ကောလာဟလ ထောင်ချောက်များနှင့် ရပ်ကွက် ညကင်းများ

သတင်းမှားများ၊ ခိုးဆိုးလုယက်မှုများသည် လူထုအုံကြွမှုကို ပုံဖျက်နိုင်သည့် အန္တရာယ်များဖြစ်သည်ဟု ယခင် စစ်အာဏာသိမ်းမှုများကို ရင်ဆိုင်ခဲ့ရသူတို့က သတိပေးကြသည်

ရန်ကုန်မြို့တွင် ညကင်းစောင့်နေသူများကို ဖေဖော်ဝါရီ ၁၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now) 

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်မှ အသက် ၅၆ နှစ်အရွယ် ဒေါ်ယဉ်အေးသည် စစ်အာဏာသိမ်းပြီး နှစ်ပါတ်အကြာတွင် ကိုယ့်ရပ်ကွက် ညဘက်လုံခြုံရေးအတွက် တာဝန်ယူရသည့် အမျိုးသမီးကင်းသမားတစ်ဦး ဖြစ်လာသည်။

နေ့အခါတွင် အသုပ်စုံရောင်းချပြီး ညဘက်တွင် စိတ်ဒုံးဒုံးချ၍ မအိပ်နိုင်ဘဲ ရပ်ကွက်အတွင်း လူစိမ်းဝင်လာမည်ကို စိုးရိမ်စိတ်ဝင်နေသည်။

မကြာသေးခင်ကမှ ကြေညာလိုက်သော လွတ်ငြိမ်းခွင့်တွင် ထောင်မှ လွတ်လာသူများထဲမှာ လူဆိုး၊ သူခိုးတချို့ ရပ်ကွက်အတွင်း ဒုက္ခလာပေးမည်ကို သူက စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အသက်အရွယ်ကြီးရင့်သူ ဖြစ်သော်လည်း ဒေါ်ယဉ်အေးက ရပ်ကွက်နေသူများနှင့်အတူ အလှည့်ကျ ကင်းစောင့်တာဝန် ယူလိုက်တော့သည်။ 

ကောလာဟလများ

အများသုံးစွဲနေသော ၅၀၀၀နှင့် ၁၀၀၀၀ တန် ငွေကြေးများကို ဖျက်သိမ်းမည်ဆိုသော ကောလာဟလသည် ပထမဆုံးထွက်ရှိခဲ့ပြီး လူအများကြား ကြောက်စရာအကောင်းဆုံး ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၆ တွင် ရန်ကုန်မြို့၊ လှည်းတန်းတွင် လူအများ လမ်းပေါ်ထွက်လာကာ ဆန္ဒပြပြီးနောက် ယင်းနေ့ နေ့လယ်ပိုင်းမှ စတင်ကာ စစ်ကောင်စီက အင်တာနက် ဖြတ်တောက်လိုက်ရန် စီစဉ်ရာ အော်ပရေတာများက အင်တာနက် ၂ ရက် ဖြတ်တောက်မည်ဖြစ်ကြောင်း အသိပေး SMS  ပေးပို့ အကြောင်းကြားခဲ့ကြသည်။ 

ယင်းနေ့ ည ၁၀ နာရီခန့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်လိုက်‌ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းတွင် ကြေညာသွားသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့ပြီး အတည်ပြုနိုင်ရန် ခက်ခဲခဲ့သည်။ 

လူအများက လမ်းပေါ်ထွက်ကာ ဝမ်းသာအားရ ပျော်ရွှင်ခဲ့ကြသော်လည်း ထိုသတင်းသည် ကောလာဟလသာဖြစ်ကြောင်း နာရီပိုင်းအကြာတွင် သိရှိခဲ့ကြသည်။ အင်တာနက် ဖြတ်တောက်ခံထားရချိန်တွင် အဆိုပါ သတင်းမှားသည် နိုင်ငံအနှံ့ရှိ မြို့ကြီးများဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါသတင်းသည် မယုံကြည်ရကြောင်း အများအပြားက SMS စာတို ဆင့်ကဲဖြန့်ဝေကာ ချေဖျက်ခဲ့ကြသည်။ 

ထို့နောက် ဖေဖော်ဝါရီ ၈ နံနက်ပိုင်းတွင် အင်တာနက်ပြန်ရသော်လည်း ကောလာဟလများ ထပ်မံပျံ့နှံ့ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီး ၁၂ ရက်မြောက်နေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများထဲမှ နှစ်သောင်းကျော် (၂၃,၃၆၉) ကို လွှတ်ပေးလိုက်သည်။

"ရပ်ကွက်အတွင်း လူစိမ်းလာ၍ မီးကွင်းပစ်သည်၊ လူသုံးရေကန်များအတွင်း အဆိပ်ခတ်သည်၊ စစ်အာဏာရှင်ကို လက်မခံသူကို လာဖမ်းခေါ်မည်" စသည်ဖြင့်  ကောလာဟလမျိုးစုံသည် လူထုအကြား ပျံ့နှံ့ရောက်ရှိခဲ့သည်။  

" ရင်ခွဲရုံမှ အလောင်းများ ယူသွားသည်၊ လမ်းထိပ်တွင် အလောင်းပစ်ကာ အဓိကရုဏ်းဖန်တီးမည်" ဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ 

ထို့နေ့ရက်မတိုင်မီလည်း စစ်တပ်နှင့်ရဲက လူတချို့ကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးမှုများလည်း ရှိနေခဲ့သည်။ ထို့ကြောင့် အကြောင်းအရာများပေါင်းစုံပြီး လူထုသည် မလုံခြုံဟူသော အတွေးများ စတင်ပေါ်ပေါက်လာရသည်။

အဆိုပါ ရက်များတွင် အများအပြားသည် စိုးရိမ်ထိတ်လန့်လွန်းပြီး ညဘက် တစ်ရေးအိပ်ရန်ပင် ခက်ခဲသော အမှောင်နေ့ရက်များ ဖြစ်ခဲ့သည်။ 

“ညဘက်ဆို ကြောက်နေရတယ်။ ဘယ်သူက ငါ့ကို ဘာလာလုပ်မလဲ။ လာပြီးတော့ တက်ဖမ်းမလဲဆိုတဲ့ ခံစားရတာမျိုးတွေ ကြုံနေရတယ်။ လွတ်လပ်မှု မရှိတော့ဘူး”ဟု ဆန္ဒပြနေသော တတိယနှစ်ကျောင်းသားတစ်ဦးက ပြောသည်။

ရပ်ကွက်လန့်သည့် ဖြစ်စဉ် 

ထောင်ခါသည့်ညမှာပင် ရန်ကုန်၊ သုံးခွလမ်းဆုံတွင် သောင်တင်နေသော ရဲဘက်စခန်းမှ လွတ်ငြိမ်းဖြင့်ပါလာသူ ၂၃ ဦး တွေ့ရှိခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းလူများကို အရေးပေါ်လူနာတင်ယာဉ် ဆိုင်းဘုတ်တပ်ထားသည့် ယာဉ်တစ်စီးက ထိုသူများကို ခေါ်ဆောင်သွားသည်ဟု ဖြစ်စဉ်ကို ဓာတ်ပုံဗီဒီယိုမှတ်တမ်းယူထားသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့မှာပင် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့တို့တွင် "အိမ်အပြင်မထွက်ရ" အမိန့်ထုတ်ထားသော ညအချိန် လူစိမ်းဖမ်းမိသောဖြစ်စဉ်များ တစ်ပြိုက်နက် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၃ တွင် တာမွေ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ စမ်းချောင်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ အစရှိသဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ထောင်ထွက်များ ညအချိန် နေအိမ်များအနီး ဝင်ရောက်လာသည်ဆိုသော သတင်းများ ပေါ်ထွက်လာခဲ့သည်။

ဗဟန်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်အချို့တွင် ဖမ်းမိသူအချို့ရှိခဲ့ပြီး ရပ်ကွက်လူထုက စစ်မေးခဲ့သည်။

ဖမ်းမိသူများနှင့်အတူ တွေ့ရလေ့ရှိသည်မှာ ဖေဖော်ဝါရီ ၁၂ ရက်စွဲပါ ထောင်ထွက်လက်မှတ်နှင့် မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ရာတွင် ကူညီသောဆေးအဖြစ် အသုံးပြုသည့် မက်သဒုံး (Methadone) ခေါ် မူးယစ်ဆေးအစားထိုး သောက်ဆေးဖြစ်သည်။

ဆေးဘူးခွံတွင် အဆိပ်ဟု ရေးသားပါရှိသဖြင့် လူထုအကြားတွင် စိုးရိမ်မှုမြင့်တက်ခဲ့ရသည်။

ဗဟန်းမြို့နယ်တွင် ဖမ်းမိသူကို စစ်မေးထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် “မင်းကို ဘယ်သူခိုင်းတာလဲ။ မင်း ဘယ်ကလာတာလဲ။ ထောင်ဝင်နံပါတ် ဘယ်လောက်လဲ။ ဘာမှုနဲ့ ကျတာလဲ”ဟု စသဖြင့် ရပ်ကွက်လူထုက စစ်မေးခဲ့ကြရာ “၎င်းသည် တောင်ဒဂုံတွင် နေထိုင်သူဖြစ်ပြီး အိမ်ပြန်ရန် ကားခမရှိသဖြင့် ဗဟန်းတွင် ညအခါ သောင်တင်နေခြင်း”ဟု ဖမ်းဆီးစစ်မေးခံရသော အမျိုးသားက ပြောပြနေသည်ကို တွေ့ရသည်။

ရပ်ကွက် ညကင်း

ထိုအချိန်မှစ၍ ကောလဟာလသတင်းနှင့်အတူ အမှန်တကယ်ဖြစ်လာပါက ရင်ဆိုင်နိုင်ရန် ပြည်သူများက ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် အလှည့်ကျ လူစု၍ ကင်းစောင့်ကြမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ တွင် စတင်လိုက်ကြသည်။

ရပ်ကွက်အဝင်အထွက်လမ်း၊ လမ်းသွယ်စသည်များကို အကာအရံများချထားပြီး လူစု၍ အလှည့်ကျ ညကင်းစောင့်ကြပ်ရသည်။ ညအခါ ခြင်ကိုက်သည့်ဒဏ်ကို ကာကွယ်ရန် မီးဖို၍လည်း ထားကြသည်။

ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၏ လမ်းအချို့တွင် တစ်ညလျှင် ညကင်းသမား ခုနစ်ဦး အလှည့်ကျ စောင့်ကြရသည်။ 

ထိုသူများသည် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ည ၈ နာရီအချိန် သံပုံးတီးပြီးသည့် အချိန်မှစ၍ နောက်တစ်နေ့ နံနက် ၄ နာရီခန့်အထိ လမ်းများပေါ်တွင် လှည့်လည်စောင့်ကြပ်ရသည်။

ကင်းစောင့်သူများကို ရပ်ကွက်သူအချို့က လက်ဖက်သုပ်၊ အရွက်သုပ်နှင့် ရေနွေးအခါးရည် တိုက်ကျွေး ကူညီကြသည်။

‘ပြည်သူလူထုအတွက် အသက်ကိုပေး၍ ကာကွယ်မည်’ဆိုသော တပ်မတော်က အာဏာရယူလိုက်ပြီးနောက် ဖေဖော်ဝါ ၁၅ တွင် သံချပ်ကာများ၊ စစ်ကားများဖြင့် ရန်ကုန်၊ စစ်တွေနှင့် မြို့ကြီးအချို့တွင် လုံခြုံရေးလှည့်လည်နေသည်ဟု အသံချဲ့စက်များဖြင့် မြို့ပတ်ကြေညာခဲ့သည်။ 

သို့ရာတွင် ရပ်ကွက်အတွင်း ရည်ရွယ်ချက်မျိုးစုံဖြင့် ရောက်လာတတ်သည့် လူဆိုး၊ သူခိုးတို့၏ ရန်ကြောင့် လူထုသည် ကိုယ်တိုင်ကင်းစောင့်နေကြခြင်း ဖြစ်သည်။ ရဲစခန်းရှိသည့်လမ်းတွင် နေထိုင်သူများကိုယ်တိုင် ကင်းစောင့်နေကြသည်ကို ကြည့်လျှင် လုံခြုံရေးအခြေအနေကို သိနိုင်သည်။

အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကိုယ်ထူကိုယ်ထ လုံခြုံရေးရယူနေကြရပြီး နယ်မြို့များတွင်မူ စောင့်ကြည့်ရသည်အထိ အခြေအနေမဆိုးသေးကြောင်း နယ်မှ ဒေသခံတချို့က ပြောသည်။ 

ရပ်ကွက် အန္တရာယ်မကျရောက်စေရန် လုံခြုံရေးယူသည့် ကင်းသမားသည် အန္တရာယ်နှင့် အကြုံတွေ့နိုင်ရဆုံး ဖြစ်လာတတ်သည်ကို ဖေဖော်၀ါရီ ၂၀ ရက်နေ့က တွေ့ရသည်။ ထိုညက ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ ကင်းသမားတစ်ဦး ရဲကားတစ်စီးနှင့် ရင်ဆိုင်ရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို သိရှိရန် သတင်းဌာနများက ရဲစခန်းကို မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက မကြာသေးမီက ပြုလုပ်သော ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။

နေပြည်တော် သပြေကုန်းပစ်ခတ်မှုတွင် မမမြသွဲ့သွဲ့ခိုင်သေဆုံးမှုမှာ ရဲတပ်ဖွဲ့၏အလွန်မဟုတ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ရဲတပ်ဖွဲ့ကို စတင်ပြီးတော့ ပစ်ပေါက်တာတွေ၊ စတင်ပြီးတော့ ဆဲဆိုတာတွေကနေ စခဲ့တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။

၈၈ လူထုအုံကြွမှုနှင့် နှိုင်းယှဉ်ချက်

စစ်တပ်အာဏာသိမ်းမှုကို ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ တို့တွင်လည်း တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။

ယခုတစ်ကြိမ် အာဏာသိမ်းသည့် ကာလတွင်လည်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့် အခြေအနေမျိုး ဖန်တီးသူတို့ ကြိုးစားလာမည်ကို စိုးရိမ်သူအများအပြား ရှိနေသည်။

ယခုလူထုလှုပ်ရှားမှုတွင် ၁၉၈၈ လူထုအုံကြွမှုကာလ နာမည်ဖျက်ခံရမှုမျိုး ရင်မဆိုင်ရရန် သတိထားရမည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၆၃ နှစ်ရှိ တက္ကစီယာဉ်မောင်း ဦးစိုးထွန်းက ပြောသည်။

“အရင်ခေတ်ကလို ခေါင်းဖြတ်သတ်တာတွေ၊ မီးရှို့တာတွေ မရှိဘူး။ ရပ်ကွက်ထဲ ဝင်လာရင် စိတ်တော့တိုတာပေါ့။ ဒါပေမယ့် သူဘယ်သူလဲ၊ ဘယ်ကလဲ။ ဘယ်လိုရောက်လာသလဲ။ ဒါတွေမေးပြီး မှတ်တမ်းယူပြီး ထိန်းထားကြတာ”ဟု ဦးစိုးထွန်းက ပြောသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် လူထုက ဒီမိုကရေစီရရှိရေး တောင်းဆိုကြချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။

အကြမ်းဖက်မှုများရှိသဖြင့် နိုင်ငံတော်၏အခြေအနေကို တပ်မတော်က ဝင်ထိန်းသိမ်းလိုက်သည်ဆိုကာ နိုင်ငံ့အာဏာ ရယူခဲ့သည်။

ထို့နောက် ၁၉၉၀ တွင် ရွေးကောက်ပွဲ ပြန်လုပ်ပေးခဲ့သော်လည်း အနိုင်ရသော ပြည်သူ့ကိုယ်စားလှယ်များကို ထောင်ထဲထည့်ကာ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့သည်။ ထို့နောက် စစ်အစိုးရ ဆက်အုပ်ချုပ်ခဲ့ပြီး ၂၀၁၀ တွင်မှသာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ 

၈၈ လူထုအုံကြွမှုတွင်လည်း အကျဉ်းသားများလွှတ်ပေးပြီး ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ခြင်း၊ လမ်းပေါ်ထွက်သူတို့ ပစ်သတ်ခံရခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု ဦးစိုးထွန်းက ဆိုသည်။  

လက်ရှိအခြေအနေသည် ၁၉၈၈ ကာလနှင့် တူညီသည့် အချက်များရှိသော်လည်း ယခုမျိုးဆက်များ၏ တုံ့ပြန်ဖြေရှင်းပုံကောင်းသောကြောင့်သာ ယင်းကောလာဟလ ထောင်ချောက်အတွင်း မကျရောက်ခြင်းဖြစ်ကြောင်း အုံကြွမှုအဆက်ဆက်ကို ဖြတ်သန်းဖူးသူတချို့က ပြောပြကြသည်။

‘စစ်အာဏာရှင်အလိုမရှိကြောင်း’ ဝန်ကြီးများရုံးအနီးတွင် ထိုင်လျက်ဆန္ဒပြနေသူ အသက် ၅၈ နှစ်အရွယ် ဦးထွန်းထွန်းလင်းက စစ်တပ်၏ နိုင်ငံရေးထောင်ချောက်ကို မသိ၍ အကျအဆုံးများခဲ့ရသည် ဆိုသည်။

“၈၈ တုန်းကတော့ ကျွန်တော်တို့က နိုင်ငံရေးမသိခဲ့တော့ ကျောင်းသားတွေရော၊ ရဟန်းရှင်လူတွေရော အသေအကြေများတယ်။ အခုခေတ်လူငယ်လေးတွေကျတော့ စည်းလည်းစည်းလုံးတယ်။ ညီလည်းညီညွတ်တယ်” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သည်ဟု ဆိုကာ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီထိန်းသိမ်းလိုက်ပြီး အာဏာသိမ်းလိုက်သည်။

ထို့နောက် ဖေဖော်ဝါရီ ၆ မှ စတင်ကာ နိုင်ငံအနှံ့တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ အစိုးရဌာနပေါင်းစုံပါဝင်သော သန်းနှင့်ချီသော လူထုက စစ်အာဏာရှင်ကို ရှုတ်ချကြောင်း လမ်းပေါ်ထွက်၍ ချီတက်ဆန္ဒပြလျက် တွန်းလှန်နေကြသည်။

ဆန္ဒပြနေသူများကို စစ်တပ်နှင့်ရဲက အင်အားသုံး ဖြိုခွင်းမှုများရှိနေပြီး မန္တလေး၊ နေပြည်တော်အပါအဝင် မြို့တချို့တွင် အသေအပျောက်ရှိလာနေသည်။ 

စစ်အာဏာသိမ်းမှုကို အံတုပြီး ဒီမိုကရေစီဖော်ဆောင်ရေးလှုပ်ရှားမှုတွင် အများပြည်သူတို့ ဆက်လက်ကြံ့ကြံ့ခံ ရပ်တည်ရန်လည်း ဦးထွန်းထွန်းလင်းက တိုက်တွန်းလိုက်သည်။

“အောင်မြင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်အသက် သေနေ့ရောက်နေပါပြီ။ သေပါစေတော့ မထူးတော့ဘူး။ ရအောင်တိုက်မယ်။ မရ ရအောင်တိုက်မယ်ဗျာ။ ကျွန်တော့် ရင်သွေးလေးတွေ အခုမှ ပညာရေးအခွင့်အလမ်းလေးတွေ ရတယ်။ ဒါကို အခု ဒီလို ပြန်လုပ်တယ်ဆိုတော့ တိုက်မယ်ဗျာ၊ မခံနိုင်ဘူး”ဟု ဦးထွန်းထွန်းလင်းက ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading