ဗဟိုဘဏ် ရန်ကုန်ရုံး ဝန်ထမ်း ၁၀ ရာခိုင်နှုန်း CDM တွင် ပါဝင်

ဗဟိုဘဏ်တွင် တပ်ထွက် မိုးကျရွှေကိုယ်များစွာ ရှိနေပြီး အကြီးအကဲအချို့သည် CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းများကို အကျပ်ကိုင် ဖိအားပေးနေသည်။

ဖေဖေါ်ဝါရီ ၁၅ရက်နေ့က တွေ့ရသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံ - Myanmar Now)

ငွေကြေးနှင့် ငွေပေးချေမှုစနစ်အပါအဝင် ငွေရေးကြေးရေးကဏ္ဍအတွက် အဓိကအကျဆုံး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ရုံးမှ ဝန်ထမ်းပေါင်း ၁၀ ရာခိုင်နှုန်းကျော်သည် စစ်ကောင်စီကို ဆန့်ကျင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လျက်ရှိသည်။ 

ရန်ကုန်ရုံး ဝန်ထမ်းအင်အား ၁,၀၀၀ ကျော်အနက် ဝန်ထမ်း ၁၂၀ ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အမှားအယွင်းများသည်ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည့် စစ်ကောင်စီကို ဆန့်ကျင်အံတုနေသည်ဟု  ထိုလှုပ်ရှားမှုတွင်ပါဝင်နေသည့် ဗဟိုဘဏ်ဝန်ထမ်းတစ်ဦးက Myanmar Now ကိုပြောသည်။

“ကျွန်မတို့လိုချင်တာက ကျွန်မတို့ မဲပေးထားတဲ့ အစိုးရကိုပဲ လိုချင်တာ။ အခု မတရား သိမ်းပိုက်ထားတဲ့လူကို လက်မခံချင်ဘူး။ အခု CDM လုပ်တယ်ဆိုတာက အဓိက အဲ့ဒါကြောင့်ပဲ။ အဏာသိမ်းအစိုးရရဲ့လက်အောက်မှာ အလုပ်မလုပ်နိုင်ဘူး။ ကျွန်မတို့ ရှုံးနိမ့်သွားခဲ့သည်ရှိသော် တစ်သက်လုံး ဝန်ထမ်း မလုပ်ဘူး” ဟု အမည်မဖော်လိုသည့် ဗဟိုဘဏ်ဝန်ထမ်းက ဖေဖော်ဝါရီ ၁၈ တွင် ပြောသည်။

ဗွေဆော်ဦးတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ သဘောဆန္ဒအရ CDM တွင် ပါ၀င်သူ   ၇၀ ကျော် ရှိပြီး နောက်ပိုင်းတွင် အင်အားပိုများလာသည်ဟု ၎င်းကဆိုသည်။

“ထမင်းမငတ်ဘူး။ ဘာမှကြောက်စရာမလိုဘူး။ ကြောက်လည်းမကြောက်ဘူး။ အခုပြောတယ်။ အဖွဲ့အစည်းတွေ ဘာတွေနဲ့ချိတ်လား။ ကျွန်မတို့က ထောက်ပံ့တဲ့ပိုက်ဆံတွေလည်းမလိုချင်ဘူး။ ကျွန်မတို့ စိတ်ထဲက အစစ်အမှန်နဲ့ လုပ်တာ။ ပိုက်ဆံကြောင့်လုပ်တယ်ဆိုပြီးအပြောမခံနိုင်ဘူး။ တစ်ချို့အဲ့လိုပြောတဲ့လူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်နုတ်ထွက်ခြင်းမဟုတ်ဘဲ စစ်အုပ်ချုပ်ရေးယန္တရားအောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် CDM လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ထမ်းများက  ဖေဖော်ဝါရီ ၈ တွင်  သတင်း ထုတ်ပြန်ထားသည်။

ငွေရေးကြေးရေးကဏ္ဍအတွက် အဓိကကျသည့်အဖွဲ့အစည်းဖြစ်ခြင်းကြောင့်   CDM တွင်ပူးပေါင်းပါဝင်လျှင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားတွင် ငွေကြေးလည်ပတ်စီးဆင်းမှုရပ်တံ့ပြီး အကျပ်အတည်းတွေ့နိုင်သည်ဟု  ၀န်ထမ်းတို့က ယုံကြည်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်လက်အောက်တွင် စီမံခန့်ခွဲရေးဌာန၊ ငွေကြေးဌာန၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန၊ စာရင်းဌာန၊ သုတေသနနှင့် အလုပ်သင်ကြားရေးဌာန စသည်ဖြင့် ဌာနများစွာရှိပြီး CDM လှုပ်ရှားမှုတွင် အောက်ခြေအဆင့်ဘဏ်ဝန်ထမ်းများက အဓိကပူးပေါင်းခြင်းဖြစ်ကာ ရာထူးကြီးသည့်ဝန်ထမ်းများ ပါဝင်မှုနည်းပါးသည်ဟု ဆိုသည်။

ထို့အပြင် ဗဟိုဘဏ်တွင် ခေတ်အဆက်ဆက်ဆက်က စစ်တပ်ဘက်မှ ပြောင်းရွေ့လာခဲ့သည့် မိုးကျရွှေကိုယ် ဝန်ထမ်းများစွာရှိပြီး အချို့အကြီးအကဲများသည် CDM လှုပ်ရှားမှုပြုလုပ်နေသည့် ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို အကျပ်ကိုင်ပိတ်ပင်နေသည်ဟု ဝန်ထမ်းများကဆိုသည်။

ရန်ကုန် ဗဟိုဘဏ်ရုံးတွင် ဝန်ထမ်းများက လစဉ်စုဆောင်းထည့်ဝင်သည့် ငွေစုငွေချေးအဖွဲ့တစ်ခုရှိပြီး CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့် ဗဟိုဘဏ်ဝန်ထမ်းများအနေဖြင့် စုဆောင်းထည့်ဝင်ငွေ ပြန်လည်ထုတ်ယူရာတွင် အလုပ်ထွက်စာနှင့် ငွေစုငွေကြေးအသင်းမှနှုတ်ထွက်စာတင်သွင်းရန် အကျပ်ကိုင်နေသည်ဟု အဆိုပါ အမည်မဖော်လိုသည့် ဝန်ထမ်းကပင် ဆက်ပြောသည်။

စစ်ကောင်စီသည် CDM တွင်ပါဝင်သော ဝန်ထမ်းများကို ဖမ်းဆီး၊ ဖိအားပေးနေသဖြင့် ဗဟိုဘဏ်ဝန်ထမ်းများထဲတွင်  နေရာရွေ့ပြောင်းနေထိုင်သူများရှိသည့်နည်းတူ တချို့က အစိုးရဝန်ထမ်းအိမ်ရာများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုပ်သည် နေပြည်တော်တွင်ရှိပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် ရုံးခွဲတစ်ခုစီရှိသည်။

ဗဟိုဘဏ် မန္တလေးရုံးခွဲတွင် ဝန်ထမ်းစုစုပေါင်း ၂၀၀ အထက်ရှိနိုင်ပြီး  CDM တွင်ပါဝင်သည့် ဝန်ထမ်းစုစုပေါင်း ၅၀ ကျော်ရှိကြောင်း၊ အာဏာသိမ်းမှုကို သဘောမကျ၊ စစ်ကောင်စီကို လက်မခံသော်လည်း ကာလာရှည်ကြာလုပ်ကိုင်ခဲ့သည့်လုပ်သက်ကို နှမြောသည့်ဝန်ထမ်းများနှင့် ပင်စင်ရယူခါနီးဝန်ထမ်းများမှာ အာဏာဖီဆန်မှုတွင် မပါဝင်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဗဟိုဘဏ်ဒုတိယ ဥက္ကဌအဖြစ်ခန့်အပ်ခံရသူ ဦးဝင်းသော်က   ဝန်ထမ်း ၈၀ ရာခိုင်နှုန်း ပုံမှန်ရုံးတက်နေပြီး နေပြည်တော်ရုံးချုပ်တွင် ၈၉ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

အာဏာသိမ်းယူလိုက်ပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်ဦးဆောင်သည့် စစ်ကောင်စီက ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်ကို ရာထူးမှဖယ်ရှားခဲ့သည်အပြင် ဒုတိယဥက္ကဌ တစ်ဦးဖြစ်သည့် ဦးဘိုဘိုငယ်ကို ဖမ်းဆီးထားသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြား လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့အဖြစ် ဥက္ကဌ ၁ ဦး၊ ဒုတိယဥက္ကဌ ၃ ဦးနှင့် အဖွဲ့ဝင်များ ၅ ဦး စုစုပေါင်း ၉ ဦးကို ပြည်ထောင်စုလွှတ်တော်၏  သဘောတူညီချက်ဖြင့် သမ္မတကခန့်အပ်ရမည် ဖြစ်သည်။ 

ဗဟိုဘဏ် ဥက္ကဌ၏ သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၄ နှစ်ဖြစ်ပြီး၂၀၁၈ တွင် သမ္မတက အမည်စာရင်းတင်သွင်းခန့်အပ်ခဲ့သည့် ဦးကျော်ကျော်မောင်ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားပြီး တပ်မတော်အစိုးရနှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဗဟိုဘဏ် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးသန်းညိမ်းကို အစားထိုးခန့်အပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်နေသည့် ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေတို့ကို ဒုတိယဥက္ကဌများအဖြစ်ခန့်အပ်ခဲ့ပြီး ဒေါက်တာခင်နိုင်ဦး၊ ဦးအောင်ကျော်သန်း၊ ဦးကျော်ဝင်း၊ ဒေါက်တာလင်းအောင် စသည့်ပုဂ္ဂိုလ်များကို အဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ရှိငွေများကို စစ်တပ်သိမ်းယူသွားသည်ဟုသော သတင်းများ ထွက်ပေါ်လာသော်လည်း မမှန်ကြောင်း စစ်ကောင်စီကခန့်အပ်သည့် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဝင်းသော်က ပြောဆိုထားသည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ မှ ၈ ရက်အထိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် ငွေအမြောက်အမြားထုတ်ယူမှုရှိခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ဗဟိုဘဏ်မှ ငွေကြေးထုတ်ယူသည့်ပုံစံမျိုးမတွေ့ရကြောင်း CDM ပြုလုပ်နေသည့် ဗဟိုဘဏ်ဝန်ထမ်းများက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ အာဏာသိမ်းယူထားသည့် စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများကို နိုင်ငံတစ်ဝန်းပြုလုပ်လျက်ရှိနေပြီး အစိုးရဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်ရန် အလွှာပေါင်းစုံမှ စစ်အာဏာရှင်ဆန်ကျင်သူများက တိုက်တွန်းနေကြသည်။

ပြီးခဲ့သည့်ရက်များကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြသူများက  ၀န်ထမ်းများ “ရုံးမတက်ဘဲ ရုန်းထွက်ရန်” ရန်ကုန်ရှိ ဗဟိုဘဏ်ရုံးရှေ့တွင် တောင်းဆိုဆန္ဒပြခဲ့ပြီး စစ်တပ်က သံချပ်ကာကား ချထားကာ လုံခြုံရေးယူထားခဲ့သည်။

 အင်တာနက်စာမျက်နှာပေါ်သို့ ရောက်လာသော အများစိတ်၀င်စားနေကြသည့် တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းတစ်ခုတွင် ရုံးဝန်ထမ်းများ ရုံးမတက်ဘဲ ပြတ်ပြတ်သားသား အာဏာဖီဆန်ကြသောကြောင့် ဌာနဆိုင်ရာများတွင် ဦးစီးအရာရှိများ လုပ်ငန်းခွင်အခက်အခဲနှင့် ရင်ဆိုင်နေရပုံမှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading