ဒုက္ခသည်များအတွက် “စံပြကျေးရွာ”

ငွေပျော်စံပြကျေးရွာမှ ကလေးများ (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)

မြစ်ကြီးနား - ကချင်ပြည်နယ် တောင်ပြာတန်းတွေကြားထဲက ငွေပျော်စံပြကျေးရွာကို ဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသောလမ်းကတော့ မိုးတွင်းမှာ ဗွက်ထူတဲ့ မြေနီလမ်းလေးဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ တစ်နာရီခွဲကြာအောင် ကားနဲ့သွားရပါတယ်။

အစိုးရက ၂ဝ၁၄ မေလမှာ ထူထောင်ပေးတဲ့ ဒီစံပြကျေးရွာမှာ အရိပ်ရအပင်ကြီးများ မရှိပါဘူး။ ပုံစံတူအိမ် ၃ဝဝ နီးပါးကို တွေ့ရပါတယ်။ စံပြရွာရဲ့မြေသားက ဂဝံမြေဖြစ်တဲ့အတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ရေး မအောင်မြင်ရုံသာမက နေ့စားအလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် အပိုငွေရှာဖို့ မလွယ်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

“တစ်လလုံးနေမှ သုံးလေးကြိမ်လောက်ပဲ နေ့စားလုပ်လို့ရပါတယ်။ နေ့စားလုပ်လို့ ရတဲ့ငွေကိုလည်း ချက်ချင်း မရှင်းပေးပါဘူး။ အလုပ်လုပ်ပြီး သုံးလေးရက်ကြာမှ ရှင်းပေးပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် မလဲ့ဝေခိုင်က ပြောပြပါတယ်။

စံပြရွာရောက်နေသူတွေထဲက တချို့လည်း ပယင်းကျောက် လက်ဝတ်ရတနာပစ္စည်း ထုတ်လုပ်တဲ့ အိမ်တွင်းမှုလုပ်ငန်း၊ အနီးအနား ရာဘာခြံများမှာ နေ့စား၊ သုံးဘီးနဲ့ ဆိုင်ကယ်တက္ကစီ မောင်းခြင်း စသဖြင့် လုပ်ကိုင်ပြီး ငွေရှာကြတယ်လို့ သူက ရှင်းပြပါတယ်။

မိသားစုဝင်တွေ အလုပ်အကိုင်ရှာဖွေရင်းနဲ့ တစ်ကွဲတစ်ပြား ဖြစ်သွားကြရာမှာ စံပြရွာ လူလတ်ပိုင်းအများစုက မြစ်ကြီးနားနဲ့ တခြားမြို့ကြီးတွေအထိ သွားကြပါတယ်။

အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ချိုကြည်ကတော့ ရွာထဲမှာ အဝတ်လျှော်၊ တောထဲထင်းသွားခွေတဲ့နည်းနဲ့ အပိုငွေနည်းနည်း ရှာနိုင်သူပါ။ သူ့မိသားစုဝင်တွေလည်း ဟိုရောက်ဒီရောက်ပါပဲ။

“ကျွန်မ သမီးက ပယင်းအတိုအစလေးတွေယူပြီး ရန်ကုန်မှာသွားရောင်းပါတယ်။ မြေးမလေးနဲ့ ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

သူက ပယင်းကျောက်သွေးတဲ့အလုပ်နဲ့ အနီးအနားခြံများမှာ နေ့စားသွားလုပ်လိုပေမဲ့ သူ့အသက်အရွယ်ကြောင့် သူ့ကိုအလုပ်ပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။

ဝိုင်းမော်ဒုက္ခသည်စခန်းကနေ စံပြရွာ ရောက်လာသူ ဒေါ်လဲ့ဝေခိုင်က ရွာကနေ ခွာဖို့ ခက်ခဲနေပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သူ့ညီမကို ထားခဲ့ပြီး မြို့မှာ အလုပ်သွားလုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။

ထရံကာသွပ်မိုးအိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရွာအတွက် သောက်သုံးရေကန်က သုံးကန် ရှိပါတယ်၊ တစ်ရွာလုံးအတွက် တစ်ခုတည်းသော ဆေးခန်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လွန်ခဲ့တဲ့လအနည်းခန့်အထိ တာဝန်ယူခဲ့သူ ဦအောင်ဆွေရဲ့အိမ်မှာပါ။

“နေရေးအတွက်တော့ ပူစရာမလိုပေမဲ့ စားရေးအတွက်တော့ပူနေရတယ်” လို့ ဦးအောင်ဆွေက ပြောပါတယ်။

သို့ပေမဲ့ အမိုးအကာ ဆွေးမြည့်လာကြတဲ့ ရွာထဲကအိမ်တွေကို ဒီမိုးတွင်းအလွန်မှာ ပြန်လည်ပြုပြင်သင့်ပြီလို့ သူက ဆိုပါတယ်။

၂ဝ၁၁ နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားတွေကို နေရာပေးဖို့ ဆိုပြီး အစိုးရက ငွေပျော်စံပြရွာကို စစ်ရှောင်စခန်းတွေနဲ့ မတူတဲ့ ခိုလှုံစရာနေရာတစ်ခုအဖြစ် ထူထောင်ခဲ့တာပါ။

စစ်ပွဲ ၄ နှစ်ကြာမှာတော့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းဘက်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော် ရှိလာပါပြီ။ အဲဒီထဲက ထက်ဝက်ခန့်ဟာ အစိုးရထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတယ်၊ ကျန်တဲ့ထက်ဝက်က ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေထဲက စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ စာရင်းတွေအရ သိရပါတယ်။

အစိုးရထိန်းချုပ်နယ်မြေထဲမှာတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ထောက်ပံ့နေပါတယ်။ သူပုန်ထိန်းချုပ်နယ်မြေတွေကိုတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ ရှိတာကြောင့် လက်လှမ်းမမီနိုင်ပါဘူး။

ငွေပျော်မှာတော့ ဒုက္ခသည်တစ်ဦးကို ကျပ် ၁၂,၅ဝဝ လစဉ် ထောက်ပံ့တယ်လို့ ရန်ကုန် UNOCHA က ဆိုပါတယ်။ ဝိုင်းမော်၊ သာကရ၊ မြစ်ကြီးနား၊ မိုင်းနား စတဲ့ မြို့တွေကနေ စစ်ရှောင်လာကြတဲ့ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသားတချို့ ငွေပျော်မှာ ရှိနေတာပါ။

ဝိုင်းမော်မြို့နယ်၊ နမ့်ဆာရမ်ကျေးရွာကနေ တိမ်းရှောင်လာရတဲ့ဒေါ်ခင်ချိုကြည်က လွန်ခဲ့တဲ့ လေးနှစ် ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ “ဝုန်း” “ဒိုင်း” ဆိုတဲ့ သေနတ်သံ၊ ဗုံးသံတွေကြောင့် သူတို့မိသားစုပိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ပစ်ထားပြီး တခြားသော ဒေသခံတွေလိုပဲ မြို့ပေါ်က ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာခဲ့သူပါ။

“ရွာက ထွက်ပြေးတုန်းက မသေအောင်မနည်း အသက်လုပြီး ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ ယူချိန် မရလိုက်ဘူး” လို့ ဒေါ်ခင်ချိုကြည်က ပြန်ပြောပြပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်း ကချင်ပြည်နယ်ရောက်လာတဲ့ ရန်ကုန်သူ ဒေါ်ခင်ချိုကြည်က ဒုက္ခသည်စခန်းမှာ ၃ နှစ်ဝန်းကျင် ခိုလှုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံအာဏာပိုင်တို့ ထူထောင်ပေးတဲ့ “စံပြကျေးရွာ” ကို ပြောင်းရွှေ့နေထိုင်သူတွေထဲမှာ ဒေါ်ခင်ချိုကြည်တို့ မိသားစုလည်း ပါဝင်သွားပါတယ်။

ငွေပျော် အပါအဝင် ကချင်ပြည်နယ် ဒေသအသီးသီးရှိ စစ်ဘေးရှောင်သူများနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းပေမဲ့လည်း အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။

စံပြကျေးရွာထက် ပိုမို ကောင်းမွန်တဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှာ လုပ်ကိုင်နေတဲ့ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။

“ငွေပျော်စံပြကျေးရွာ တည်ထောင်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်မှ သူတို့ ပြန်နိုင်မှာပါ” လို့ သူက Myanmar Now ကို ပြောပါတယ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading