ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေများနဲ့ မြန်မာပြည်

ရန်ကုန်မြို့လယ်ရှိ တိုင်းဒေသကြီး တရားရုံး (ဓာတ်ပုံ - ခွန်းလတ်/Myanmar Now)

ရန်ကုန် -  မြန်မာပြည်အလယ်ပိုင်း မကွေးမြို့ကိုရောက်လာတဲ့ ရှေ့နေဦးဖိုးဖြူကို ဘယ်တည်းခိုခန်းကမှ လက်မခံကြပါဘူး။ သူ့ကို တည်းခိုခွင့်မပြုဖို့ ညွှန်ကြားချက် ရရှိထားတယ်လို့ ဆိုကြပါတယ်။

မိုးလည်း ချုပ်ပြီ။ လယ်သမားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ရှေ့နေဟာ သူ့ကိုယ်ပေါ်က ချွေးတွေ ဖုန်တွေကို သန့်စင်ဖို့ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးလိုက်ပါတယ်။ အဲဒီနောက် ခရီးဆောင်အိတ်ဆွဲပြီး အဝေးပြေးကားဂိတ်ဘက်သွားနေတဲ့ ဦးဖိုးဖြူဟာ ရဲ ၅ ယောက်နဲ့တွေ့၊ မှောင်ရိပ်ခိုမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။

“လယ်မြေသိမ်းဆည်းခံရတဲ့ အမှုတွေ မလိုက်စေချင်လို့ (အာဏာပိုင်တွေက) တမင်ကန့်သတ်ပစ်လိုက်တာ၊ ဒါ ကျွန်တော့်အပေါ် ညစ်တာပဲ”လို့ ဦးဖိုးဖြူက ၂ဝဝ၉ ခုနှစ်က အဖြစ်အပျက်အကြောင်း ပြန်ရှင်းပြပါတယ်။

ဦးဖိုးဖြူဟာ မှောင်ရိပ်ခိုမှုနဲ့ ထိန်းသိမ်းခံရပေမယ့်  ဥပဒေအကျိုးဆောင်အဖွဲ့ တရားမဝင်ထူထောင်မှုနဲ့ တရားစွဲခံရပြီး ထောင်ကျသွားပါတယ်။ သူ့ကို စွဲဆိုတဲ့ ၁၉၈၉ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အရပ်သားတစ်ပိုင်းအစိုးရလက်ထက်မှာ ဖျက်သိမ်းလိုက်ပါပြီ။  အစားထိုး ဝင်ရောက်လာတဲ့  ၂ဝ၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကလည်း  ကန့်သတ်  ပိတ်ပင်တဲ့အချက်တွေ များလွန်းတယ်လို့ ဦးဖိုးဖြူက ဆိုပါတယ်။

လမ်းလျှောက်နေသူ ရှေ့နေကို ထိန်းသိမ်းရာမှာ အသုံးပြုခဲ့တဲ့ မှောင်ရိပ်ခိုမှု အပါအဝင်    ဒီမိုကရေစီ၊ လူ့အခွင့်အရေး စံနှုန်းတို့နဲ့ မကိုက်ညီတဲ့၊ ခေတ်နဲ့ မလျော်ညီတော့တဲ့  ဥပဒေပြဋ္ဌာန်းချက် များစွာရှိနေတယ်လို့ ဥပဒေပညာရှင်တို့က ထောက်ပြကြပါတယ်။  

မှောင်ရိပ်ခိုမှု

နေဝင်ချိန်နောက်ပိုင်း လမ်းပေါ်မှာ ရပ်နေသူ၊ ခပ်ဖြည်းဖြည်းလျှောက်နေသူဟာ  သူ့အကြောင်း  “ပြေလည်အောင် မပြောနိုင်ပါက” မှောင်ရိပ်ခိုမှုမြောက်ပြီး ထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်ကြောင်း ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၅ (ခ)မှာ   ပြဋ္ဌာန်းထားပါတယ်။

ကိုလိုနီခေတ်မှာ ပေါ်ပေါက်လာပြီး နောက်ပိုင်း နှစ်ကြိမ် ပြင်ဆင်ခဲ့တဲ့ ရန်ကုန်ရဲအက်ဥပဒေမှာလည်း မှောင်ရိပ်ခိုမှု   ပါပါတယ်၊   ပုဒ်မအမှတ်က ၃ဝ (ဃ) ဖြစ်တဲ့အတွက်  ရန်ကုန်မှာတော့ မှောင်ရိပ်ခိုမှုကို  သာတီးဒီ (30 D) လို့ လူသိများပါတယ်။

ပြီးခဲ့တဲ့နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း  မှောင်ရိပ်ခိုမှုနဲ့ အရေးယူ ထိန်းသိမ်းခံရသူ အရေအတွက် ၁,၃ဝဝ ကျော် ရှိတယ်၊  ဒီနှစ် ပထမ ငါးလအတွင်း မှောင်ရိပ်ခိုမှုပေါင်း ၅ဝဝ ကျော် ရှိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံး မှတ်တမ်းတွေက ဆိုပါတယ်။  

သာတီးဒီ မှောင်ရိပ်ခိုမှုက ဝေဖန်ခံနေရပေမယ့် ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ အမှန်တကယ် လိုအပ်တဲ့ပြဋ္ဌာန်းချက်ဖြစ်တယ်လို့  တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။   

 “ဒီလိုဥပဒေမျိုးက အမှုကြီးတွေ ဖြစ်မလာဖို့ ကြိုတင်ကာကွယ်ရေးအတွက် အသုံးဝင်တယ်” လို့  သူက မှတ်ချက်ပေးပါတယ်။

ညဘက် ဆိုက်ကားနင်းသူတချို့လည်း မှောင်ရိပ်ခိုမှုနဲ့ အထိန်းသိမ်းခံရတာမျိုး  ကြုံကြိုက်ဖူးကြသူတွေပါ။

ဧပြီလဆန်းပိုင်း ရန်ကုန် ကမာရွတ်မြို့နယ်အတွင်း တယ်လီဖုန်းဆိုင်များ ဖောက်ထွင်းခံရတဲ့အကြောင်း စုံစမ်းနေတဲ့ ရဲတွေက ဆိုက်ကားသမား ၃ ဦး အပါအဝင် လူတချို့ကို မှောင်ရိပ်ခိုမှုနဲ့ သန်းခေါင်ကျော်မှာ ဖမ်းပါတယ်။  ဆိုက်ကားဂိတ်မှာ ရှိနေတုန်း အဖမ်းခံရတာလို့ ၂၅  နှစ်အရွယ် ဆိုက်ကားသမား ကိုအာကာက ပြောပါတယ်။  

“ကျွန်တော်တို့ ဆိုက်ကားနင်းတာ နယ်ထိန်း(ရဲ)လည်း သိတယ်၊ ကျွန်တော်တို့မှာ   ခိုးဖို့ဖောက်ဖို့ပစ္စည်း တစ်ခုမှမပါဘူး”လို့  ကိုအာကာက ပြောပါတယ်။

နံနက်ပိုင်းမှာ ဆိုက်ကားသမားနှစ်ဦး ပြန်လွတ်လာပေမယ့် နောက်တစ်ဦးကတော့ မှောင်ရိပ်ခိုမှုနဲ့ ထောင် ၁၅ ရက် ကျသွားကြောင်း ကိုအာကာက ရှင်းပြပါတယ်။
 
ပြင်ရမှာတွေက တစ်ပုံတစ်ပင်

မြန်မာပြည်အနှံ့  ရောင်စုံသူပုန်ထတဲ့ကာလမှာ  လိုအပ်ချက်အရ ပြဋ္ဌာန်းခဲ့တဲ့ နာမည်ကျော် ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကလည်း ဒီနေ့ခေတ်မှာ မရှိသင့်တော့ဘူးလို့ ဥပဒေပညာရှင်တို့က ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “တရားလိုလုပ်တဲ့ အစိုးရဘက်က လိုသလိုစွဲနိုင်တယ်၊ ဒီလို ဥပဒေမျိုး ဖျက်ကိုပစ်ရမယ်” လို့ မှတ်ချက်ပြုပါတယ်။

သူပုန်တို့အန္တရာယ်မှ ကာကွယ်ရန်ထက်  အတိုက်အခံတို့ကို နှစ်ရှည်ထောင်ချရာမှာ  အသုံးပြုနေတယ်လို့  ဥပဒေပညာရှင်များ ဝေဖန်နေကြတဲ့ ဒီဥပဒေ ဖျက်သိမ်းရေးအတွက် အထိန်းသိမ်းခံရဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ကြိုးပမ်းခဲ့ပေမယ့် အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ ကြီးစိုးတဲ့  လွှတ်တော်က ကန့်ကွက်မဲ အများအပြားနဲ့  ပယ်ချခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကလည်း ဒီဥပဒေမှာ ရည်ရွယ်ချက်ကောင်းများ၊  နိုင်ငံလုံခြုံရေးအတွက် အရေးကြီးတဲ့ အချက်များ ပါဝင်တဲ့အတွက်  လောလောဆယ် မရုပ်သိမ်းသင့်ဘူးလို့ လွှတ်တော်ကို သွားရောက် တင်ပြခဲ့ပါတယ်။

အငြင်းပွားမှုများရှိနေတဲ့ နောက်ထပ် ဥပဒေတစ်ရပ်ကတော့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပါပဲ။    မြန်မာပြည်အလယ်ပိုင်း လက်နက်စက်ရုံအကြောင်း သတင်းတစ်ပုဒ်ဖော်ပြမှု ကြောင့် ရန်ကုန်အခြေစိုက် ယူနတီဂျာနယ် သတင်းသမား ၅ ဦး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အဲဒီဥပဒေအရ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ သက်တမ်း နှစ် ၉ဝ ကျော်လာတဲ့ အဲဒီဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း မရှိသေးပါဘူး။

“လျှို့ဝှက်အက်ဥပဒေကို ပြဋ္ဌာန်းပြီးတော့ သိပိုင်ခွင့် ဥပဒေဟာ ယနေ့ထက်ထိ ထွက်မလာသေးဘူး၊ လျှို့ဝှက်တယ်ဆိုလည်း ကာလ ကန့်သတ်ချက်ရှိရမယ်လေ၊ ဘယ်နှနှစ်ကြာရင် သိပိုင်ခွင့်ရှိတယ်၊ ဒါမျိုးတော့ ရှိရမယ်”လို့  မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးကြီးမြင့်က ပြောပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တစ်ပါတီအာဏာရှင်စနစ်ကို အထောက်အကူပြုတဲ့ဥပဒေများအပါအဝင် မဖြစ်မနေ ပြင်ဆင်သင့်၊ ဖျက်သိမ်းသင့်တဲ့ ဥပဒေ အများအပြား တည်ရှိနေသေးတယ် လို့  ရှေ့နေများက   ထောက်ပြနေကြတာပါ။

၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်း  ဥပဒေပေါင်း ၁၅ဝ ကျော်  ပေါ်ပေါက်လာရာမှာ  ၄ဝ ရာခိုင်နှုန်းဟာ  ယခင် ဥပဒေများ ပြင်ဆင်ရေးအတွက် ပြဋ္ဌာန်းခဲ့ခြင်းပါ။

လွှတ်တော်ထဲရောက်လာတဲ့ ဥပဒေပြုအမတ်များဟာ ပါတီအကျိုးထက် အများအကျိုး ကြည့်ဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောတယ်။

 “ဥပဒေပြုတဲ့အပိုင်းကတော့ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိနိုင်ဘူး၊ အချိန်ကာလနဲ့ အခြေအနေပေးရင် ပေးသလိုပဲ လုပ်ရမယ့်ကိစ္စပါ၊ လွှတ်တော်ထဲကို ဥပဒေပညာရှင်တွေ များများရောက်လာဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

ကိုလိုနီခေတ်ရဲ့အမွေ

ရွေးကောက်ပွဲ ၂ လ ခန့်သာ  လိုတော့တဲ့ အချိန်မှာ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ အားစိုက်နေကြတဲ့ နိုင်ငံရေးပါတီက အနည်းငယ်ပဲ ရှိတာပါ။

မြန်မာနိုင်ငံရဲ့ ဥပဒေများနဲ့ တရားစီရင်ရေးစနစ်တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ဖူးသူ၊ သြစတေးလျနိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Australian National University မှ သုတေသီ နစ်ခ်ချက်စ်မန်းက  ကိုလိုနီခေတ် ဥပဒေတွေကို မပြင်ဆင်နိုင်သေးတဲ့ ကိုလိုနီနိုင်ငံဟောင်းတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်၊  ဥပဒေပြင်ဆင်မှုတွေ အောင်မြင်ဖို့နဲ့ ပြည်သူတွေကို အကျိုးရှိစေဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးအဖြေရှာတာတွေ အများအပြားလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“ဆွေးနွေးအဖြေရှာတာတွေ မရှိရင် အခွင့်အလမ်းကောင်းတွေ မရနိုင်ဘူး၊  ပြီးတော့ အန္တရာယ်လည်း ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေ ပါဝင်မှုမရှိဘူးဆိုရင် ဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ လိုအပ်တဲ့ အချက်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကပဲ အစိုးရပိုင်းကို စည်းရုံးနားချသွားကြလိမ့်မယ်” လို့ နစ်ခ်ချက်စ်မန်းက ပြောပါတယ်။

ကိုလိုနီခေတ်ဥပဒေများအကြောင်း ဆွေးနွေးရာမှာ ဒီဥပဒေတွေကြောင့်  ရာဇဝတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ သာမန်ပြည်သူတွေ အပေါ်သက်ရောက်မှု၊  နိုင်ငံရေးအတိုက်အခံတွေကို ဒီဥပဒေတွေ အသုံးပြုပြီး  ဖိနှိပ်မှု ဆိုတာတွေကိုလည်း   ထည့်သွင်းဆွေးနွေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

“လိင်ပိုင်းဆိုင်ရာ လူနည်းစု၊ ဘာသာရေးဆိုင်ရာ လူနည်းစုတွေလို သီးသန့်အုပ်စုတွေကို   ပစ်မှတ်ထားတဲ့ မှောင်ရိပ်ခိုမှုလိုမျိုး ဥပဒေပြဋ္ဌာန်းချက်တွေက ဘာတွေလဲ၊ ခိုးမှု၊ မသင်္ကာမှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတွေနဲ့ စွပ်စွဲခံရသူတို့ရဲ့ အခြေခံ အခွင့်အရေးတွေကို ရာဇဝတ်မှု၊ အရေးယူမှုတွေက ဘယ်လို ချိုးဖောက်နေတာလဲ၊“ဒီလိုမေးခွန်းမျိုးကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပိုပြီးရှေ့တန်းတင်ဖို့ လိုပါတယ်”  

ဒီမေးခွန်းတွေဟာ ရှေ့နေတွေအတွက်ပဲ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို လိုလားတဲ့သူတိုင်း မေးရမယ့် မေးခွန်းတွေဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
 
ဧည့်စာရင်းတိုင်ဖို့ လိုအပ်သလား

မြန်မာနိုင်ငံမှာ  နေထိုင်သူ အားလုံးဟာ "၂ဝ၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ"အရ  အိမ်မှာ ညအိပ်တည်းခိုသူများ ရှိရင် အုပ်ချုပ်ရေးမှူးရုံးမှာ  ဧည့်စာရင်းတိုင်ကြားဖို့ လိုပါတယ်။

၁၉ဝရ ခုနှစ်က အင်္ဂလိပ်တို့ ပြဋ္ဌာန်းခဲ့တဲ့  ကျေးရွာဥပဒေ၊  မြို့များဥပဒေတို့ နေရာမှာ  အစားထိုးလာတဲ့ ဒီဥပဒေက အနှောင့်အယှက်ကင်းစွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်ခွင့်၊ အခြားသူများနဲ့  ပေါင်းသင်းဆက်ဆံခွင့်တို့ကို ထိခိုက်စေတယ် လို့ မတ်လမှာ ထွက်လာတဲ့   အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုဥပဒေအရ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတို့ဟာ နေအိမ်များအတွင်း အချိန်မရွေး အကန့်အသတ်မရှိ ဝင်ရောက်စစ်ဆေးခွင့် ရှိနေတယ်လို့ ရှေ့နေဦးကိုနီက ထောက်ပြပါတယ်။
“နောက်ပြဋ္ဌာန်းတဲ့ ဥပဒေဟာ အင်္ဂလိပ်ခေတ်က ဥပဒေထက်ကို ပိုပြီးတော့ ဆိုးသွားတာ တွေ့ရတယ်” လို့   ဦးကိုနီက ပြောပါတယ်။
 
ဘယ်လိုပြင်ကြမလဲ

ခေတ်နောက်ပြန်ဆွဲနေတဲ့ နှစ်ချို့ဥပဒေများကို ခေတ်နဲ့အညီ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး လိုအပ်ကြောင်းကိုတော့ ဥပဒေပညာရှင် အများအပြားက သဘောတူကြပါတယ်။

ဥပဒေများ ပြုပြင်ရေးကို အတွေ့အကြုံရှိတဲ့ ရှေ့နေများ၊ နာမည်ကောင်းရှိတဲ့ အငြိမ်းစားတရားသူကြီးများ ပါဝင်တဲ့  ကော်မတီဖွဲ့ပြီး ဆောင်ရွက်သင့်တယ်၊ ကာလကန့်သတ်ချက်နဲ့ လုပ်ပိုင်ခွင့် တိတိကျကျပေးပြီး  ဆောင်ရွက်သင့်တယ် လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အကြံပြုပါတယ်။

အရပ်သားအစိုးရသက်တမ်း ၄ နှစ် ကျော်လာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန် ဖြစ်ပေမယ့် နိုင်ငံမှာ စစ်အာဏာရှင်စနစ် အငွေ့အသက် အများအပြား ရှိနေသေးတယ် လို့  တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုပါတယ်။

“ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ ဥပဒေအားလုံးကို ပယ်ဖျက်ပစ်ဖို့ဆိုရင် နောက်ထပ်အခြေအနေ အချိန်အခါ တစ်ရပ်ကိုတော့ စောင့်ရဦးမယ်” လို့ သူက သုံးသပ်ပါတယ်။

ပြည်သူများအကြား ဥပဒေရေးရာ သိမြင်နိုးကြားမှု ဘယ်လောက် ရှိတယ် ဆိုတဲ့ စစ်တမ်းကောက်ယူမှုမျိုးကလည်း   အားနည်းနေဆဲပါ။

ဒီအတောအတွင်း အကူအညီ လိုအပ်သူများအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်ပေးတဲ့  ဥပဒေပညာရှင်အများအပြား ပေါ်ပေါက်နေပါတယ်။ အဲဒီအထဲမှာ လူငယ်ရှေ့နေတချို့ကို စုစည်းပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းအပြီး ထိန်းသိမ်းခံရသူ ဦးဖိုးဖြူလည်း ပါဝင်ပါတယ်။

ခေတ်နဲ့ လျော်ညီခြင်း မရှိတော့တဲ့ ဥပဒေများထဲကနေ အနည်းအကျဉ်းကိုပဲ လွှတ်တော်မှာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ဦးဖိုးဖြူက သူ့အိမ်ခန်းနံရံအပြည့် နေရာယူထားတဲ့  မှန်ဗီဒိုကြီးထဲက တရားဥပဒေဆိုင်ရာ စာအုပ်တွေကို လှမ်းကြည့်ပြီး သုံးသပ်ပြပါတယ်။

 “ဥပဒေအသစ်တွေဟာလည်း စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးပိုင်းကို အသားပေးရလွန်းတာတွေဖြစ်တော့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ဖိနှိပ်ကန့်သတ်ရာပဲ ရောက်စေတယ်” လို့ ဦးဖိုးဖြူက ပြောပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading