CDM လှုပ်ရှားမှုကြောင့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းနေ

အာဏာသိမ်းခြင်း၊ အင်တာနက် ဖြတ်တောက်ခြင်းတို့ကြောင့် ကမောက်ကမဖြစ်သွားသော ဘဏ်လုပ်ငန်းသည် ၀န်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် လည်ပတ်မှု ယာယီရပ်တန့်နေသည် 

Published on Feb 26, 2021
ရန်ကုန်ဘူတာကြီးအနီး ရထား၀န်ထမ်းများ   ရန်ပြုချိန်တွင် ရောက်လာသော ရဲများ။ အာဏာဖီဆန်ခြင်း၊ ဌာနဆိုင်ရာ၀န်ထမ်းများ၏ အာဏာဖီဆန်ခြင်းကြောင့် ဘဏ်လုပ်ငန်းလည်း ထိခိုက်သွားသည်။  (ဓာတ်ပုံ-Myanmar Now)
ရန်ကုန်ဘူတာကြီးအနီး ရထား၀န်ထမ်းများ   ရန်ပြုချိန်တွင် ရောက်လာသော ရဲများ။ အာဏာဖီဆန်ခြင်း၊ ဌာနဆိုင်ရာ၀န်ထမ်းများ၏ အာဏာဖီဆန်ခြင်းကြောင့် ဘဏ်လုပ်ငန်းလည်း ထိခိုက်သွားသည်။  (ဓာတ်ပုံ-Myanmar Now)

ဘဏ်ဝန်ထမ်းများလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါ၀င်နေသောကြောင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းအသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီကို ဖေဖော်ဝါရီ ၈ မှ စတင်ကာ အစိုးရနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများက ရုံးမတက်ဘဲ အာဏာဖီဆန်နေခြင်းကြောင့် ဘဏ်အများအပြား ပိတ်ထားရပြီး ကုန်သွယ်ရေး ငွေပေးချေမှု၊ ဘဏ်အချင်းချင်း ငွေကြေးလွှဲပြောင်းမှုနှင့် ဘဏ်အသုံးပြု ရောင်းဝယ်မှုများ အကြီးအကျယ် ထိခိုက်သွားသည်ဟု ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။

“၂၄ ရက်အတွင်းမှာ ဘဏ်အချင်းချင်း ပေးချေရှင်းလင်းမှု၊ ရောင်းဝယ်မှု၊ စာရင်းရှင်းလင်းမှု ရပ်တန့်သွားတယ်။ ငွေသား စီးဆင်းမှု လုံးဝရပ်တန့်သွားတယ်” ဟု ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ တွင် Myanmar Now ကို ပြောသည်။

ဘဏ်လုပ်ငန်းများ ခေတ္တရပ်ဆိုင်းနေခြင်း ဖြစ်ပြီး ပျက်စီးသွားခြင်းမဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောသည်။

ငွေကြေးစီးဆင်းမှု အခက်အခဲ

နိုင်ငံတကာနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် ဘဏ်ဝန်ဆောင်မှုကို အသုံးပြု၍ ဘဏ်ငွေလွှဲစာတမ်းစနစ် (Letter of Credit- LC) နှင့် ကြေးနန်းငွေလွဲပို့စနစ် (Telegraphic Transfer- TT) ဖြင့် ငွေပေးချေရသော်လည်း ဘဏ်များ ပိတ်ထားသဖြင့် ငွေပေးချေမှုများရပ်တန့်သွားပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများ အခက်ကြုံနေသည်။

စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများရပ်ဆိုင်းနေသော်လည်း အများပြည်သူ ငွေသား ထုတ်ယူနိုင်ရန် အလိုလျောက်ငွေထုတ်စက် (ATM) များတွင် ငွေသား ဖြည့်တင်းပေးနေပြီး ဒစ်ဂျစ်တယ် ငွေပေးချေမှုများလည်း ဆောင်ရွက်ပေးထားကြောင်း ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။ 

သို့သော် စစ်ကောင်စီက အင်တာနက်ဆက်သွယ်ရေး ပိတ်ပင်ထားခြင်း၊ မြန်နှုန်းကန့်သတ်ခြင်းတို့ကြောင့် အွန်လိုင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက် အတားအဆီးဖြစ်နေဆဲဖြစ်သည်။

ထိုသို့ ဘဏ်ပိတ်ထားမှုကြောင့် ငွေလွှဲငွေပေးချေခြင်း၊ နိုင်ငံခြားငွေ ရောင်းဝယ်ခြင်း၊ ချေးငွေထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်များ မရသော်လည်း ဘဏ်အဆောက်အဦ ငှားရမ်းခ၊ ဝန်ထမ်းစရိတ်များ ကုန်ကျစရိတ်များ ပုံမှန်ပေးချေရမည်ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ပုဂ္ဂလိဘဏ်များသည် ဘဏ်ခွဲရာနှင့်ချီဖွင့်လှစ်ထားသော်လည်း ကိုယ်ပိုင်အဆောက်အုံ အနည်းငယ်သာရှိပြီး အများစုကို ငှားရမ်းဖွင့်လှစ်ရခြင်းဖြစ်ရာ ငှားရမ်းခစရိတ်မှာ မသက်သာလှကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင် ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းကြောင့် နိုင်ငံခြားဘဏ်လုပ်ငန်းများလည်း တစ်စိတ်တပိုင်း ရပ်ဆိုင်းသွားသည်ဟု ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များ မပိတ်သော်လည်း ဘဏ်ဝန်ထမ်းအချို့မှာ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် အုပ်ချုပ်မှုပိုင်းအတွက် ငွေကြေးစီးဆင်းအခြေအနေမှာ အကျပ်အတည်းကြုံတွေ့နိုင်သည်ဟု CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဗဟိုဘဏ်ဝန်ထမ်းများက Myanmar Now ကို ပြောဆိုထားသည်။ 

တိုင်းပြည်စီးပွားရေးလည်ပတ်ရန် ဘဏ်များသည် အဓိကအသက်သွေးကြောဖြစ်ပြီး အာဏာသိမ်းပြီးနောက် တစ်လနီးပါးကြာမြင့်လာချိန်အထိ ဘဏ်များပိတ်ထားခြင်းကြောင့် ဘဏ်နှင့်ချိတ်ဆက် ဆောင်ရွက်ရသည့် ကုန်သွယ်ရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းအများအပြား  ရပ်ထားရသည်။

“လုပ်ငန်းတွေ တော်တော်များ မလည်ပတ်နိုင်ဘူး။ ဘာမှမလုပ်နိုင်ဘူး။ ဘာဖြစ်မယ်မှန်းမသိဘူး။ ကုန်သွယ်မှုတွေ လျော့နေတယ်ဆိုလို့ရှိရင် တိုင်းပြည်စီးပွားရေး ထိခိုက်လာမယ်။ စီးပွားရေးထိခိုက်လာရင် ဘဏ်လုပ်ငန်းတွေမှာ လာပြီးတော့ ပေါ်လာလိမ့်မယ်” ဟု ဘဏ္ဍာရေးနယ်ပယ်မှ အမည်မဖော်လိုသူအမျိုးသမီးက ဆိုသည်။

ငွေကြေးဆိုင်ရာ ကောလာဟလ

လက်ရှိတွင် ဘဏ်ဝန်ဆောင်မှုများ ရပ်ဆိုင်းထားရသည်မှအပ ဘဏ်များအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း၊ ကောလာဟလများ ထွက်နေချိန်တွင် ဘဏ်အပ်ငွေအတွက်  စိုးရိမ်မှု မလွန်ကဲသင့်ကြောင်း ၎င်းက ထပ်မံပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ကျပ် ၁၀,၀၀၀ တန်ငွေစက္ကူနှင့်ပတ်သက်သည့် ကောလာဟာလများ၊ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ဘဏ်အပေါ်ယုံကြည်မှုလျော့နည်းစေသည့်သ တင်းများ ထွက်လာပေါ်လာသဖြင့် ငွေအပ်နှံငွေသူများအနေဖြင့် စုဆောင်းငွေများနှင့်ပတ်သက်၍ စိုးရိမ်ရှိခဲ့သည်။ 

ဘဏ်များသည် အများပြည်သူ၏ စုဆောင်းအပ်နှံငွေကို လက်ခံပြီး ငွေလိုအပ်သောစီးပွားရေးလုပ်ငန်းများကို တစ်ဆင့် ငွေပြန်လည်ချေးကာ လည်ပတ်ရသောကြောင့် အပ်နှံငွေများသည် ဘဏ်ထဲတွင် ရာနှုန်းပြည့်မရှိပေ။ စိုးရိမ်မှုများကြောင့် အပ်နှံငွေထုတ်ယူမှု များပြားပါက ဘဏ်များ အကျပ်အတည်းဖ ပိုဖြစ်နိုင်ကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။

ဖေဖော်ဝါရီ ၁၅ တွင် ပြန်ဖွင့်ခဲ့သည့် တပ်မတော်ပိုင် မြဝတီဘဏ်တွင် နေ့စဉ်နှင့်အမျှ ငွေထုတ်ရန် စောင့်ဆိုင်းသူ အများအပြားရှိခဲ့ပြီး လက်ကျန်ငွေနည်းပါးခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ထုတ်ပေးခဲ့ကြောင်း ငွေထုတ်သူများက ပြောဆိုထားသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် စစ်တပ်က အာဏာ သိမ်းယူလိုက်ခြင်းကြောင့် ရက်ပိုင်းအတွင်း ဘဏ်များအပေါ် ရိုက်ခတ်မှုရှိလာသော်လည်း ရေရှည်တွင် တိုင်းပြည် တည်ငြိမ်မှု၊ စီးပွားရေး နလန်ထမှု၊ အုပ်ချုပ်သူတို့၏ ထိန်းကျောင်းကိုင်တွယ်မှုအပေါ် မူတည်ကာ ရိုက်ခတ်မှု ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“ချေးထားတဲ့လူတွေ ပြန်ပေးနိုင်လားဆိုတာက နှစ်ပတ်သုံးပတ်နဲ့ ဘာမှထူးမလာဘူး။ ဒီလောက်နဲ့တော့ ဘာမှ စိတ်ပူစရာမရှိဘူး။ ရေရှည် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေဘူး။ ဘဏ်ကြွေးတွေမပေးနိုင်ဘူး။ ဘဏ်တွေ ဒုက္ခရောက်တယ်။ ဘဏ်ထဲကိုထပ်ပြီးတော့ ပိုက်ဆံထည့်စရာ နိုင်ငံစနစ်တစ်ခုလုံးထဲမှာ Liquidity (ငွေဖြစ်လွယ်မှု) မရှိဘူးဆိုမှ ပြဿနာရှိမှာ” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။ 

ထိုအပြင် နိုင်ငံတကာက အရေးယူဆောင်ရွက်မည့် စီးပွားရေးဒဏ်ခတ်မှုများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး စီးပွားရေးလုပ်ငန်းအားလုံးကို သိမ်းကြုံးပြီး ပိတ်ဆို့ဒဏ်ခတ်မှု မချမှတ်နိုင်သော်လည်း ငွေပေးချေသည့် လုပ်ငန်းများတွင် နှောင့်နှေးလာနိုင်သည်ဟု ၎င်းကထပ်မံပြောသည်။

အမေရိကန်အနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ပစ်မှတ်ထား ဒဏ်ခတ်နေပြီး ဗြိတိန် နှင့် ဥရောပနိုင်ငံများကလည်း ဒဏ်ခတ်အရေးယူမှု ဆက်လုပ်လာဖွယ်ရှိနေသည်။

မြန်မာတို့၏ လူအမည်များ ဆင်တူလေ့ရှိရာ ပြည်ပမှ ပိတ်ဆို့ဒဏ်ခတ်ခံရသူမဟုတ်သော်လည်း နာမည်တူနေပါက လုပ်ငန်းတစ်ခုခုအတွက် ငွေလွှဲငွေေပေးချေရာတွင် နိုင်ငံတကာဘဏ်များက အချိန်ကြာမြင့်စွာ စိစစ်မှုပြုလုပ်လာနိုင်သည်ဟု ဘဏ်အသိုင်းဝိုင်းက ဆိုသည်။

ယုံကြည်မှု ကျဆင်းနိုင်

ထို့ပြင် အင်တာနက်နှင့် နည်းပညာကိုအသုံးပြုပြီး ငွေသားအသုံးပြုမှု လျှော့ချသော လူမှုအဖွဲ့အစည်းကို ဦးတည်နေသည့်အရွေ့သည် စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် သုံးစွဲသူများ၏ ယုံကြည်မှု ကျဆင်းသွားနိုင်ကြောင်း ၎င်းတို့က ဆိုသည်။ 

ကတ်စနစ်၊ မိုဘိုင်းဘဏ်စနစ်နှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းများ တစ်စတစ်စ တွင်ကျယ်လာနေပြီး ဖုန်းဘေလ် ငွေဖြည့်မှုမှအစ အွန်လိုင်းဈေးဝယ်မှုများအတွက် ပေးချေမှုပြုလုပ်နိုင်သော်လည်း ဖေဖော်ဝါရီ ၁ မှစကာ အင်တာနက်ကန့်သတ်ချက်ကြောင့် အခက်အခဲများရှိနေသည်။

စစ်ကောင်စီက ခန့်အပ်ထားသည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကမူ ဘဏ်များကိုရသည့်နည်းဖြင့် ဖွင့်လှစ်နိုင်ရန် ညွှန်ကြားထားပြီး အွန်လိုင်းဘဏ်စနစ်နှင့် ATM စက်များမှ ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Myanmar Now ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောဆိုသည်။

စစ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုအနေဖြင့် ဖွံ့ဖြိုးရေးအကူအညီပေးနေသည့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ယူမှုများ ရပ်ဆိုင်းလိုက်သည်။   စီမံကိန်းများအတွက် ယခင်သဘောတူထားသည့် ငွေကြေးများအနက် လိုအပ်သည့်အသုံးစရိတ်ကိုသာ ခွင့်ပြုမည်ဖြစ်ကာ မလိုအပ်သောငွေကြေးများကို ပြန်လည်သိမ်းယူမည်ဟု စစ်ကောင်စီကို အကြောင်းကြားထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading