သတင်း

တိုက်ရိုက်တင်ဆက်မှု – ဖေဖော်ဝါရီ ၂၄

၁၅ : ၂၈ – ရန်ကုန်လူထုဇွဲကောင်းဆဲ

နံနက်ပိုင်းကတည်းက ရဲတပ်ဖွဲ့ပိတ်ဆို့ထားသည့် ရန်ကုန်မြို့လယ်၊ ဆူးလေတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူများက ယခုတိုင်ထိုင်သပိတ်ဆင်နွှဲနေသည်။

ရန်ကုန်မြို့လယ်ကောင်၌ ထိုင်သပိတ်ဆင်နွှဲနေသည့် ပြည်သူများ။ ဓာတ်ပုံ – Myanmar Now

ရန်ကုန် ဆူးလေတွင် ဆန္ဒပြနေသူများ

၁၄ : ၄၅ – သေနတ်သမားကြောင့် ကွယ်လွန်ခဲ့ရသည့် ပြည်သူတစ်ဦး၏ နာရေး

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက် လုံခြုံရေး ကင်းစောင့်စဉ် လုံခြုံရေးများက သေနတ်ပစ်ခံရ၍ သေဆုံးသွားသော အသက် ၃၀အရွယ် ကိုတင်ထွဋ်ဟိန်း (ခ) ပလီမ နာရေးကို ယနေ့ကျူချောင်သုသာန်၌ ပြုလုပ်နေသည်။

၁၄ :  ၄၀ – သေနတ်ပစ်ခံရသည့် နေရာသို့ မန္တလေးသံဃာများ ဦးဆောင်ချီတက်

မန္တလေးကမ်းနားလမ်း မောင်ဝေယံထွန်းပစ်ခတ်ခံရသည့်နေရာသို့ သံဃာတော်များဦးဆောင်သည့် တပ်ပေါင်းစုသပိတ်စစ်ကြောင်းများက ချီတက်လာသည်။

၁၄ :၃၀ – စစ်ကောင်စီခန့်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လက်မခံကြောင်း ဆန္ဒပြနေကြ

ရန်ကုန်နှင့် မြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်းဆန္ဒပြနေကြသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာအုပ်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်းဆန္ဒပြနေကြစဉ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊

၁၃ : ၂၄ ဂျပန်သံရုံးအနီးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရန် ကြိုးပမ်း

ရန်ကုန် နတ်မောင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနီးတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူ ၃၀ ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြိုခွင်းရန် ဖေဖော်ဝါရီ ၂၄ က ကြိုးပမ်းခဲ့သည်။

သံရုံးရှေ့သွားရာလမ်းကိုတော့ ယနေ့မနက်ပိုင်းကတည်းက ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတာဖြစ်သည်။ဂျပန်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသူများအား သံရုံးအနီးတွင် ဆန္ဒပြခြင်းမပြုရန် 

ယနေ့ မနက်ပိုင်းကတည်းက  ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ပြီး နံနက် ၁၁ နာရီလောက်မှာ ဆန္ဒပြနေသည့် ပြည်သူများကို အင်အားသုံးဖြိုခွင်းရန် ရဲတပ်ဖွဲ့က ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ 

ဒိုင်းများကာရံ၍ အင်အားသုံးဖြိုခွင်းရန်  ရဲတပ်ဖွဲ့ဝင်များချီတက်လာချိန်တွင် ဆန္ဒပြသူများက သံရုံးအနီးမှာ ထွက်ပြေးခဲ့ကြရပြီး ဖမ်းဆီးခံရသူမရှိခဲ့ပေ။ 

ယင်းသို့ ဖမ်းဆီးရန် မကြိုးပမ်းခင်က ဂျပန်သံရုံးအနီးက ဆန္ဒပြပွဲကို သွားရောက်သတင်းရယူသည့် Myanmar Nowသတင်းထောက်ကို အခြေအနေမကောင်းတော့ဘူး။ ဒီနားမှာ မနေနဲ့။ (ဖြိုခွင်းမယ့် ရဲတွေရဲ့) ဖိနပ်တွေကို သေချာကြည့်”ဟု လုံခြုံရေးကားပေါ်တွင် ရှိနေသည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အသိပေးပြောဆိုခဲ့သည်။

ဆန္ဒပြသူများကို ဖမ်းဆီးရန် ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေထောက်တွင် စစ်ဖိနပ်ဝင်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ဂျပန်သံရုံးအနီးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရန် ကြိုးပမ်း

၁၃ : ၂၅ – သပိတ်မှောက်သူ ၇ဦး မင်းဘူးတွင်ဖမ်းဆီးခံရ

ယနေ့ နံနက် မင်းဘူးမြို့ ဆေးရုံကြီးနားတွင် ထိုင်သပိတ်ပြုလုပ်နေသောပြည်သူများကို ဆေးရုံထဲရှိ CDM မလုပ်သော သူနာပြုနှစ်ဦးက ရဲစခန်းသို့ တိုင်ကြားသဖြင့် သပိတ်မှောက်သူ ၇ ဦး အဖမ်းခံရသည်။

အဖမ်းခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်သူများက ရဲစခန်းရှေ့တွင် သွားရောက်တောင်းဆိုသော်လည်း ယခုထိ မလွှတ်ပေးသေးကြောင်း မင်းဘူးမြို့ခံတစ်ဦးက သတင်းပေးပို့လာသည်။

၁၃ : ၀၀ – နေပြည်တော်သတင်းထောက်များကို ရဲနှင့်စစ်သားတို့ ထပ်မံခြိမ်းခြောက်

နေပြည်တော်၊ ပျဉ်းမနားမြို့အတွင်း စစ်ကောင်စီဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ၏ လှုပ်ရှားမှုကို လိုက်လံသတင်းယူနေသည့် သတင်းထောက်များကို ပစ်မှတ်ထားဖမ်းဆီးရန် ယနေ့(ဖေဖော်ဝါရီ ၂၄) မွန်းလွဲမတိုင်မီတွင် ရဲနှင့်စစ်သားများက ထပ်မံကြိုးပမ်းခဲ့ပြန်သည်။

လွန်ခဲ့သည့် နှစ်ရက် ဆန္ဒပြပြည်သူ ရာချီ ဖမ်းဆီးခံရသည့် နေပြည်တော်ပျဉ်းမနားမြို့၌ လူသိန်းချီ၍ ‘၂ ငါးလုံး’ စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွင်လည်း သတင်းထောက်များကို ရဲနှင့်စစ်သားတို့က ထိုသို့ပြုမူခဲ့သေးသည်။

နေပြည်တော်တွင် ယခုအချိန်အထိ သတင်းထောက်များဖမ်းဆီးခံရခြင်းမရှိသေးပေ။

ပျဉ်းမနားမြို့အတွင်း ဖေဖော်ဝါရီ ၂၄က လှည့်လည်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – Myanmar Now

၁၂ : ၁၀ – မောင်ဝေယံထွန်း၏နာရေးမြင်ကွင်း

မန္တလေးတွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ အင်အားသုံး ဖြိုခွင်းမှုကြောင့် သေဆုံးသွားခဲ့ရသည့် အသက် ၁၇ နှစ်အရွယ် မောင်ဝေယံထွန်း၏ နာရေးအခမ်းအနားကို ယနေ့ မြစ်သားမြို့ရှိ မိသားစုနေအိမ်တွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ တွင် ရတနာပုံသင်္ဘောကျင်းအနီးတွင် ဆန္ဒပြလူစုကို တပ်နှင့်ရဲက အင်အားသုံးဖြိုခွင်းခဲ့ရာ၌ မောင်ဝေယံထွန်းသည် ဦးခေါင်းထိမှန်ကာ နေရာမှာပင် သေဆုံးခဲ့သည်။ ၎င်းအပြင် အခြားလူတစ်ဦးပါ ကျည်ထိသေဆုံးခဲ့ပြီး ၁၄ ဦးခန့် ဒဏ်ရာရခဲ့သည်။

ထို့နောက် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ ဖေဖော်ဝါရီ ၂၁ ညနေ ၄ နာရီခွဲခန့်တွင် ထုတ်ယူခွင့်ရရှိခဲ့ပြီး ယင်းနေ့မှာပင် ကျေးရွာသုသာန်၌ ဂူသွင်းခဲ့သည်။

ဦးခေါင်း ကျည်ထိမှန်၍ သေဆုံးခဲ့သည့် မောင်ဝေယံထွန်း၏ နာရေးအခမ်းအနား

၁၂ : ၀၀ – စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု၊ မော်လမြိုင် 

မော်လမြိုင်မြို့ ဒေါင်းမင်းလမ်း အပေါ်စီးမြင်ကွင်း။

စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု၊ မော်လမြိုင် 

၁၁:၄၀ – နယ်မြို့များတွင်လည်း စစ်ကောင်စီဆန့်ကျင်ရေး ဆက်လက်လှုပ်ရှားနေ

မြင်းခြံ – မြင်းခြံမြို့နယ်အတွင်းရှိ အစိုးရရုံးဌာနများရှေ့သို့ စစ်ကောင်စီဆန့်ကျင်ရေးသူများ စုဝေး ဆန္ဒပြကြသည်။

မြင်းခြံမြို့နယ် လူမှုဖူလုံရေးရုံး/စီမံကိန်းရုံး/လ.ဝ.ကရုံး ကညနရုံးများရှေ့သို့ လူထုက သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။

တောင်ငူ – တောင်ငူမြို့နယ်ပညာရေးဝန်ထမ်းများ နှင့် ဌာနဆိုင်ရာ အချို့၊  မြို့ခံပြည်သူလူထု သောင်းဂဏန်းခန့်သည် တောင်ငူမြို့တွင်း ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

တမူး – တမူးဒေသခံများနှင့် အတူ ပန်းထိမ်ပညာရှင်များ ဦးဆောင်၍ ဆက်လက်ဆန္ဒပြလျက်ရှိသည်။ 

စစ်တိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ယနေ့လူထုဆန္ဒပြလှုပ်ရှားမှု။

၁၁ : ၃၅ – အမေစုပြန်လာမှကျောင်းတက်မည်

အာဏာဖီဆန်ရေးလှုပ်ရှားသူ (CDM) အစိုးရဝန်ထမ်းများပါဝင်သည့် အင်အားထောင်ဂဏန်းရှိ သပိတ်စစ်ကြောင်းများ မြစ်သားမြို့အတွင်းလှည့်လည်နေသည်။ အဆိုပါဆန္ဒပြပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများလည်းပါဝင်ပြီး ‘အမေစုပြန်လာမှ ကျောင်းတက်မည်’ ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ဆန္ဒပြနေကြသည်။

အမေစုပြန်လာမှ ကျောင်းတက်မည် – မြစ်သားမြို့

၁၁ : ၂၅ – ၂၀၀၈ ခြေဥဖျက်သိမ်းရေး လှုံ့ဆော်

မန္တလေးမြို့ ၇၃လမ်း၂၉လမ်းတွင် ပြုလုပ်နေသည့် တပ်ပေါင်းစုထိုင်သပိတ်တွင် ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးဟောပြောနေသည်။


၁၁ : ၂၀ – စစ်ကိုင်းသပိတ်

စစ်တိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင်လည်း စစ်ကောင်စီဆန့်ကျင်ရေး ယနေ့ ဆက်လက် ဆန္ဒပြနေသည်။

စစ်တိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ယနေ့လူထုဆန္ဒပြလှုပ်ရှားမှု။

၁၁ : ၁၀ စင်ကာပူသံရုံးရှေ့တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံးရုံးရှေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်များက ဆန္ဒပြလျက်ရှိသည်။ သံရုံးရှေ့ သွားသည့် လမ်းကိုမူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်။

 

စင်ကာပူသံရုံးရှေ့

၁၀ :၄၅ – Umbrella Campaign

“Umbrella Campaign” ဟု အမည်ပေးထားသည့် စစ်ကောင်စီတော်လှန်ရေးလှုပ်ရှားမှုတစ်ခုကို ယနေ့ (ဖေဖော်ဝါရီ ၂၄) နံနက်ပိုင်းက ရန်ကုန် မြေနီကုန်းမှာ ပြုလုပ်သည်။

စစ်ကောင်စီတော်လှန်ရေးလှုပ်ရှားမှု “Umbrella Campaign”

၁၀: ၄၀- ဒိုးအဖွဲ့သပိတ်

မုံရွာတွင် ချင်းတွင်းဒိုးအဖွဲ့က စစ်ကောင်စီ ဆန့်ကျင်ကြောင်း သီချင်းများ  မြို့တွင်းလှည့်လည်  တီးမှုတ်ကာ ဆန္ဒထုတ်ဖော်သည်။

၁၀: ၃၀ ဗန်းမော်မြို့တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်း သောင်းနှင့်ချီသော တိုင်းရင်းသားများက စစ်တပ်၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။

ကချင်၊ ရှမ်း စသည့်တိုင်းရင်းသားများသည် သပိတ်စစ်ကြောင်း ၃ခုခွဲ၍ ဗန်းမော်မြို့နယ်အတွင်း လှည့်လည်ဆန္ဒပြနေ

၁၀ : ၂၅ –

မူလစီစဉ်ထားသည့်၇၃ လမ်းနှင့် ၂၇ လမ်းတွင် ရဲတပ်ဖွဲ့ကပိတ်ဆို့ထားသဖြင့် မန္တလေးတပ်ပေါင်းစု ထိုင်သပိတ်ကို ၇၃လမ်း၂၉လမ်းတွင် ပြုလုပ်နေကြသည်။

၁၀: ၂၀ လူမျိုးစုပေါင်းစုံအထွေထွေသပိတ်စစ်ကြောင်း

စစ်အာဏာရှင်ဖြုတ်ချရေး လူမျိုးစုပေါင်းစုံအထွေထွေသပိတ်စစ်ကြောင်းသည် လူဦးရေထောင်နှင့်ချီပါဝင်ပြီး မြေနီကုန်း ပဒုမ္မာပန်းခြံရှေ့မှ လှည်းတန်းသို့ ချီတက် ဆန္ဒပြနေလျက်ရှိသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စပေါ်ပေါက်ရေ၊း  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးလွှတ်ပေးရေးတို့အတွက် ကြွေးကြော်၍ အာဏာသိမ်း စစ်ကောင်စီအား လူမျိုးစုပေါင်းစုံအထွေထွေသပိတ်စစ်ကြောင်းက ဆန့်ကျင်နေကြသည်။ 


၁၀ : ၁၅ – တက္ကသိုလ်ပေါင်းစုံ ထိုင်သပိိတ်ပြုလုပ်မည့်နေရာ ရဲများပိတ်ဆို့ထား

မန္တလေးတပ်ပေါင်းစု ထိုင်သပိတ်ကို ယနေ့ ၁၀ နာရီတွင်  ၇၃ လမ်းနှင့် ၂၇ လမ်း ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရဲလုံခြုံရေးများစွာ ရောက်ရှိနေသည်။

ကျောင်းသားသပိတ်စစ်ကြောင်းများက ထိပ်တိုက်မတွေ့ဘဲ လမ်း ၃၀ အောက်ဘက် ဘူတာကြီးဘက်သို့ ဆင်းသွားသော်လည်း ဘုန်းကြီး ၁၀ ပါးကျော်ပါသည့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှ အင်အား ၁၀၀ နီးပါးက ထိပ်တိုက်ရင်ဆိုင်ဖွယ် ရှိနေသည်။

၇၃လမ်း (၂၈ လမ်းနှင့်၂၉ လမ်းကြား) တွင် တပ်၊ ရဲ လုံခြုံရေး ၂၀၀ နီးပါးချထားပြီး ရေကား ၊ အချုပ်ကား၊ အမြောက်ကားများ ပါဝင်သည်။

၁၀ : ၀၀ –

အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသည့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် မန္တလေး ရတနာပုံသင်္ဘောကျင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကွယ်လွန်သွားသူတစ်ဦးဖြစ်သည့်  အသက် ၁၇ နှစ်အရွယ် ဝေယံထွန်း၏ ရက်လည်အစီအစဉ်ကိုပြုလုပ်နေသည်။

ဖေဖော်ဝါရီ ၂၄ ပျဉ်းမနားမြို့ သပိတ်စစ်ကြောင်း။ ဓာတ်ပုံ-Myanmar Now
၀၉ : ၄၅ – အဖမ်းအဆီးကြမ်းသော်လည်း နေပြည်တော်တွင် ဆက်လက်ဆန္ဒပြ
‘၂’ ငါးလုံး အထွေထွေသပိတ် (၂၂-၂-၂-၂၁)က ဆန္ဒပြသူရာချီ ဖမ်းဆီးခံရဖူးသည့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများစတင်ချီတက်နေပြီဖြစ်သည်။

ရန်ကုန်မြို့မြေနီကုန်းတွင်စုဝေးချီတက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာပေါင်းစုံ သပိတ်စစ်ကြောင်း။ ဓာတ်ပုံ-Myanmar Now

၀၉ : ၃၀ – တပ်မတော်နည်းပညာကောလိပ်ကျောင်းသားဟောင်များပါဆန္ဒပြနေကြ

ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်တွင် စုဝေးချီတက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာအင်ဂျင်နီယာပေါင်းစုံသပိတ်စစ်ကြောင်းတွင် တပ်မတော်နည်းပညာကောလိပ်ကျောင်းသားဟောင်းများပါ ပါဝင်သည်။ ဦးရသောင်းဂဏန်းရှိသော မြန်မာအင်ဂျင်နီယာများက မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းလွှတ်ပေးရန်နှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောကြွေးကြော်မှုမျိုးစုံကို ဟစ်အော်ချီတက်နေကြသည်။

၀၉ : ၀၀ – တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်

ရန်ကုန်၊ မြေနီကုန်းလမ်းဆုံရှိ  ပဒုမ္မာပန်းခြံတွင်  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးဆန္ဒပြနေကြသည်။

၀၈ : ၄၅ – ရန်ကုန်စတင်လှုပ်ရှား

အင်ဂျင်နီယာကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း ရန်ကုန်၊ မြေနီကုန်းမီးပွိုင့်မှ စတင်ထွက်ခွာ လာပြီဖြစ်သည်။


 

၀၈ : ၃၀ – ရန်ကုန်မြို့လယ်ကို ပိတ်ဆို့ထား

ရန်ကုန်မြို့ ဆူးလေအနီးတစ်ဝိုက်တွင် ယမန်နေ့ကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးချကာ လမ်းပိတ်ဆို့ထားသည်။

၉ : ၀၀ မြေနီကုန်းမှ သပိတ်စစ်ကြောင်း လှည်းတန်းသို့ ချီတက်နေ

ရန်ကုန် မြေနီကုန်းတွင် စုဝေးနေသည့် ထောင်နှင့်ချီသော တိုင်းရင်းသားလူမျိုးပေါင်း စုံသပိတ်စစ်ကြောင်းသည် ဗဟိုလမ်းမှတဆင့် လှည်းတန်းလမ်းဆုံသို့ ချီတက်ဆန္ဒပြနေကြပြီဖြစ်သည်။

၉: ၄၇ လှည်းတန်းသို့ ချီတက်နေသည့် အင်ဂျင်နီယာကျောင်းပေါင်းစုံသပိတ်စစ်ကြောင်း

သိန်းနှင့်ချီသည့်မြန်မာနိုင်ငံလုံးဆိုင်ရာ အင်ဂျင်နီယာကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းသည် ရန်ကုန် မြေနီကုန်းခုံးတံတားအောက်တွင် စုဝေးပြီး ကျွန်းတောလမ်း အတိုင်းချီတက်ကြပြီဖြစ်သည်။

မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို ချက်ချင်းပြန်လွှတ်ပေးရန် သပိတ်စစ်ကြောင်းတွင်ပါဝင်သည့် အင်ဂျင်နီယာများက ကြွေးကြော်တောင်းဆိုလျက်ရှိသည်။

 

Show More

Related Articles

Back to top button