သတင်း

နေပြည်တော်တွင် အာဏာသိမ်းမှုဆန့်ကျင်သည့် အင်ဂျင်နီယာ ၅ ဦး ဖမ်းဆီးခံရ 

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နေပြည်တော်၌ ထောင်နှင့်ချီ သော အင်ဂျင်နီယာများက နေ့စဉ်ရက်ဆက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပြီး ‘၂ ငါးလုံး’ သပိတ်အဖြစ် ပြည်လုံးကျွတ်ဆန္ဒပြခဲ့သည့် ယနေ့ (ဖေဖော်ဝါရီ ၂၂) တွင် ဆန္ဒပြအင်ဂျင်နီယာ ငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်အတွင်း အဓိကလမ်းမကြီးတစ်ခုဖြစ်သော ရာဇဌာနီလမ်း နှင်းဆီပန်းအဝိုင်းတွင် နံနက် ၈ နာရီခန့်က စုရုံးဆန္ဒပြပြီးနောက် လူစုကွဲသွားချိန် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“နှင်းဆီပန်းအဝိုင်းနားမှာစုတယ်။ ကြွေးကြော်တယ်။ လူတွေလည်း သောင်းချီရှိလို့ တခြားနေရာ တွေ လှည့်လည်ဖို့လုပ်ချိန်မှာ လူစုကွဲသွားတယ်။ ရဲတပ်ဖွဲ့က နောက်က လိုက်ဖမ်းတဲ့အခါ အဲဒီထဲက အင်ဂျင်နီယာငါးဦးပါ ကားတစ်စီးကို ဘောဂသီရိကားကြီးဝင်းနားမှာ မိသွားတယ်လို့ သိထားပါတယ်” ဟု ဆန္ဒပြအင်ဂျင်နီယာအဖွဲ့ကို ဦးဆောင်သူက ပြောသည်။

ပျဉ်းမနားမြို့တွင်းက ချီတက်လာသည့် သိန်းနှင့်ချီသော ဆန္ဒပြသူများ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ရာများရှိရာ နေပြည်တော်ဘက်သို့ သွားရောက်နိုင်ခြင်း မရှိစေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ပိတ်ဆို့ထားခဲ့သည်။ 

ထိုသို့ ပိတ်ဆို့ခံထားရသည့် ဆန္ဒပြသူများကို နံနက် ၁၁ နာရီခန့်အရောက်တွင် ရဲတပ်ဖွဲ့က အင်အားသုံး၍ လိုက်လံဖမ်းဆီးခဲ့ပြီး အထက်ပါ အင်ဂျင်နီယာငါးဦးလည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

နှင်းဆီပန်းအဝိုင်းအနီး ဖြိုခွင်းမှုတွင် ၎င်းတို့ကိုပါ လုံခြုံရေးတပ်ဖွဲ့က ခြိမ်းခြောက်ပြုမူခဲ့ကြောင်း ထိုနေရာသို့ သွားရောက်သတင်းယူခဲ့သူ သတင်းထောက်အချို့ကက ပြောသည်။ 

ထို့အတူ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်အနီးလမ်းဆုံတွင်လည်း လူစုကွဲနေသည့် ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က အင်အားသုံးကာ ရိုက်နှက်တွန်းထိုး၍ ကြမ်းတမ်းစွာဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ယနေ့ မွန်းလွဲပိုင်းတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ မြင်တွေ့ခဲ့ရသည်။

အဆိုပါဗီဒီယိုဖိုင်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတို့ကို ရိုက်နှက်တွန်းထိုးရုံသာမက စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကိုပါဆွဲလှဲသည်အထိပြုမူခဲ့ကြောင်းတွေ့ရသည်။

သတင်းများအရ ဥတ္တရသီရိမြို့နယ်အတွင်းလှည့်လည်ဆန္ဒပြနေသည့် ပြည်သူ ၁၀ ဦးကျော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ ၅ဦးကျော်၊ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်ရှေ့ တွင် ၅ ဦးခန့် ၊ အင်ဂျင်နီယာ ငါးဦး ဖမ်းဆီးခံခဲ့ရပြီး အခြားနေရာတွင်လည်း ဖမ်းဆီးခံရသူများ ရှိနေကြောင်း သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မြို့တွင်း အဓိကအချက်အချာနေရာဖြစ်သော သပြေကုန်းအဝိုင်းအနီးတွင် ဖေဖော်ဝါရီ ၉ ရက်၌ ရဲတပ်ဖွဲ့က သေနတ်သုံး ဖြိုခွင်းမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် မသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည်။ 

ယနေ့တွင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုက ‘၂ ငါးလုံး’ သပိတ်ဆင်နွှဲခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ မွန်းလွဲပိုင်းအထိ ရရှိထားသော စာရင်းများအရ လုံခြုံရေးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိကာ လူပေါင်း ၅၀၀ ကျော်ဖမ်းဆီးခံထားရသည်။

Show More

Related Articles

Back to top button