတွက် စိုးရိမ်ရသဖြင့် ထိုသို့စီစဉ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ကြုံရာကျပန်းအလုပ်လုပ်ကိုင်သော မိဘနှစ်ပါးအတွက် မောင်ဝေယံထွန်းက လေးတန်းဖြင့် ကျောင်းထွက်ခဲ့ပြီးနောက် မြစ်ငယ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းဘေး၌ ငုံးဥပြုတ်၊ အချဉ်ပေါင်းရောင်းကာ စတင်အလုပ်လုပ်ကိုင်ခဲ့သည်။

မန္တလေး ကျွဲဆည်ကန်ကားကွင်းအနီးရှိ ရေသန့်စက်ရုံ၌ အလုပ်လုပ်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ မြစ်ငယ်မှ မန္တလေးကမ်းနားလမ်းကုန်စိမ်းဈေး သွားရာကားများဖြင့် လိုက်သွားတတ်သည်။ ၎င်းနောက် ကုန်စိမ်းဈေး၌ ဂေါ်ဖီ၊ ပန်းမုံလာစသော ကုန်စိမ်းများအား တွန်းလှည်းဖြင့် သယ်ပို့သည့်အလုပ် လုပ်ကိုင်ခဲ့သည်။ 

ကုန်စိမ်းတွန်းသည်မှာ လပိုင်းသာရှိသေးသော်လည်း လိမ်မာပြီး အလုပ်လုပ်ချင်စိတ်ရှိသော ၎င်းအား ကုန်စိမ်းဈေးအနီးရှိ လူကြီးသူမအချို့က မွေးစား၍ ၎င်းတို့အိမ်၌ နေခွင့်ပြုခဲ့သည်ဟု ၎င်း၏ ဆရာဖြစ်သူ လှည်းခေါင်း ကိုဝင်းနိုင်ဦးက ပြောသည်။ 

ထို့ကြောင့် ရွာသို့ ပြန်မလာတော့ဘဲ ကုန်စိမ်းဈေးအနီး၌သာ နေထိုင်ပြီး မိဘများအတွက် တစ်ပတ်တစ်ခါ ငွေကြေး အနည်းငယ်ထောက်ပံ့ပေးသည်ဟု ဆိုသည်။ 

ဖုန်းနှင့် ဆိုင်ကယ်ဝယ်ရန် ရည်ရွယ်ပြီး စုထားသော မောင်ဝေယံထွန်း၏ စုဘူးကို ယခုတော့ ၎င်း၏ ရက်လည်ဆွမ်းကပ်တွင် ပြန်လည်သုံးစွဲပေးရန် ရည်ရွယ်ထားသည်ဟု မွေးစားမိခင် ဒေါ်ကြူက ပြောသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်က လုပ်ခဲ့သော မောင်ဝေယံထွန်း၏ ရက်လည်အခမ်းအနားတွင် ၎င်းအတွက် ရည်စူးကာ အလှူငွေအများအပြား လာပေးခဲ့ကြသည်။

၎င်း၏ နောက်ဆုံးခရီးကို နေအိမ်ရှိရာ မြစ်ငယ်မြို့ ပြင်ကြီးရွာ၌ မိသားစုဝင်များကလည်းကောင်း၊ ၎င်းသေဆုံးခဲ့သော ကုန်စိမ်းဈေးရှေ့၌ သံဃာတော်များအပါအဝင် မန္တလေးမြို့ခံများက ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။ 

ထို့အပြင် မြို့ပြင်ကြီးရွာသင်္ချိုင်း၌ မြှပ်နှံထားသော ၎င်းမြေပုံပေါ်၌ အုတ်ဂူတည်ပြီး ဂုဏ်ပြုထားမည်ဟု မိသားစုဝင်များက ပြောသည်။ 

အသေဆိုးသော်လည်း မြတ်သောသေခြင်းဖြင့် နှုတ်ဆက်သွားသော သားဖြစ်သူကြောင့် ကျန်ရစ်သော သားသမီး ၃ ဦး အပေါ် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ရန်၊ မပါဝင်ရန် တားမြစ်မည်မဟုတ်ဘဲ အသိစိတ်ဓာတ်ဖြင့်သာ ဆုံးဖြတ်ရန် ခွင့်ပေးသွားမည်ဟု မောင်ဝေယံထွန်း၏ မိဘနှစ်ပါးက ပြောသည်။ 

မိခင်ဖြစ်သူ ဒေါ်ဆွေနွယ်ဝင်း “ကျွန်မသားလေးမရှိတော့ပေမဲ့ ကျွန်မအတွက် သူဟာ သူရဲကောင်းပဲ” ဟု ပြောလေသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading