ဒေသအချို့တွင် ဆန္ဒပြသူများ တစ်စုတစ်စည်းတည်း ရှိမနေစေရန် ရဲနှင့် တပ်က ကန့်သတ်ပိတ်ဆို့ခဲ့ပြီး နေပြည်တော်တွင် လူစုကွဲ အင်အားနည်းသည်နှင့် ဖမ်းဆီးရာ ပရဟိတ ကူညီရေးသမားတချို့ပင် ဓားစာခံဖြစ်ခဲ့ရကာ ယနေ့ ညနေပိုင်းအထိ စုစုပေါင်း ၁၀၀ ကျော် ထိန်းသိမ်းခံလိုက်ရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ
ဒီမိုကရေစီနှင့်ဆန့်ကျင်၍ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် များ၏ လုပ်ရပ်ကိုဆန့်ကျင်သော ပြည်သူများက ၂ ဂဏန်းငါးလုံးဆုံသည့် ယနေ့(၂၂-၂-၂၀၂၁)တွင် နိုင်ငံ အနှံ့၌ လူသိန်းသောင်းချီပါဝင်သော အထွေထွေသပိတ် ဆင်နွှဲခဲ့ကြသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူအများအပြားက အထွေထွေသပိတ် ဆင်နွှဲရန် ကြိုတင်တိုက်တွန်းခဲ့ကြသကဲ့သို့ နိုင်ငံတဝှမ်းရှိ ဆိုင်ကြီး၊ ဆိုင်ငယ်များအားလုံးနီးပါးကို ပိတ် သိမ်းကာ ပြည်သူအများအပြား လမ်းပေါ်ထွက်၍ ဒီမိုကရေစီနှင့်ဆန့်ကျင်သော တပ်မတော်၏ လုပ်ရပ်ကို ကန့်ကွက်ခြင်းဖြစ်သည်။

အထွေထွေသပိတ်လှုပ်ရှားမှုတွင် ပြည်တွင်း နာမည်ကျော်သည့် စိန်ဂေဟာ၊ စီးတီး မတ်၊ ဂမုန်းပွင့်ကုန် တိုက်ကြီးများပင် ဈေးဆိုင်ခန်းများကို ပိတ်သိမ်း၍ ပါဝင်သည်ကို တွေ့ရပြီး နိုင်ငံ့အနှံ့၌ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ ဘာသာမရွေး၊ အာဏာဖီဆန်ရေး လှုပ်ရှားသူ CDM အစိုးရဝန်ထမ်းများပါမကျန် စစ်ကောင်စီကို လမ်းပေါ်ထွက်၍ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည်။
ရန်ကုန်ဟာ တည်ငြိမ်ခဲ့


စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်း နေ့စဉ်ရက်ဆက် လူသိန်းချီဆန္ဒပြနေသည့် ရန်ကုန်မြို့ လူစည်ကားရာနေရာများဖြစ်သော ဆူးလေ၊ လှည်းတန်း၊ မြေနီကုန်းစသည့် လူစည်ကားရာနေရာများ တွင် ယနေ့ (၂၂-၂-၂၀၂၁) သန်းနှင့်ချီသော လူစုလူဝေးဖြင့် ပြည့်နှက်သွားသည်။
မနက်ပိုင်းကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများ ဆန္ဒပြလေ့ရှိသည့် ရုန်ကုန်မြို့ သံရုံးများ၊ လမ်းဆုံလမ်းခွများ၊ မြို့တွင်းသို့သွားလာရာတွင် အဓိကကျသည့် တံတား များတွင် ရဲနှင့်စစ်တပ်က ပိတ်ဆို့ထားခဲ့သော်လည်း ပြည်သူတို့က အတားအဆီးမျိုးစုံကို ရရာနည်းဖြင့် ငြိမ်းချမ်းစွာရင်ဆိုင်၍ စုဝေးကြသည်။


သို့သော် မွန်းလွဲပိုင်းအရောက်တွင် ရဲတပ်ဖွဲ့က အင်အားထပ်မံဖြည့်တင်းလာပြီးနောက် သံရုံးအချို့နှင့် လမ်းဆုံများအနီး မူလပိတ်ဆို့ထားသော နေရာများရှေ့သို့တိုး၍ နေရာယူခဲ့ကြသည်။
အထူးသဖြင့် အမေရိကန်စင်တာတည်ရှိရာ အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံတွင် ထောင်သောင်းချီဆန္ဒပြနေသည့် ပြည်သူတို့အနီးတွင် မွန်းလွဲပိုင်းကတည်းက ရဲနှင့်စစ်သားများက အင်အား များစွာဖြင့်လှည့်လည်၍ ဖြိုခွင်းမည့်ဟန် ပြင်ဆင်ခဲ့သည်။
အမေရိကန်သံရုံး၊ တောင်ကိုရီးယားသံရုံးတို့ရှိရာ အဆိုပါနေရာတွင် ရဲတပ်ဖွဲ့က နောက်ဆုတ် ပေးရန် ဖိအားပေးလာချိန်တွင် ဆန္ဒပြပြည်သူတို့က ကမ္ဘာအေးဘုရားလမ်း၊ အင်းယား ကန်ဘောင်နှင့် မြန်မာပလာဇာရှေ့သို့ ငြိမ်းချမ်းစွာလူစုခွဲထွက်ခွာပေးကြသည်။
ထို့အတူ ရွှေတိဂုံ ဘုရားအနီးရှိ ဦးထောင်ဘိုအဝိုင်းကဲ့သို့ ဆန္ဒပြပြည်သူတို့ စုရုံးရောက်ရှိနေသည့် မြို့ပြဆက်သွယ်ရေး အချက်အခြာကျသော လမ်းမကြီးများမှ နောက်ဆုတ်ပေးရန် မွန်းလွဲပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရေးဆိုခဲ့သဖြင့် ပြည်သူတို့ လူစုခွဲ၍ လမ်းဖွင့်ပေးခဲ့ကြသည်။ ယင်းနောက်တွင် ကြားတောရလမ်းနှင့် ဦးထောင်ဘိုအဝိုင်းရှိရာ ဧရိယာအတွင်း ဖြတ်သန်း သွားလာခွင့်ကို လုံခြုံရေးအဖွဲ့များက နေ့လည် ၂ နာရီကျော်အထိ ပိတ်ပင်ခဲ့သည်။
'၂ ငါးလုံး' အထွေထွေသပိတ်ဆင်နွှဲသည့် ရန်ကုန်မြို့လူထုသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်တွေ့ဆုံမှုများကို ရှောင်ရှားကာ ရသည့်နေရာတွင်စုဝေး၊ ပိတ်ဆို့လာသည့် နေရာများမှ ဖယ် ခွာ နေရာရွှေ့ချီတက်သည့် နည်းလမ်းကို အဓိကထားကျင့်သုံးခဲ့ကြပြီး အာဏာသိမ်းပြီးသည်မှ ယနေ့အထိ ပဋိပက္ခ အခြေအနေများကို တည်ငြိမ်စွာရှောင်ရှားခဲ့ကြသည်။
နေပြည်တော်တွင် အဖမ်းအဆီးကြမ်း
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌မူ ၂ ငါးလုံး အထွေထွေသပိတ်စစ်ကြောင်းများ အစိုးရ ရုံးစိုက်ရာ အချက်အခြာကျသည့် မြို့နယ်များအတွင်း ဝင်ရောက်၍ မရစေရန် နံနက်ပိုင်းကတည်းက ရဲနှင့်စစ်တပ် ပေါင်း၍ ပိတ်ဆို့သည့်အပြင် ဆန္ဒပြပြည်သူတို့ လူစုကွဲ၍ အင်အားနည်းချိန်တွင် ရိုက်နှက်ဖမ်းဆီးသည် အထိ ပြုမူခဲ့ကြသည်။
နံနက်ပိုင်းတွင် ပျဉ်းမနားမြို့တွင်းမှထွက်လာသည့် လူဦးရေသိန်းချီရှိသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေ သပိတ်စစ်ကြောင်းများကို အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ဧရိယာအတွင်းသို့ ဝင်ရောက် နိုင်ခြင်းမရှိစေရန် ရဲနှင့်စစ်တပ် ပေါင်းကာကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ အထင်ကရ ရှမ်းကန်ရှေ့လမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူတို့ကို ရဲယူနီဖောင်းဝတ်ဆင်ထားသူတို့က လိုက်လံဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်တစ်ခုလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထွက်ပေါ်လာခဲ့ပြီး ဆန္ဒပြပြည်သူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ကြမ်း တမ်းစွာပြုမှု ဖမ်းဆီးခဲ့ကြသည်ကိုတွေ့ရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတို့ကို ရိုက်နှက်တွန်းထိုးရုံသာမက စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကိုပါ ဆွဲလှဲသည်အထိပြုမူခဲ့ကြောင်းတွေ့ရသည်။
ထို့အတူ နံနက် ၁၁ နာရီခန့်က ပျဉ်းမနားမြို့မှ နေပြည်တော်မြို့တွင်းသို့သွားရာ အဓိကလမ်းမကြီးပေါ်ရှိ နှင်းဆီပန်းအဝိုင်းဖြိုခွင်းမှုတွင် ရဲနှင့်စစ်တပ်က ၎င်းတို့ကိုပါ သေနတ်ဖြင့်ချိန်၍ ဖမ်းဆီးမည် ပြုသဖြင့် တိမ်းရှောင်ခဲ့ရကြောင်း မြေမြင်တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်အချို့ကလည်းအတည်ပြုသည်။
ရဲတပ်ဖွဲ့၏ နေပြည်တော် အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ပရဟိတအသင်းများပါ ဓားစာခံဖြစ်ခဲ့ရပြီး ယနေ့ နံနက် ဆန္ဒပြပြည်သူတို့ လိုအပ်ပါက ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန် ပျဉ်းမနားမြို့ ပေါင်းလောင်း ၈ လမ်းထိပ်တွင် ရပ်တန့်ထားသည့် 'ထေရလူငယ်' နာမှုကူညီရေးအသင်းသားအချို့ကိုပါ ဖမ်းဆီးရန် ကြိုးပမ်းသည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်ဟု အဆိုပါပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အနီးရှိပြည်သူများဝိုင်းဝန်းညှိနှိုင်းပေးမှုကြောင့် အသင်းသားများကို ရဲတပ်ဖွဲ့က ပြန်လွှတ်ပေး ခဲ့သော်လည်း လက်ကိုင်ဖုန်း လေးလုံးနှင့် အသင်းပိုင်ငွေကျပ် တစ်သိန်းကျော်ပါ လွယ်အိတ်ကိုမူ ယူဆောင်သွားသည်ဟု ပရဟိတအသင်းတာဝန်ရှိသူကပြောသော်လည်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အာဏာပိုင်များထံမှ အတည်ပြုချက် တစ်စုံတစ်ရာမရသေးပေ။
လုံခြုံရေးတပ်ဖွဲ့များက ပျဉ်းမနားမြို့မှထွက်ခွာလာမည့် သိန်းနှင့်ချီသော အထွေထွေသပိတ်စစ်ကြောင်းများကို နေပြည်တော်မြို့တွင်းသို့ အစုအလိုက်အပြုံလိုက် မဝင်နိုင်ရန် အဓိကကျသည့် လမ်းမကြီးများ ကို ရဲနဲ့စစ်တပ်က ပိတ်ဆို့ကာ ထိုသို့ ဖမ်းဆီးမှုများပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပြည်သူတို့က လမ်းသွယ်များမှတစ်ဆင့် အစိုးရရုံးဝန်ထမ်းများနေထိုင်ရာ မြို့နယ်နှင့် ရပ်ကွက်အချို့သို့ သွားရောက်၍ ဆန္ဒပြကြသည်။
သို့သော် နေပြည်တော်မြို့တွင်း အဓိကအချက်အခြာနေရာဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်၌ ရဲတပ်ဖွဲ့က သေနတ်သုံး ဖြိုခွင်းမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် မသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည့် သပြေကုန်းအဝိုင်းသို့ သွားရာ လမ်းများကိုမူ ရဲတပ်ဖွဲ့က တစ်နေကုန် ပိတ်ဆို့ထားသည်။
သတင်းများအရ ဥတ္တရသီရိမြို့နယ်အတွင်းလှည့်လည်ဆန္ဒပြနေသည့် ပြည်သူ ၁၀ဦးကျော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ ငါးဦးကျော်၊ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်ရှေ့တွင် ငါး ဦးခန့် ၊ အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ငါးဦး စုစုပေါင်း ၂၅ ဦးထက်မနည်း ယနေ့ မွန်းလွဲပိုင်းအထိ ဖမ်းဆီးခံရကြောင်း သက်ဆိုင်ရာမြို့နယ်အသီးသီး၏ သပိတ်လှုပ်ရှားမှုတာဝန်ခံများက အတည်ပြုထားကြသည်။
အတည်မပြုနိုင်သေးသော သတင်းများအရမူ ယနေ့ နေပြည်တော်လူဖမ်းပွဲတွင် အမျိုးသမီးများအပါအဝင် ၁၀၀ ဦးကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်လူမှူရေးအသင်းအဖွဲ့များက ခန့်မှန်နေကြသော်လည်း ရဲတပ်ဖွဲ့ ထံမှအတည်ပြုချက်တစ်စုံတစ်ရာမရသေးပေ။
မန္တလေးက တိုးမပေါက်သည့် လူပင်လယ်
မန္တလေးမြို့၏ အာဏာသိမ်းမှုဆန့်ကျင်ရေး '၂ ငါးလုံး' အထွေထွေသပိတ်ကို နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဘူတာကြီးရှေ့၊ ၃၀x၇၈ လမ်း ဧရိယာတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း သုံးသိန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယခင်ရက်များက လူပေါင်းသောင်းချီ၍ ဆန္ဒပြခဲ့ကြသည့် ဈေးချို၊ တရုတ်ကောင်စစ်ဝန်ရုံး၊ တိုင်းတရားလွှတ်တော်တို့ရှေ့၌မူ ရာဂဏန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားသဖြင့် ဆန္ဒပြ ပြည်သူတို့ ယနေ့ သွားရောက်စုရုံးနိုင်ခြင်းမရှိပေ။
ထို့အတူ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းသည်အထိ ကြုံခဲ့ရဖူးသည့် မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ၃ ခုစလုံးတွင်လည်း နံနက်ရုံးတက်ချိန်မတိုင်မီမှ ရုံးဆင်းချိန်အထိ တစ်နေရာတွင် စစ်ကားငါးစီး၊ လုံခြုရေးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ချထားပိတ်ဆို့ထားခဲ့သည်။
'၂ ငါးလုံး' အထွေထွေသပိတ်ဆင်နွှဲကြသည့် မြို့သူမြို့သားများထဲတွင် အာဏာဖီဆန်ရေး လှုပ်ရှားနေကြသည့် အစိုးရဝန်ထမ်းများ အလွှာပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အသင်းအဖွဲ့ပေါင်းစုံ၊ အသက်အရွယ်မျိုးစုံပါ၀င်ကြသည်။
ထို့အတူ ရှေ့ရက်များတွင် ဆန္ဒပြပြည်သူနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးရသည်အထိ အကြိမ်ကြိမ် အကြမ်းဖက်ဖြိုခွင်းခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်တွေ့မှုအခြေအနေကို မန်းသူ မန်းသားများ ယနေ့ရှောင်ရှားနိုင်ကြသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့ကဲ့သို့ပင် မြန်မာနိုင်ငံတနံတလျားရှိ မြို့ရွာများ၌ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သည့် '၂ ငါးလုံး' အထွေထွေသပိတ်ကို ဦးရေ ထောင်၊ သောင်း၊ သိန်းချီ ပါဝင်၍ ယနေ့ ဆင်နွှဲခဲ့ကြသည်။ ညနေ ၆ နာရီအထိရရှိထားသော သတင်းများအရ နေပြည်တော်မှအပ ကျန်ဒေသများတွင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မသိရသေးပေ။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ရရှိထားသော စာရင်းများအရ လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံးခဲ့ပြီး၊ ဒါဇင်နှင့်ချီ ထိခိုက် ဒဏ်ရာများရထားသည့်အပြင် လူပေါင်း ၅၀၀ ကျော်ဖမ်းဆီးခံထားရပြီး ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။















