ကျည်ဒဏ်ရာဖြင့် သေဆုံးသူ ကိုရာဇာအောင်နှင့် အနီးကပ်နေခဲ့၍ သီးခြားထားရမည်ဟု ဆိုကာ အချုပ်သား လူနာနှစ်ဦးကို နေရာရွှေ့လိုက်ပြီး မိသားစုနှင့်တွေ့ခွင့် ကန့်သတ်လိုက်သည်
မန္တလေးမြို့၊ ကမ်းနားလမ်းပစ်ခတ်မှုတွင် ဒဏ်ရာများဖြင့် ဖမ်းဆီးခံရ၍ စစ်ဆေးရုံတွင် ကုသနေရသည့် လူနာနှစ်ဦးအား မိသားစုနှင့်တွေ့ခွင့် ယနေ့ ပိတ်ပင်လိုက်သည်။
အခင်းဖြစ်နေ့က ဖမ်းဆီးခံရသူများအနက်မှ သုံးဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် မန္တလေးတောင် အရှေ့ဘက် တပ်မ ၉၁၀ တပ်ရင်းအတွင်းရှိ စစ်ဆေးရုံတွင် ရောက်ရှိနေသည်။

သုံးဦးအနက်မှ ခြေထောက်တွင် ကျည်ထိထားပြီး ဒဏ်ရာရထားသည်ဟု သတင်းထွက်ခဲ့သော အသက် ၂၆ နှစ် အရွယ် ပန်းရံလုပ်သား ကိုရာဇာအောင်သည် ယမန်နေ့က သေဆုံးခဲ့ပြီး ကိုဗစ်နိုင်တင်းရောဂါကြောင့် ဖြစ်သည်ဟု စစ်ဆေးရုံဘက်မှ အကြောင်းပြထားသည်။
ထို့နောက် သေဆုံးသူ ကိုရာဇာအောင် နှင့် အနီးကပ်နေခဲ့၍ ကွာရန်တင်းထားရမည်ဆိုကာ ကျန်လူနာနှစ်ဦးကို အခြားအဆောင်တစ်ခုသို့ ပို့ဆောင်လိုက်ပြီး မိသားစုနှင့် တွေ့ဆုံခွင့် ပိတ်ပင်လိုက်သည်ဟု လူနာတစ်ဦး၏ ဇနီးက ပြောသည်။


“မနေ့က တွေ့ခွင့်ရတယ်။ ဒီနေ့ ကျွန်မ ယောက်ျားခွဲစိတ်ဖို့ သူတို့တောင်းတဲ့ဆေးတွေ ဝယ်ပြီးသွားပေးတော့ အစောင့်ရဲတွေပဲ ထွက်ယူတယ်။ ကျွန်မတို့ ဝင်ခွင့်မရတော့ဘူး”ဟု လက်ပွင့်ထွက်ဒဏ်ရာဖြင့် ဖမ်းဆီးခံခဲ့ရသူ၏ ဇနီးက ပြောသည်။
“စစ်ဆေးရုံမှာ ဆေးမရှိလို့ သွားဝယ်ပို့ခဲ့ရတယ်။ ဆေးမရရင် ဖြတ်ပစ်ရမယ်လို့ ပြောတယ်။ အခု ဆေးတော့ ဝယ်ပေးခဲ့ပြီ။ အခြေအနေမသိရသေးဘူး”ဟု ၎င်းအမျိုးသမီးက ဆိုသည်။


ကိုဗစ်နိုင်တင်းရောဂါ အကြောင်းပြ၍ တွေ့ဆုံခွင့်မပေးသော်လည်း မြင်တွေ့ခဲ့ရသည့် စစ်ဆေးရုံအတွင်းရှိ ရဲ နှင့် စစ်သားများ၊ လူနာများအား ကိုဗစ်နိုင်တင်း အကာအကွယ်လုပ်ဆောင်ထားသည်ကို မတွေ့ရကြောင်း ယင်းအမျိုးသမီးက ပြောသည်။
“မနေ့က တစ်ဦးသေတာကို အကြောင်းမကြားဖို့ ကျွန်မကို သူတို့က ပြောတယ်လေ။ ကျွန်မက မိသားစုကို အကြောင်းကြားပေးခဲ့တယ်။ ဒီနေ့ ကျွန်မအမျိုးသားကိုပါ တွေ့ခွင့် မရတော့ဘူး”ဟု ၎င်းအမျိုးသမီးက ပြောသည်။
အဆိုပါအမျိုးသမီး၏ ခင်ပွန်းမှာ ဘယ်ဘက်လက်ဖျံ ကျည်ဖောက်ထွက်ကာ လက်ပွင့်ဒဏ်ရာဖြင့် စစ်ဆေးရုံတွင် ကုသရန် ရောက်ရှိနေခြင်းဖြစ်သော်လည်း ယနေ့အထိ ခွဲစိတ်ကုသမှု မလုပ်ရသေးကြောင်း ၎င်းထံမှ သိရသည်။
လူနာရှင်တို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိရန် ဆေးရုံ၊ စစ်တပ်ပြောခွင့်ရအရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ က အာဏာဖီဆန်မှု (CDM) ပြုလုပ်နေသည့် ရေကြောင်းဝန်ထမ်းများအား အတင်းအဓမ္မဖိအားပေးခိုင်းစေနေသည်ဟု ဆိုကာ မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းရှေ့၌ ဆန္ဒပြနေသော လူအုပ်ကိုတပ်နှင့်ရဲက အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့သည်။
၎င်းတို့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တို့ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် လူ နှစ်ဦးသေဆုံး၍ အများအပြားဒဏ်ရာရကာ လူ ၈၀ ကျော် အဖမ်းဆီးခံရသည်။
ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ခြင်းမဟုတ်ဘဲ ကယ်ဆယ်ရေးဆောင်ရွက်သည့် ယာဉ်များပါမရှောင် ပစ်ခတ်ခဲ့သည်ဟု ယင်းနေ့က ကယ်ဆယ်ရေးဆောင်ရွက်နေသူ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောသည်။
သေဆုံးခဲ့သူ ကိုရာဇာအောင်သည်လည်း ယင်းနေ့က ဖမ်းခံရချိန်တွင် ခန္ဓာကိုယ်အောက်ပိုင်း သေနတ်ဒဏ်ရာအား လက်ဖြင့်အုပ်ကာ အချုပ်ကားပေါ်တွင် ထိုင်နေခဲ့ရပြီး မြန်မာနိုင်ငံလူမှုကူညီရေးအသင်းနှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသူ ဒေါက်တာအေးငြိမ်းသူက ကုသပေးရန် တောင်းဆိုခဲ့သော်လည်း မရခဲ့ပေ။
“နောက်ဆုံး ကျွန်မ ငိုပြီးတောင်းပန်ခဲ့တယ်။ သူတို့ (တပ်နှင့်ရဲ) က ငြင်းတယ်။ ကျွန်မ မကယ်လိုက်နိုင်ဘူး”ဟု ဒေါက်တာအေးငြိမ်းသူက ဆိုသည်။
ဖမ်းဆီးခံရသူ ၈၀ ကျော်တွင် ကျည်ဆန်ထိမှန်၍ သေနတ်ဒဏ်ရာ ရရှိသူများလည်း ပါဝင်ခဲ့သည်။
၎င်းတို့အနက်မှ ၇၀ ဦးကိုလည်း တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မလေးခုဖြင့် အမှုဖွင့် ရမန်ယူထားပြီး လာမည့် မတ် ၅ ရက်တွင် ရုံးထုတ်ကာ တရားစွဲတင်သွားမည်ဖြစ်ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးထံမှ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










