လူထုအုံကြွမှုတပ်ဦးမှ အလုပ်သမားများ

အာဏာသိမ်းခါစ ရက်ပိုင်းအတွင်း အံ့အားသင့်နေကြချိန်တွင် လမ်းပေါ်ထွက်ပြီး အာဏာရှင်စနစ် ဆန့်ကျင် ကန့်ကွက်မှုကို  အစပြုလိုက်သူတို့မှာ ခေတ်အဆက်ဆက်တွင် နိုင်ငံ၏ အရေးကြီး အင်အားစုဖြစ်ခဲ့သော အလုပ်သမားများ ဖြစ်ကြသည် 

ဖေဖော်ဝါရီလ ၆ ရက်နေ့ လှည်းတန်းတွင် တရားဟောနေပုံ

စစ်တပ်က အာဏာသိမ်းပြီး ခြောက်ရက်မြောက် ဖေဖော်ဝါရီ ၆ နံနက်ခင်းတွင် ရာထောင်ချီသော အလုပ်သမားများသည် ရန်ကုန်မြို့ အင်းစိန်လမ်းမတစ်နေရာသို့ ဒိုင်နာကားများဖြင့် အလျှိုလျှိုစုရုံးရောက်ရှိလာသည်။

ထမင်းချိုင့်ကိုယ်စီဆွဲလာသော အလုပ်သမ အများစုပါဝင်သည့် စက်ရုံအသီးသီးမှ အလုပ်သမားသုံးထောင်ကျော်သည် စုရပ်မှ လမ်းလျှောက် ချီတက်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကို စွန့်စွန့်စားစား စတင်လိုက်ကြသည်။

“စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ဟု တညီတည်းကြွေးကြော်ကာ ချီတက်လာသူတို့သည် မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) နှင့် ဆက်စပ်နေသော အလုပ်သမားများဖြစ်သည်။

အလုပ်သမားတို့ လမ်းပေါ် စွန့်စားပြီး ထွက်ခဲ့ခြင်းမှာ မတရားမှုကို တွန်းလှန်ရေးအတွက်ဖြစ်သည်ဟု ထိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ  မမိုးစန္ဒာမြင့်က ပြောပြသည်။

“စစ်အာဏာသိမ်းသွားတဲ့အချိန်မှာ ဒါကြီးက အလုပ်သမားထုအတွက် မတရားမှု မဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးရဲ့ မတရားမှုကြီးရယ်လို့ အားလုံးက ခံယူကြတယ်၊ အားလုံးကလည်း ရှုတ်ချတယ် မကျေနပ်ကြဘူး” ဟု ၎င်းကဆိုသည်။

ဤသို့ဖြင့် နိုင်ငံအတွက် သမိုင်း၀င်မည့် ၂၀၂၁ ဖေဖော်၀ါရီ လူထုအုံကြွလှုပ်ရှားမှုတွင် အလုပ်သမားတို့သည် ထိပ်ဆုံးမှာ အစပြု ပါ၀င်လာကြသည်။

မိတ်ဖက်များနှင့် တိုင်ပင်ခြင်း

ဖေဖော်ဝါရီ ၁ တွင် စစ်တပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး အမှောင်ထုသို့ရောက်ခဲ့ရသည့် အခြေအနေတွင် ပြည်သူလူထု၏ ရင်တွင်းမကျေနပ်မှု အစိုင်အခဲများ ရှိနေသော်လည်း လမ်းမပေါ် ထွက်လာရန် ရက်အနည်းငယ် ကြာခဲ့သည်။

အာဏာသိမ်းပြီး သုံးရက်မြောက်နေ့တွင် အလုပ်သမားအဖွဲ့အစည်းများ အစည်းအဝေးထိုင်ပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် ဆုံးဖြတ်ချက်များချခဲ့ကြသည်ဟု မမိုးစန္ဒာမြင့်က ပြောသည်။

ထိုဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၄ တွင် စက်ရုံ ၁၀ ခုမှ အလုပ်သမားများသည် လုပ်ငန်းခွင်တွင်ပင် အာဏာရှင် ဆန့်ကျင်ရေး သင်္ကေတ လက်သုံးချောင်းထောင်၊ ကမ္ဘာမကြေဘူး သီချင်းသီဆိုပြီး ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။

နောက်တစ်နေ့တွင် အလုပ်သမားအများအပြားနေထိုင်ရာ လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် အာဏာဖီဆန်ရေး CDM ကို  ထောက်ခံအားပေး လှုံ့ဆော်မှု  ပေါ်ပေါက်လာရာ ဟန့်တားမှုနှင့် ရင်ဆိုင်ရသည်။ 

“အလုပ်သမားတွေက စစ်အာဏာရှင်စနစ်ရဲ့ မတရားမှုတွေကို လုံးဝမကြိုက်ဘူး။ လုပ်ငန်းခွင်မပျက် CDM လုပ်တာတောင်မှ သူတို့တွေက ချက်ချင်းကြီး ဖိအားတွေ ပေးလာတဲ့အပေါ်မှာ အလုပ်သမားတွေက ပိုပြီးတော့ ခံပြင်းလာတယ်” ဟု မမိုးစန္ဒာမြင့်က ထိုနေ့က အခြေအနေကို ရှင်းပြသည်။

ထိုနေ့တွင်ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (UYSU)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)၊ နိုင်ငံရေးတက်ကြွသူလူငယ်အချို့တို့နှင့် အရေးပေါ်စည်းဝေးပြီး   လှုပ်ရှားမှု စတင်ရန် ယာယီဆုံးဖြတ်ခဲ့သည်။

“လူထုလှုပ်ရှားမှုလုပ်တဲ့အခါမှာ လိုချင်တဲ့(လူဦးရေ) အရေအတွက် ရတယ်ဆိုရင် ထွက်မယ်ဆိုပြီး ဆုံးဖြတ်ချက်အနေနဲ့ ယာယီထားလိုက်တယ်” ဟု မမိုးစန္ဒာမြင့်ကပြောသည်။

၆ ရက်နေ့ နံနက်စောစောတွင်မှ FGWM က အလုပ်သမားသုံးထောင်ကျော် စုစည်းမိသည့်အတွက် ပါရမီစိန်ဂေဟာကို စုရပ်လုပ်ကာ လှည်းတန်းကိုချီတက်မည့် အစီအစဉ်ကို နံနက် ၇ နာရီတွင် အတည်ပြုလိုက်ကြသည်။

ထိုလှုပ်ရှားမှုတွင်  STUM မှ ကိုကျော်ကျော်, ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ကျောင်းသားအချို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ မအိသဉ္ဇာမောင်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကိုနှင့် လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ပူးပေါင်းခဲ့သည်။

ထိုနေ့က အလုပ်သမားစစ်ကြောင်း ချီတက်လာရာ လမ်းတလျှောက် ပြည်သူအချို့ကလည်း ပူးပေါင်းချီတက်ခဲ့သည်မှာ လှည်းတန်းဂုံးကျော်တံတားမရောက်မီ ရဲအင်အားအလုံးအရင်းဖြင့် လာရောက်တားဆီးသည့်အချိန်ထိဖြစ်သည်။

မွန်းတည့်နေပူပူအောက်မှ   အလုပ်သမားစစ်ကြောင်း လှည်းတန်းသို့ရောက်ရှိလာချိန်တွင် ရပ်ကွက်နေပြည်သူများ၊ လမ်းသွားလမ်းလာများ စုပေါင်းလာပြီး လူဦးရေ သောင်းဂဏန်းအထိ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။ 

ရဲတပ်ဖွဲ့က ဆက်လက်ပိတ်ဆို့ထားချိန်တွင်   အလုပ်သမားများက စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး ဆက်လက်ကြွေးကြော်ပြီး လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာကြသည်။

အလုပ်သမားစစ်ကြောင်းသည် နေ့လယ်တစ်နာရီခန့်အချိန် မူလစုရပ်သို့မရောက်မီတွင် လူစုခွဲလိုက်ကြသည်။

ထိုအချိန်၌ လှည်းတန်းလမ်းဆုံရောက် လူစုသည် တဖြည်းဖြည်းအင်အားကောင်းလာပြီး ထောင်ဂဏန်းအထိ တိုးလာခဲ့သည်။ ရဲများကလည်း စည်းသုံးစည်းတားကာ ဆက်လက်ပိတ်ဆို့ထားပြီး လူထုကလည်း စည်းမကျော်ဘဲ ကြွေးကြော်သံများတိုင်ခြင်း၊ သီချင်းသီဆိုခြင်းဖြင့် ညနေ လေးနာရီကျော်အထိ ဆက်လက် ဆန္ဒပြခဲ့ကြသည်။

အရေးတော်ပုံကြားက အလုပ်သမားများ၏ အခက်အခဲ

စစ်အာဏာသိမ်းမှု တစ်လပြည့်တော့မည်ဖြစ်ရာ ပြည်နယ်နှင့်တိုင်းအသီးသီးမှ မြို့ကြီးမြို့ငယ်များတွင် လူထုက နေ့စဥ် လမ်းပေါ်ထွက်နေကြသည်။ ရန်ကုန်ရှိ စက်ရုံအလုပ်ရုံများမှ သောင်းနှင့်ချီသော အလုပ်သမားထုကို စစ်အာဏာရှင်ကျဆုံးရေး လမ်းပေါ်သပိတ်တိုက်ပွဲများတွင် ယနေ့အထိ နေ့စဉ်မပြတ် တွေ့မြင်နေရသည်။

သို့သော် တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ် သာရရှိသည့် အခြေခံအလုပ်သမားလူတန်းစားသည် အနာဂတ်ကောင်းမွန်ရေး ရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်နေကြရသည်ဟု မမိုးစန္ဒာမြင့်ကပြောသည်။ 

“ဒီအချိန်မှာ အလုပ်ထုတ်တာတွေ၊ အလုပ်ပြုတ်တာတွေ၊ လစာမရတာတွေကို သူတို့က တွေးမပူတော့ဘူး။ မစဉ်းစားတော့ဘဲနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ပဲ သူတို့ရှိနေကြတာကို ကျွန်မတို့ တွေ့ရတယ်၊ အင်မတန်မှလည်း အလုပ်သမားတွေကိုလေးစားတယ်၊ ဂုဏ်လည်းဂုဏ်ယူတယ်” ဟု ၎င်းကထပ်ပြောသည်။

အလုပ်သမားများသည် အစိုးရအဆက်ဆက် အဖိနှိပ်ခံများဖြစ်ခဲ့ရာ လမ်းပေါ်သပိတ်တိုက်ပွဲများ မကြာခဏ ဖော်ဆောင်ရသူများဖြစ်သည်၊  

NLD အစိုးရ ငါးနှစ်တာကာလတွင်လည်း အလုပ်သမားထုအတွက် ပြုပြင်ပြောင်းလဲမှု ထင်သလောက်မရှိဘဲ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတချို့ ထိန်းသိမ်းခံခဲ့ရသည်။  

ဥပဒေအရလည်း အပြည့်အဝ ကာကွယ်မှုမရသည့် အလုပ်သမားများသည် ၎င်းတို့ဘက်တွင် ရပ်တည်မှု မပေးသည့် ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများနှင့်သာ တွေ့ကြုံခဲ့ရသည့်အတွက် စစ်အာဏာရှင်စနစ် တိုက်ဖျက်သည့် ၂၀၂၁ တွင် ရှေ့တန်းကထွက်ခဲ့ခြင်းဖြစ်ကြောင်း မမိုးစန္ဒာမြင့်က ဆက်ပြောသည်။ 

“အခြေခံသမဂ္ဂအားကောင်းတဲ့ စက်ရုံတွေကျတော့   CDM မှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်ပေးကြတာ ရှိသလို အများစုကတော့ လစာမဲ့ခွင့်နဲ့ စက်ရုံတွေပိတ်ထားတာမျိုးလည်းတွေ့ရတယ်” ဟု  မမိုးစန္ဒာမြင့်က ရှင်းပြသည်။  

“သူတို့ရဲ့ နောက်ကွယ်မှာ မိသားစုတွေ ရှိကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့အတွက် သူတို့ရဲ့အနီးစပ်ဆုံး အိမ်လခတွေ အဆောင်လခတွေရှိတယ်ပေါ့နော် ဒါတွေလည်း ကျွန်မတို့မှာပူရတယ်” ဟု ၎င်းကဆိုသည်။ 

ဆန္ဒပြနိုင်ရေးအတွက်  ခွင့်ပေးရန် အလုပ်ရှင်ကို  ညှိနှိုင်း၍မရသောကြောင့် ၎င်းတို့အနေဖြင့် ဥပဒေပါခွင့်ရက်များ အသုံးပြုပြီး လမ်းပေါ်ထွက်နေရကြောင်း၊ ယခုလကုန်လျှင် ဆက်ပြီးတောင့်ခံရမည့် အရေးကို စိုးရိမ်နေရကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲရင့်ကပြောသည်။ 

“အလုပ်သမားတွေကတော့ ဒီတစ်လကိုပဲ မြင်ထားကြတာပေါ့။ ဒီတစ်လမှာတော့ ငါတို့(လစာ)ရချင်ရ မရချင်နေ။ လွတ်လပ်တဲ့ဒီမိုကရေစီရဖို့အတွက် ငါတို့လမ်းပေါ်ထွက်ပြီးတိုက်မယ်ဆိုတဲ့အနေအထားနဲ့ပဲ တက်တာပေါ့” ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိတွင် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမား တစ်သိန်းခန့်သည် လမ်းပေါ်တွင် တိုက်ပွဲဝင်နေသည်ဟု ၎င်းက ခန့်မှန်းသည်။

ရန်ကုန်ဆန္ဒပြပွဲများတွင်  အလုပ်သမား ခြောက်သိန်းခန့်   ပါဝင်နေပြီဟုလည်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

အနစ်နာခံခြင်း

မြန်မာတွင်သာမက ကမ္ဘာ့သမိုင်းကိုပါ ပြန်လှန်ကြည့်ပါက ခေတ်အဆက်ဆက် နိုင်ံငံအပြောင်းအလဲဖော်ဆောင်ရာတွင် လူဦးရေထုထည်အများဆုံးဖြစ်သည့် အလုပ်သမားမပါဝင်ခဲ့သည့် တော်လှန်ရေးမရှိဟု ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် We Generation Network မှ ရုံးမန်နေဂျာ   ကိုဝဏ္ဏစိုးကပြောသည်။  

"နိုင်ငံ တစ်စုံတစ်ရာ ကံဆိုးမိုးမှောင်ကျနေတဲ့အချိန်မှာ အများဆုံးအနစ်နာခံမှာက အလုပ်သမားတွေ ပဲဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်အခွင့်အရေးအတွက်ရော အမှန်တရားအတွက်ရော အလုပ်သမားတွေက ရှေ့ဆုံးက ပါဝင်ဖို့လိုတယ်" ဟု ၎င်းကဆက်ပြောသည်။

စစ်အာဏာသိမ်းလိုက်သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ ပြန်ထွက်သွားသကဲ့သို့ အသစ်ဝင်လာမည့်အခြေအနေလည်းမရှိတော့သဖြင့် အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ပိုကြုံလာရဖွယ်ရှိသည်ဟု သူက ယူဆသည်။

"ဒီတိုက်ပွဲကို မဖြစ်မနေတိုက်ဖို့လိုသလို လုပ်ငန်းရှင်ထဲမှာမှ စစ်အာဏာရှင်ကို ပံ့ပိုးပေးနေတဲ့ လုပ်ငန်းရှင်မျိုးကိုပါ ကျွန်တော်တို့ တိုက်ထုတ်ရမှာဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ထောက်တိုင်ကိုပါ ကျွန်တော်တို့ ရိုက်ချိုးရမှာဖြစ်တယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့ဘဝဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ တစ်ခါပြန်ပြီးကျရောက်ဦးမယ်။ ဒုက္ခ သုက္ခတွေ ရောက်ကြဦးမယ်" ဟု ကို၀ဏ္ဏစိုးကအကြံပြုသည်။

မြန်မာ့သမိုင်းတွင် ရေနံမြေ အလုပ်သမားများက စတင်ခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ၁၃၀၀ ပြည့် အရေးတော်ပုံသည် ဥဒါန်းတွင်ခဲ့သည်။ 

ရေနံမြေအလုပ်သမားများ၏ နစ်နာတောင်းဆိုချက်များကို ဘီအိုစီ ရေနံကုမ္ပဏီက ဆယ်လတိုင်တိုင် တင်းခံနေသောကြောင့် နယ်ချဲ့အစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့သို့ ကိုယ်တိုင်သွားရောက်တောင်းဆိုရန် အလုပ်သမားများကဆုံးဖြတ်ခဲ့ကြသည်။

၁၉၃၈ ခုနှစ် နိုဝင်ဘာ ၃၀ (မြန်မာနှစ် ၁၃၀၀ ပြည့်နှစ်) တွင် ထောင်ချီသောရေနံမြေအလုပ်သမားထုသည် ချောက်မြို့မှ ရန်ကုန်မြို့သို့ ခြေကျင်ခရီးကြမ်းကို စတင်ချီတက်ခဲ့သည်။

ရှေ့ဆုံးတန်းတွင် သုံးရောင်ခြယ်အလံကို လွှင့်ထူလျက် နောက်တွင်စည်တော်ကို ရွှမ်းပြီးလျှင် တရားသဖြင့် သပိတ်မှောက် တောင်းဆိုရန် ချီတက်လာသည့် အလုပ်သမားများကို ပြည်သူလူထုက သိမ့်သိမ့်တုန်အောင် အားပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများကဆိုသည်။

အလုပ်သမား အခွင့်အရေး တောင်းဆိုသည့် ၁၃၀၀ ပြည့် အရေးတော်ပုံသည် ဖမ်းဆီးနှိမ်နင်းခြင်းများခံခဲ့ရပြီးနောက် ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင်များက လာရောက်ပူးပေါင်းခဲ့ပြီး ရန်ကုန်ရောက်သည်အထိ ဆက်လက်ချီတက်ခဲ့သည်။

ရွှေတိဂုံစေတီရင်ပြင်တွင် စခန်းချခဲ့သည့် ရေနံမြေသပိတ် အရေးတော်ပုံတပ်ကြီးနှင့်အတူ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ ပြည်သူပြည်သားများက တော်လှန်ရေးကို ညီညီညာညာဆင်နွှဲပြီး သပိတ်ပေါင်းစုံ လူထုအစည်းအဝေးကို ၁၉၃၉ ဇန်နဝါရီ ၈ တွင် ကျင်းပခဲ့သည်။

လူထုအစည်းအဝေးက ချမှတ်လိုက်သည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူလူထုအားလုံး၏ တောင်းဆိုချက်များအတိုင်း မြန်မာပြည်အမြို့မြို့အရွာရွာတွင် လူထုအစည်းအဝေးပွဲများကျင်းပလျက် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။

ထိုအရေးတော်ပုံသည် ၂၀၂၁ တွင် ၈၂ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

ယခု ၂၀၂၁ အရေးတော်ပုံတွင် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖမ်းဆီးထားသောခေါင်းဆောင်များအမြန်ဆုံးလွတ်မြောက်ရေးကို ကိုင်စွဲကာ  FGWM က  တိုက်ပွဲဝင်သွားမည်ဟု မမိုးစန္ဒာမြင့်ကပြောသည်။

“ကိုယ်ချထားတဲ့မူနဲ့တူတဲ့အဖွဲ့တွေနဲ့တော့ ကျွန်မတို့က လက်တွဲပြီးတော့ လုပ်သွားဖို့တော့ အစီအစဉ်ရှိတယ်” ဟုလည်း ၎င်းကထပ်ပြောသည်။

“ကျွန်မတို့အလုပ်သမားတွေက အင်မတန်မှ ရိုးသားကြတယ်။ အလုပ်သမားတွေက နိုင်ငံရေးမှာ ပါဝင်တယ်ဆိုတာ အာဏာလိုချင်လို့မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ ဖိနှိပ်ခံဘဝကို ပြောင်းလဲပေးနိုင်တယ်ဆိုရင်ပဲ ကျွန်မတို့အလုပ်သမားတွေက ကျေနပ်တယ်” ဟု မမိုးစန္ဒာမြင့်က ပြောလိုက်သည်။

 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading