ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ရပ်တန့်ထားသည့်ကာလတွင် စစ်ဘေးရှောင်စခန်းတစ်ခုတွင် AA အဖွဲ့ဝင်များ ရှိမရှိ တပ်က သွားရောက် စစ်ဆေးခဲ့သည်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာ စစ်ဘေးရှောင်စခန်းကို တပ်မတော်သားအင်အား ၂၀ ခန့်က ယနေ့ နံနက်က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
လူ ၉၀၀ ခန့် ခိုလှုံနေသော အဆိုပါစစ်ရှောင်စခန်းရှိ အမျိုးသားများကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှု ရှိ မရှိ မေးမြန်းစစ်ဆေးခဲ့ပြီး စခန်းအတွင်း ရှာဖွေခဲ့သည်ဟု စခန်းတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“မင်း အပတ်စဥ်ဘယ်လောက်လဲ၊ AA လားလို့မေးတယ်။ မင်းတို့ဆီမှာ AA ရှိလားလို့ မေးပါတယ်တဲ့။ ပြီးတော့ အခန်းတွေကိုလည်း ဝင်ကြည့်တယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် အမျိုးသားများကို AA တပ်ထဲသို့မဝင်ရန် ပြောဆိုခဲ့ပြီး ပြောက်ကျားဦးထုပ်များ မဆောင်းရန်လည်း ပြောခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီမှုပေးနေသည့် ဒေသခံ ကိုအမ်းသားကြီးက ပြောသည်။


လက်ရှိ တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေချိန်တွင် ထိုသို့စစ်ဆေးမှုများ မလုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“စစ်ဆေးဖို့ ခိုင်းတဲ့လူတွေကိုလည်း နည်းနည်းအံ့သြမိတယ်။ ပြောရမယ်ဆိုရင် တိုင်းပြည်တည်ငြိမ်နေတာကို ဆူပူအောင် အစရှာနေတာလားလို့ အတွေးတွေ ဝင်လာတယ်။ သံသယလည်း ဝင်တယ်။ ဒီလိုအချိန်မှာ လုံးဝလာလို့ စစ်ဆေးမှု မလုပ်သင့်လို့ထင်ပါတယ်”ဟု ကိုအမ်းသားကြီးက ပြောသည်။


ထိုသို့စစ်ဆေးမှုရှိသောကြောင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်းလည်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို မေးမြန်းရာ တပ်ဘက်ကိုသာ ဆက်သွယ်မေး မြန်းရန် ပြောသောကြောင့် တပ်မတော်၏ တုံ့ပြန်ချက်ကို မရရှိခဲ့ပေ။
စစ်ကောင်စီက အာဏာရယူပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ ဝင်များကို ထိန်းသိမ်းထားချိန်တွင် မြို့အနီးရှိ စစ်ရှောင်စခန်းကို ဝင်စစ်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲကာလများအတွင်းကလည်း စစ်ရှောင်စခန်းတချို့ကို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ပြီး ဇန်နဝါရီ အတွင်း မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းများကို တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်စစ်ရန် စီစဉ်ခဲ့သေးသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် နိုဝင်ဘာ ပထမပတ်က စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများ ရပ်တန့်နေသည်။
နှစ်နှစ်တာ စစ်ပွဲကာလအတွင်း စစ်ဘေးရှောင် နှစ်သိန်းခန့်ရှိနေပြီး အများစုမှာ မပေါက်ကွဲသေးသော လက်နက်ကြီးနှင့်မိုင်းအန္တရာယ်များ၊ နေအိမ်များ ပျက်စီးခြင်း၊ ရွာများအနီး တပ်များရှိနေသေးခြင်းတို့ကြောင့် နေရပ် မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းတွင် စားဝတ်နေရေးအခက်အခဲများစွာဖြင့် နေထိုင်နေရသည်။
အမ်းသားစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ဖားပြို ၊ သလူချောင်းစသည့်ကျေးရွာမှ ခိုလှုံနေကြသူများဖြစ်ပြီး လက်ရှိတွင် ယင်းရွာအနီးပတ်ဝန်းကျင်တွင် တပ်မတော်သားများရှိနေသောကြောင့် နေရပ်မ ပြန်ရဲသေးကြကြောင်း စခန်းတာဝန်ရှိသူ အထက်ပါအမျိုးသမီးက ပြောသည်။
စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး တပ်မတော်က ရခိုင်မြောက်ပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ပြောထားသည်။
သို့ရာတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒေသခံကျေးရွာသားတစ်ဦး ဖေဖော်ဝါရီ ၁၇ က မိုင်းနင်းမိမှုကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်သည်အထိ ဒဏ်ရာ ပြင်းထန်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










