"အာဏာသိမ်းအစိုးရ" ဟု မသုံးနှုန်းရန် စစ်ကောင်စီက ခြိမ်းခြောက်နေလင့်ကစား ဖြစ်ပေါ်နေသော အခြေအနေများကို ပကတိအတိုင်း လွတ်လပ်စွာ တင်ဆက်ကြမည်ဟု ပြည်တွင်းအခြေစိုက် သတင်းဌာန ၄၀ ကျော်က ယနေ့ ထုတ်ပြန်လိုက်သည်
သတင်းများ ရေးသားထုတ်ဝေရာတွင် "အာဏာသိမ်းအစိုး" ဟု မသုံးနှုန်းရန် စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ ပကတိအတိုင်း လွတ်လပ်စွာ ဆက်လက်ရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် မီဒီယာ ၄၀ ကျော် က ယနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် သတင်းဌာနများအနေဖြင့် 'အာဏာသိမ်း အစိုးရ'၊ 'စစ်အစိုးရ'၊ 'စစ်ကောင်စီ' ဟု သုံးနှုန်းခြင်းမပြုရန် ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး ထိုသို့ ဆက်လက်ရေးသားပါက ထုတ်ဝေခွင့်ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက သတိပေး ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့သည့် စာများသည် လွတ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ကို ထိပါးနေသည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၊ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၄ (က)ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြည်တွင်းအခြေစိုက် သတင်းဋ္ဌာနများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ကောင်စီသည် သတင်းမီဒီယာများ၏ ရေးသားထုတ်ဝေမှုများနှင့် ပတ်သက်၍ နှုတ်ဖြင့် တစ်ကြိမ်၊ စာဖြင့် နှစ်ကြိမ် သတင်းပေးပြောဆိုလာရာ လတ်တလော ရရှိနေသည့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ရုတ်လျော့သွားမည်ကို မလိုလားသောကြောင့် တပ်မတော်၏ သတိပေးခြိမ်းခြောက်မှုများကို တုန့်ပြန်ရခြင်းဖြစ်သည်ဟု 7 Day သတင်းစာ၊ အယ်ဒီတာချုပ် ဦးအားမာန်က ပြောသည်။
“မီဒီယာက အဖြစ်မှန်ကိုပဲ ပြောရတာ၊ လိမ်ညာပြီးပြောဖို့ မဟုတ်ဘူး။ လိမ်ညာပြီးပြောတာက ဝါဒဖြန့်ပေးနေတာ။ တကယ်အပြင်မှာ ဖြစ်ပျက်နေတာတွေကလည်း အကုန်သိတယ်။ ပြည်သူတွေကလည်း သိတယ်။ အဖြစ်မှန်နဲ့ ဆန့်ကျင်ပြီး မဟုတ်တဲ့ အသုံးနှုန်းတွေရေးဖို့ ဆိုတာမျိုးက မီဒီယာတွေမှာ ပြဿနာရှိတယ်။ အဲဒါကြောင့် အဖြစ်မှန်နဲ့ အပြင်မှာ တကယ်ဖြစ်နေတဲ့၊ ပြည်သူတွေနဲ့လည်း နီးတဲ့ အခြေအနေမှန်ကို ရေးဖို့ အသံထုတ်လိုက်တာ”ဟု ၎င်းက ပြောသည်။


စစ်ကောင်စီနှင့် ပတ်သက်သည့် သတင်းများတွင် စစ်ကောင်စီဟု သုံးရခြင်းမျိုးရှိသော်လည်း ပကတိဖြစ်ပေါ်နေသည့် အာဏာသိမ်းသည့် ဖြစ်စဉ်များတွင်မူ ‘အာဏာသိမ်းကောင်စီ’၊ ‘စစ်ကောင်စီ’၊ ‘စစ်အစိုးရ’၊ ‘အာဏာသိမ်းအစိုးရ’ ဟူသည့် အသုံးအနှုန်းများကို လှည့်လည်သုံးစွဲသွားမည်ဟု ဦးအားမာန်က ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ ပြောဆိုသတိပေးပြောဆိုချက်များ အားလုံးကို လက်ခံမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
သတင်းမီဒီယာများအနေဖြင့် 'အာဏာသိမ်းအစိုးရ' ဟု သုံးနှုန်းခြင်းမပြုရန်နှင့် ဆက်လက်သုံးစွဲနေပါက ထုတ်ဝေခွင့်ပိတ်ခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အလားတူ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဋ္ဌာနကလည်း သတင်းမီဒီယာများအနေဖြင့် 'အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်းအစိုးရဟု မမှန်မကန်သုံးနှုန်းခြင်းမျိုး အပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန်' ဖေဖော်ဝါရီ ၁၁ ရက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် သတင်းစာတိုက်အချို့ကို အကြောင်းကြားစာ ပေးပို့ခဲ့သည်။
စစ်ကောင်၏ခြိမ်းခြောက်မှုကို အံတုလျက် လွတ်လပ်စွာရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ရာတွင် လွတ်လပ်သော သတင်းဌာနအများအပြား ပါဝင်လာခြင်းက စစ်ကောင်စီ၏ ဖိအားပေးမှုများအပေါ် အတူတကွရင်ဆိုင်မည့် အနေအထားဖြစ်ကြောင်း ရန်ကုန်သတင်း စာပညာကျောင်းတည်ထောင်သူ ဦးရဲနိုင်မိုးက ပြောသည်။
“သတင်းမီဒီယာတွေက သူတို့ကျင့်ဝတ်နဲ့ ညီတယ်ဆိုရင် လွတ်လပ်စွာနဲ့ ပြည်သူတွေ၊ ပရိသတ်တွေအတွက် တင်ဆက်ခွင့်ရှိတဲ့အပေါ်မှာ တူတူညီညီ တုန့်ပြန်မယ်ဆိုတာ တွေ့ရတယ်။ တစ်ဖက်မှာလည်း အာဏာသိမ်းအုပ်စုရဲ့ ဖိအားကို သတင်းမီဒီယာတွေ အတူတကွတုန့်ပြန်သွားမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဖိအားပေးမှုများကြောင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၄ ဦးအထိ နုတ်ထွက်ခဲ့ရာ လက်ရှိတွင် ကောင်စီဝင်နှစ်ဦးသာ ကျန်ရှိတော့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













