မန္တလေးပစ်ခတ်မှုတွင် ဒဏ်ရာပြင်းထန်သူနောက်တစ်ဦး သေဆုံး

ကျည်သင့်ဒဏ်ရာဖြင့် ဖမ်းဆီးခံရပြီးသေဆုံးသွားသူ၏ ရုပ်အလောင်းကို ကိုဗစ်အကြောင်းပြချက်ဖြင့် မိသားစု တွေ့ခွင့်မရလိုက်ပေ

Published on Feb 24, 2021
စစ်တပ်နှင့် ရဲက ဆန္ဒပြနေသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အင်အားသုံး ဖြိုခွင်းဖမ်းဆီးခဲ့သည်။ (ဓာတ်ပုံ- Myanmar Now) 
စစ်တပ်နှင့် ရဲက ဆန္ဒပြနေသူများကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က အင်အားသုံး ဖြိုခွင်းဖမ်းဆီးခဲ့သည်။ (ဓာတ်ပုံ- Myanmar Now) 

လူ နှစ်ဦး သေဆုံးခဲ့သည့် မန္တလေးကမ်းနားလမ်းဆန္ဒပြသူလူအုပ်အား ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်တွင် ဒဏ်ရာပြင်းထန်သူနောက်တစ်ဦး သေဆုံးခဲ့သည်။ 

သေဆုံးသူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်သည် မန္တလေးမြို့၊ အရှေ့ပတ္တာရပ်ကွက်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ 

"ညနေ လေးနာရီက မိသားစုလေးယောက်ပဲ လာရမယ်ဆိုပြီး ကြာနီကန်မှာ သင်္ဂြိုလ်လိုက်တယ်။ အလောင်းကို အဝေးကပဲကြည့်ရတယ်။ ကိုဗစ်ကြောင့်သေတယ်လို့ ပြောတယ်။ ကျွန်မတို့က အလောင်းထုတ်ယူမယ်ဆိုတော့ မပေးဘူး။ ကိုဗစ်ကြောင့် ချက်ခြင်း သင်္ဂြိုလ်ရမယ်ပြောတယ်" ဟု သေဆုံးသူ၏ ဇနီးမဖြူဖြူဝင်းက ပြောသည်။ 

ဆက်လက်ပြီး "ကျွန်မတို့ သွားတဲ့မိသားစုလေးယောက်ကိုလည်း နှာခေါင်းတွေ ထိုးခံရတယ်၊ စစ်ဆေးတာ။ (ကိုဗစ်နဲ့သေတာကို) မယုံကြည်ဘူး။ သူတို့ ရိုက်တာ၊ နှက်တာ ဒဏ်ရာတွေနဲ့သေတာ။ ဒူးခေါင်းအထက်က သေနတ်မှန်တဲ့ဒဏ်ရာ ရှိတယ်။ ကျွန်မယောကျာ်းက ဖမ်းခံရတုန်းကလည်း ဘာကိုဗစ်မှ မရှိဘူး။ မကျေနပ်ဘူး။ မကျေနပ်ဘူးပဲ ပြောချင်တယ်"ဟု သေဆုံးသူ၏ အမျိုးသမီးက ပြောသည်။ 

ဒဏ်ရာများ

ကိုရာဇာအောင်သည် ခြေထောက် ကျည်ထိမှန်သောဒဏ်ရာကြောင့် စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားစဉ် ယနေ့ နံနက် ၁၀ နာရီခန့်က ဆုံးပါးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေလူနာတစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

“သေဆုံးတာ မှန်ပါတယ်ရှင့်၊ ကျွန်မပဲ မိသားစုကို ဆက်သွယ်ပေးလိုက်တာ၊ အလောင်းကို စစ်သားတွေ၊ ရဲတွေ ဝိုင်းစစ်နေကြတယ်။ ပတ်တီးစည်းထားတာတော့ မမြင်ရဘူး။ သူက ခြေထောက်သေနတ်မှန်ပေမယ့် ရိုက်ခံရတဲ့ဒဏ်ရာတွေရော ရှိတယ်”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်ဆေးရုံထံမှ အတည်ပြုချက် မရသေးပေ။

မန္တလေးကမ်းနားလမ်းဖြစ်စဉ်တွင် အခင်းဖြစ်နေ့က ဖမ်းဆီးခံရသူ ၈၃ ဦးအထိ ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်ကာ သုံးဦးကို စစ်ဆေးရုံတွင် အရေးပေါ်တင်ပို့ထားခြင်း ဖြစ်သည်။

“သေတာကို မပြောဖို့ သူတို့ ကျွန်မကို ပိတ်တယ်။ စစ်သားတွေနဲ့ အမှတ် (၇) က ရဲတွေ စောင့်နေတာ”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

လတ်တလောတွင် ၎င်း၏အမျိုးသားမှာလည်း လက်သေနတ်မှန်ပြီး လက်ပွင့်ဒဏ်ရာဖြင့် အရေးပေါ် ခွဲစိတ်ရန် လိုအပ်နေပြီး စစ်ဆေးရုံတွင် ဆေးမရှိဆိုကာ ဆေးဝယ်ခိုင်းနေသည်ဟု ၎င်းက ပြောသည်။ 

“ဆေးမရရင် ဖြတ်ပစ်ရမယ်လို့ ပြောတယ်။ အခု ပရဟိတဓါရီအသင်း အကူအညီနဲ့ ဆေးဝယ်နေပါတယ်၊ သူ (ခင်ပွန်း) ကတော့ စကားကောင်းကောင်း မပြောဘူး။ ကြောက်တယ်ပဲပြောနေတယ်”ဟု ခင်ပွန်းဖြစ်သူ၏ အခြေအနေကို ပြောသည်။

ဖမ်းဆီးအမှုဖွင့်ခြင်း

ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက သင်္ဘောများကို ထွက်ခွာရန် အမိန့်ပေးစဉ် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သော သင်္ဘောကျင်းဝန်ထမ်းများက လက်မခံခဲ့ကြပေ။ ဒေသခံများ သင်္ဘောကျင်းသို့ စုရုံးရောက်ရှိစဉ် စစ်တပ်နှင့် ရဲက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ 

ယင်းဖြစ်စဉ်တွင် လူ နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိ၍ လူ ၈၀ ကျော် အဖမ်းခံရသည်။ 

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် စိုးရိမ်ဒဏ်ရာရရှိသူများ ပါဝင်နေပြီး ၎င်းတို့၏အခြေအနေက မိသားစုက သိခွင့်မရဟု အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောသည်။

“အဲဒီနေ့က ခေါင်းကွဲတဲ့သူတွေ၊ ပစ်ခံရသူတွေကို ဆရာဝန်တွေ၊ ပရဟိတသမားတွေက ချုပ်ဖို့၊ ဆေးကုဖို့ တောင်းဆိုကြတာ။ အတင်းကားပေါ်ပစ်တင်သွားတာ။ တစ်ယောက်ဆို လက်ကြီးပွင့်ထွက်သွားတာတောင် ဆေးကုခွင့် မပေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါနေ့က ဖမ်းဆီးခံရသူ ၈၃ ဦးအနက် ၇၀ ဦးကို တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အပါအဝင်၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့်မညီသော အစုအဝေးတွင်ပါဝင်မှု)၊ ပုဒ်မ ၁၄၈ (သေစေလောက်သောလက်နက်ကို စွဲကိုင်၍ ရုန်းရင်းဆန်ခတ်ပြုမှု) ၊ ပုဒ်မ ၁၅၂ တို့ဖြင့် တရားစွဲဆိုရမန်ယူထားသည်။

“ပုဒ်မ လေးခုနဲ့ ရမန်ယူသွားတယ်လို့ပဲ နောက်နေ့မှ တရားရုံးက သိခဲ့ရတယ်။ နောက်လ (မတ်) ၅ ရက်နေ့ တရားစွဲတင်မှာ ”ဟု ရှေ့နေက ဆက်ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့က ဖြစ်စဉ်တွင် ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အသင်းတစ်ခုမှ တာဝန်ရှိသူက “အဲဒီနေ့က ဒဏ်ရာရလူနာတွေကို (စစ်တပ်နဲ့ ရဲက) ကောက်တင်သွားတယ်။ (ဒဏ်ရာ) ပြင်းထန်သူ သုံးဦးကိုတော့ စစ်ဆေးရုံကို ပို့တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီနေ့က ပစ်ပစ်ကယ်ကယ်ပဲ။ အသင်းကားတွေလည်း အပစ်ခံရတယ်။ ကျွန်တော်တို့လည်း ကျည်ဆန်တွေကြားက ထိတ်ထိတ်လန့်လန့်နဲ့ ကယ်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မကြာသေးမီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ပစ်ခတ်မှုဖြစ်သောနေ့က သေဆုံးသွားသော မန္တလေး စိန်ပန်းရပ်ကွက်မှ  ၃၆ နှစ်အရွယ် ကိုသက်နိုင်ဝင်း (ခ) ကိုမင်းမင်းနှင့် ၁၆ နှစ်သား မောင်ဝေယံထွန်းတို့၏ နာရေးကို ယနေ့ မန္တလေးမြို့နှင့် မြစ်သားမြို့တို့တွင် ပြုလုပ်ခဲ့သည်။ 

ယင်းနေ့က ထိခိုက်ဒဏ်ရာသူများအနက်  ၅ ဦးမှာ ပြင်းထန်သဖြင့် ၎င်းတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနနှင့် ခွဲစိတ်ခန်းတို့တွင် မြို့ခံ ခွဲစိတ်ဆရာဝန်များ၊ အရိုးဆရာဝန်များက အရေးပေါ် ခွဲစိတ်ကုသခဲ့ရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading