မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်းတိုင်ရသည်

နိုင်ငံသားစိစစ်ရေးကတ်မပြနိုင်သူ ဧည့်စာရင်းတိုင်ခွင့်ရမည်မဟုတ်ကြောင်း သတိပေးစာ ကပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ရန်ကုန် - အိမ်တွင် ညအိပ်ဧည့်သည်ရှိလျှင်  အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်သတင်းပို့ပြီး တည်းခိုခွင့် တောင်းခံရခြင်းကို မည်သည့်နိုင်ငံတွင် တွေ့ရသနည်း။ မြန်မာနိုင်ငံတွင် တွေ့ရမည်ဟု ဖြေလျှင် မှန်ပါသည်။ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံတွင်ပင် ဤဓလေ့ ရှိချင်မှ ရှိမည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည်ဟူသော မြန်မာနိုင်ငံ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် ဧည့်စာရင်းတိုင်ကြရန် နှိုးဆော်ထားသည့် ကြော်ငြာကြီးများကို တွေ့ရမည်။

ဧည့်စာရင်း တိုင်ကြစေရန် စတင်ပြီး ဥပဒေပြုခဲ့သည့်ကာလမှာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၇ ခုနှစ်ကတည်းက ဖြစ်သည်။ ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့်   ကျေးရွာဥပဒေ၊ မြို့များဥပဒေတို့တွင်  ဧည့်သည်လာလျှင် ဧည့်စာရင်းတိုင်ကြားရမည် ဟု ဆိုထားသည်။ ထိုဥပဒေကို မြန်မာအစိုးရအဆက်ဆက်က အမွေဆက်ခံကာ အပြောင်းအလဲတချို့ ပြုလုပ်ပြီး ဆက်လက် ပြဋ္ဌာန်း ကြသည်။ ဧည့်စာရင်း တိုင်ကြားခြင်းမပြုပါက အိမ်ရှင်အား ထောင်ဒဏ် ၇ ရက် အထိ အပြစ်ပေးနိုင်ကြောင်း လက်ရှိဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကိုလိုနီခေတ်တွင် တော်လှန်ပုန်ကန်မှုများရှိ၍ အင်္ဂလိပ်တို့က ၎င်းတို့ အကျိုးစီးပွား၊ အုပ်ချုပ်မှု တည်မြဲရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေများပင် ဖြစ်သည်။

"ဟိုတုန်းကတော့ ဧည့်စာရင်း စစ်တယ်၊ အခုခေတ်မှာ မစစ်သလောက်ပါပဲ" ဟု ဆိုကာ ဧည့်စာရင်း တိုင်ကြားခြင်း မပြုဘဲ မနေဝံ့သူ အများအပြား ရှိသည်။   ဧည့်စာရင်းတိုင်ရမည်ဟူသော  အချက်ကို ဥပဒေတွင် မပယ်ဖျက်သေးသောကြောင့် ထိုသို့ တိုင်ကြားနေကြခြင်း ဖြစ်သည်။
 
ထိုအိမ်ရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်သူများမှာ  ဧည့်စာရင်းတိုင်စရာ မလိုပါ။ ဤအချက်ကလည်း အရေးကြီးသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုစာရင်းမှာ သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ အိမ်တစ်အိမ်တွင် ရှိသည်။ သူပိုင်ဆိုင်ရာ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် မရှိတော့ပါ။ သူ ငှားရမ်း နေထိုင်ရာ နေပြည်တော်ရှိနေအိမ်တွင်လည်း မရှိပါ။

ဥပဒေအရ ဆိုလျှင် သူက ရန်ကုန်အိမ်မှာပဲ ညအိပ်အိပ်၊ နေပြည်တော်အိမ်မှာပဲ အိပ်အိပ် ဧည့်စာရင်း တိုင်ရမည် ဖြစ်သည်။ သူ့အိမ်မှာ သူအိပ်တာ ဧည့်စာရင်းတိုင်စရာ လိုသေးသလားဟု မေးလျှင် ဥပဒေကို လက်ညှိုး ထိုးပြရတော့မည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဧည့်စာရင်း တိုင်သလား ဆိုသည်ကလည်း မေးသင့်သည့်အချက်ပင်။

မြန်မာနိုင်ငံတွင် ကိုယ့်အိမ်မှာ ကိုယ်အိပ်ပြီး ဧည့်စာရင်းတိုင်နေရသူ အများအပြားရှိသည် ဟူသော အချက်ကို ထောက်ပြလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေးရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ရခြင်းနှင့် အိမ်ထောင်စုစစ်ဆေးခြင်း အဆုံးသတ်ရေး အစီရင်ခံစာတစ်စောင် မတ်လအတွင်း ပြုစုပြီးစီးခဲ့သော အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့  Fortify Rights က မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာသော်လည်း အခြေခံလွတ်လပ်ခွင့်များမှာမူ ချိုးဖောက် ခံနေရသေးကြောင်း ဝေဖန်ခဲ့သည်။

“ဘယ်အစိုးရကမှ ကိုယ့်ရဲ့ နိုင်ငံသားကို မင်းမနေ့ညက ဘယ်မှာ အိပ်သလဲ၊ ဒီနေ့ည ဘယ်မှာ အိပ်မလဲ၊ ဘယ်လောက်ကြာကြာအိပ်မလဲဆိုတာမျိုး မေးခွင့် မရှိဘူး” ဟု Fortify Right ၏ အစီရင်ခံစာတွင် ရေးထားသည်။

ဧည့်စာရင်းတိုင်ရန် ဥပဒေပြဋ္ဌာန်းထားခြင်းမှာ ကြိုးနီစနစ် ဆက်လက် တည်ရှိစေပြီး အများပြည်သူကို စာရွက်စာတမ်းကိစ္စနှင့် နှိပ်စက်ထားသလို ဖြစ်နေသည်။

ရပ်ကွက်ရုံးနှင့် ရဲစခန်းထောက်ခံစာကဲ့သို့ စာရွက်စာတမ်းကိစ္စများအတွက် ဧည့်စာရင်း တိုင်ထားကြောင်း အထောက်အထား စာရွက်များက အသုံးဝင်သည်။

“လုံးဝ မတိုင်ဘဲ သုံးလေးလ ထားလိုက်ပြီး ပင်စင်အတွက် လိုလို့ ရပ်ကွက် ထောက်ခံစာ သွားလုပ်တဲ့ အခါမျိုးကျရင် လုပ်မပေးတော့ဘူး၊ ငွေလည်းပေး၊ တောင်းတောင်းပန်ပန်နဲ့ လုပ်ခိုင်းမှ ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အငြိမ်းစား ကျောင်းဆရာမ ဒေါ်စန်းစန်းက ပြောသည်။

အိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရန် အခွင့်အာဏာရှိသော တရားသူကြီးထံမှ ဝရမ်းမပါလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၂၊ ၁၀၃ တို့အရ ဝင်ခွင့်မရှိပေ။ သို့သော် ၂၀၁၂ ခုနှစ် ရပ်/ကျေးအုပ် ဥပဒေမှာမူ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့အား နေအိမ်များအတွင်း အချိန်မရွေး၊ အကန့်အသတ်မရှိ ဝင်ရောက်စစ်ဆေးခွင့် ပေးထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၅ နှင့် ဆန့်ကျင်နေခြင်းတို့က ဥပဒေပိုင်းအရ အငြင်းပွားဖွယ် ဖြစ်နေသည်ဟု ရှေ့နေဦးကိုနီက ဆိုသည်။

ဧည့်စာရင်း တိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံး အများစုတွင် စာရွက်စာတမ်းကြေး ပေးသွင်းရမည် ဖြစ်သည်။ ငွေလက်ခံရရှိကြောင်းတော့ ဖြတ်ပိုင်း ပြန်ပေးမည် မဟုတ်ပါ။

ဧည့်စာရင်း တိုင်ကြားသော်လည်း အုပ်ချုပ်ရေးမှူးရုံးက တည်းခိုရန် ခွင့်ပြုချက် မပေးသည့် ဖြစ်ရပ်မျိုးလည်း မကြာသေးခင် နှစ်များအတွင်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့နောက် ထိုအိမ်သို့ သွားရောက်စစ်ဆေးပြီး လူတချို့ကို ဧည့်စာရင်းမတိုင်မှုဖြင့် ထောင်ထဲ ထည့်ခဲ့ဖူးသည်။

ထို့ကြောင့် ဧည့်စာရင်း တိုင်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည်  မိမိ မနှစ်သက်သူကို ဒုက္ခပေးရာတွင် အသုံးပြုရန် ဒေသခံ အာဏာပိုင်တို့ကို အခွင့်အရေး ပေးထားသကဲ့သို့  ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading