သန်းခေါင်ယံ ဧည့်ဆိုးကြီး ပြန်လာပြီ  

၄ နှစ်ကြာ ပျောက်ကွယ်သွားသော ဧည့်စာရင်းစနစ် သို့မဟုတ် သန်းခေါင်ယံဧည့်ဆိုးသည် အများပြည်သူ၏ လုံခြုံရေးကို ချိုးဖောက်ရန် အသင့်အနေထားဖြင့် စောင့်ဆိုင်းနေသည်

Published on Feb 20, 2021
ဖေဖော်ဝါရီီ ၂၀ ရက်နေ့က အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုကို စစ်တပ်ကဖြိုခွင်းခဲ့သည်။
ဖေဖော်ဝါရီီ ၂၀ ရက်နေ့က အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုကို စစ်တပ်ကဖြိုခွင်းခဲ့သည်။

၂၀၂၁ တွင် အနည်းဆုံး အသက် ၃၀ ကျော်ဝန်းကျင် ရှိနေသူများပင်လျှင် သန်းခေါင်ယံဧည့်ဆိုးအကြောင်း ကောင်းကောင်း သိကြသည်။

ကိုလိုနီအုပ်ချုပ်ရေးမှ စတင်မွေးဖွားခဲ့သော သန်းခေါင်ယံဧည့်ဆိုးကို စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက် ဆင့်ကဲ မွေးမြူခဲ့ကြသည်။ 

ဖေဖော်ဝါရီ ၁  အာဏာသိမ်းအပြီး ပူပူနွေးနွေးဖွဲ့စည်းလိုက်သော နစအ စစ်ကောင်စီကလည်း NLD အစိုးရလက်ထက် ပျောက်ကွယ်သွားသည့် သန်းခေါင်ယံဧည့်ဆိုးကို ပြန်အသက်သွင်းရန် ကြိုးစားနေပြီဖြစ်သည်။

ဧည့်ဆိုးကြီး အသက်ဝင်သည့်အခါ လူအများ အိပ်မောကျနေသည့် ညနက်သန်းခေါင်တွင် ကြိုတင်အကြောင်းမကြားဘဲ အိမ်ရှေ့တံခါးပေါက်သို့  ရောက်ချလာမည် ။ တံခါးကို ခေါက်မည်။ လူစိမ်းရှိလား စစ်မည်ဆိုကာ တစ်အိမ်လုံး ဗြောင်းဆန်အောင် ရှာဖွေကောင်း ရှာဖွေလိမ့်မည်။ လင်မယား သို့မဟုတ် သားပျိုသမီးပျိုတို့၏ ခြင်ထောင်ကို လှန်ကြည့်ကြလိမ့်မည်။

ထိုအဖြစ်အပျက်များကို ဧည့်ဆိုးကြီး တန်ခိုးထွားစဉ် တစ်နည်းအားဖြင့် မည်သူမျှ လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးထံ ဧည့်စာရင်းမှန်မှန် တိုင်ရသည့်ခေတ်တွင် ကြုံခဲ့ရသူများ ရှိသည်။   

10 D  လှုပ်ရှားမှုဟု ထင်ရှားသော ၁၉၉၁၊ ဒီဇင်ဘာ ၁၀  ကျောင်းသားလှုပ်ရှားမှုဖြင့် ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရသည့် ကိုအောင်မျိုးကျော်က နိုင်ငံရေးသမားများကို ပုဒ်မတပ်စရာ မရှိပါက ဧည့်စာရင်းမှုဖြင့် ထောင်ချတတ်သည့်အပြင် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ လူရှာဖွေခြင်းထက် စာရွက်စာတမ်းများ၊ ပစ္စည်းများ မွှေနှောက်ရှာဖွေပြီး မိသားစုဝင်များကိုလည်း ဒုက္ခပေးကြောင်းဆိုသည်။

“ကျွန်တော်တို့ ထောင်ကျနေတဲ့အချိန်မှာ ကျွန်တော်တို့ အိမ်တွေကို ဝင်စစ်တယ်။ ကျွန်တော်တို့ ညီမငယ်တွေရဲ့ ခြင်ထောင်တွေကို လှန်တယ်။ အတင်းဝင်ရှာတယ်။ ကျွန်တော်တို့ကို ထောင်ထဲမှာ ထည့်ထားတာ အားမရဘူး။ နောက်က မိသားစုကိုပါ စိတ်ဒုက္ခပေးတာ။ မိသားစုက တံခါးလာခေါက်ပြီဆိုရင် စိုးရိမ်နေရတယ်။ စိတ်ပူတယ်။ စိတ်ဒုက္ခတွေ ရောက်တယ်” ဟု ၎င်းက ပြောသည်။

အစိုးရက မနှစ်မြို့သည့် နိုင်ငံရေးသမားများကို ရှာဖွေပေးသည့်စနစ်တွင် သာမန်မိသားစုများလည်း သောကမျိုးစုံခံစားခဲ့ရကြောင်း ထိုခေတ်ကို ပြန်ပြောင်းပြောပြသူများက ဆိုသည်။

mid_night_arrests.jpg

အာဏာသိမ်းသည့်နေ့မှစ၍ ညအချိန်မတော် စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ.များက ဖမ်းဆီးမှုများပြုလုပ်နေသည်။ 

သန်းခေါင်ယံ ဧည့်ဆိုး

အမေရိကန်ပြည်ထောင်စု၌ နေထိုင်သည့် အသက် ၃၀ အရွယ် ဆရာဝန် ဒေါက်တာချစ်ဆွေသည် စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့် ကာလများကို အမှတ်ရနေသေးသည်။

မန္တလေးမှ ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်သည့်အခါ မိသားစုသန်းခေါင်စာရင်း (အိမ်ထောင်စုစာရင်း) ရရှိရန် ခက်ခဲသောကြောင့် ဧည့်စာရင်း တိုင်ကြားရတော့သည်။

အိမ်ထောင်စုဇယား မရှိပါက တစ်ပတ်တစ်ခါ ပုံမှန်တိုင်ရပြီး အိမ်ထောင်စုစာရင်း ရှိပါကလည်း နေအိမ်တွင် ဧည့်သည်ရောက်လျှင် ဧည့်စာရင်းမတိုင်ပါက ငွေဒဏ် သို့မဟုတ် အိမ်ထောင်ဦးစီးကို ထောင် ၇ ရက် ပြစ်ဒဏ်ချနိုင်သည်။ 

ထို့ကြောင့်  မိသားစု ၉ ယောက်ရှိသော ဒေါက်တာကျော်ဆွေတို့မိသားစုသည် တစ်ပတ်လျှင်တစ်ခါ ရပ်ကွက်ရုံးတွင် မှန်မှန် ဧည့်စာရင်းတိုင်ရတော့သည်။

ငွေကြေးပေးရန် မသတ်မှတ်ထားသော်လည်း အလှူငွေဟု ခေါ်မလား လက်ဖက်ရည်ဖိုးဆိုလား မသိသည့် ဧည့်စာရင်း တစ်ခါတိုင်လျင် ငါးရာ၊ တစ်ထောင် ပေးရလေ့ရှိသည်။

“လာစစ်လို့ ဧည့်စာရင်း မတိုင်ထားရင် ကျွန်တော့အဖေ အဖမ်းခံရမှာလေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး အရက်သမားက ညသန်းခေါင်ကျော်မှ မူးရူးပြီးရောက်လာတာ။ (ဧည့်စာရင်း) တခြားတိုင်ချင်တဲ့ သုံး၊ လေးယောက်နဲ့ စောင့်ရတာ ” ဟု ဒေါက်တာချစ်ဆွေက ပြောသည်။

ဧည့်စာရင်းက ပုံမှန်စစ်သည်တော့ မဟုတ်ပေ။ သို့ရာတွင် ညကြီးအချိန်မတော်မှ "ဧည့်စာရင်း စစ်မယ်ဟေ့" ဆိုတာ ဓာတ်မီးတစ်ဝင်းဝင်းနဲ့ ရောက်ချလာလေ့ရှိသည်။ 

ထိုအခါ မိသားစုအကုန်လုံး ထ၍ တိုင်ကြားထားသော ဧည့်စာရင်းစာရွက်ကို ပြ၍ မိသားစုအကုန်လုံး လူစေ့ တန်းစီပြရသည်။ အိပ်နေသော ကလေးရှိသည်ဆိုရင်လည်း မပြောမဆို ခြင်ထောင်လှန်ကြည့်ကာ စစ်ဆေးတတ်သည်။  

"ညအိပ်ညနေ ဧည့်သည်တွေလည်း လက်မခံရဲဘူး။ မလွဲသာမရှောင်သာ လာပြီဆိုလည်း ညတွင်းချင်း ဧည့်စာရင်းတိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အဲဒီကောင် မလာမချင်း ထိုင်စောင့်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၌ နေထိုင်သော ဒေါက်တာချစ်ဆွေအတွက် အဓိကကွာခြားမှုမှာ အကြောက်တရားသာ ဖြစ်သည်ဟု ဆိုသည်။ 

“ကြောက်လန့်ပြီး မရှင်သန်ချင်ဘူး။ ကိုယ်တစ်ခုခု ပြောလိုက်လို့ ကြောက်နေရမှာ၊ ကိုယ့်ကို တစ်ခုခု ထိခိုက်သွားမှာ၊ ကိုယ့်မိသားစု ထိခိုက်သွားမှာ၊  ဒီနိုင်ငံမှာ အဲဒါတွေ ကြောက်ဖို့ မလိုဘူး။ မြန်မာပြည်မှာ စစ်အုပ်ချုပ်မှုသာ ရှိခဲ့ရင် အဲဒါတွေ တကယ်ကြောက်ရတော့မှာ” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးသမားများနှင့် ၎င်းတို့၏မိသားစုဝင်ကို စိတ်ဒုက္ခပေးရန်အပြင် အိမ်ရှင်များက အိမ်ငှားများကို မောင်းထုတ်ချင်သည့်အခါတိုင်း ဧည့်စာရင်း မတိုင်ပေးသောနည်းဖြင့် အနိုင်ကျင့်နှိပ်စက်မှုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ငွေတောင်းအနိုင်ကျင့်မှုများ ရှိခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

“အိမ်ရှင်တွေကလည်း လက်မခံရဲ၊ လက်မခံရဲလို့ ဧည့်စာရင်းတိုင်တော့လည်း လိုက်ဖမ်း။ အဲဒီလို ခေတ်အဆက်ဆက်က နိုင်ငံရေးသမားတွေကို အဓိကနှိပ်စက်ခဲ့တဲ့ ဥပဒေပဲဗျ။ အာဏာရှိတဲ့သူနဲ့ ပစ္စည်းရှိတဲ့သူဘက်က ကာကွယ်တဲ့ ဥပဒေအနေနဲ့ ဧည့်စာရင်းက ပြဌာန်းခဲ့တာ။ ဘယ်နိုင်ငံမှလည်း ဧည့်စာရင်းဥပဒေဆိုတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်အစိုးရ၏ လူဖမ်း၊ လူစစ်ကို အထောက်အကူပေးသည့် ဧည့်စာရင်းတိုင်ခြင်းသည် ၂၀၁၆ ခုနှစ်လောက်ထိ သက်ဆိုးရှည်ခဲ့သည်။

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်သို့ ကျရောက်ပြီး ရာစုနှစ်ဝက်နီးနီးကြာမြင့်ပြီးနောက် ပထမဆုံး အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထက်ထက်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၏ ပုဒ်မ ၁၃ (ဆ) ဖြစ်သည့် အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ လာရောက်တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံ၊ ခွင့်ပြု၊ စစ်ဆေးခြင်းနှင့် ပျက်ကွက်ပါက အရေးယူခြင်းဆိုသည့် အချက်များကို လွှတ်တော်၌ ၂၀၁၆ တွင် တရားဝင်ပယ်ဖျက်ခဲ့သည်။

ဧည့်စာရင်း ပြန်အသက်သွင်း

အာဏာရ NLD ပါတီ  ၂၀၂၀  အထွေထွေရွေးကောက်ပွဲကို အပြတ်အသတ် ထပ်မံအနိုင်ရသည့်အခါ တပ်မတော်က အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီသည် ဧည့်စာရင်းဥပဒေအပါအဝင် လူ့အခွင့်အရေးအလေးထား၍ NLD သက်တမ်းအတွင်း အတည်ပြုခဲ့သည့် အခြားသော ဥပဒေများကို ပြောင်းလဲအတည်ပြုနေသည်။

ယင်းဥပဒေအရ ညအိပ်ညနေ ဧည့်သည်လာရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာသွားခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ခွင့်တောင်းရမည် ဖြစ်သည်။

ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက ဒဏ်ငွေ တစ်သောင်း သို့ မဟုတ် ထောင်ဒဏ် ၇ ရက်ကို သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်ဟု ပါရှိသည်။ စစ်ကောင်စီက ယင်းအချက်များကို အာဏာသိမ်းပြီး ၁၃ ရက်မြောက်တွင် ပြဌာန်းခြင်းဖြစ်သည်။

စစ်အာဏာရှင်လက်ထက်များအတိုင်း ဧည့်စာရင်းတိုင်ရတော့မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့်အခါ သန်းခေါင်ယံအိပ်မက်ဆိုးကြီးများ ပြန်လာတော့မည်၊ ဧည့်ဆိုးကြီးတွေ ပြန်အသက်ဝင်လာတော့မည်ဟု ထိုခေတ်များကို ဖြတ်သန်းသူများက ခါးခါးသီးသီး ငြင်းဆန်နေကြခြင်း ဖြစ်သည်။

အာဏာသိမ်းမှုကို ပြည်လုံးကျွတ် ဆန့်ကျင်နေသည့် အချိန်တွင် ဧည့်စာရင်းတိုင်ရမည်ဟု ဥပဒေ ပြန်လည်ပြဌာန်းခြင်းမှာ ဆန္ဒပြသူများကို ဖမ်းဆီးရေးသက်သက်အတွက်ဟု လူအများက နားလည်ကြသည်။

လူရှာစာရင်း 

လက်ရှိအချိန်တွင် စစ်အုပ်ချုပ်မှုယန္တရားရပ်တန့်ပြီး အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် “မတရားသည့် အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူသည့် နိုင်ငံ့ဝန်ထမ်းများ ရုံးမတက်ရေးလှုပ်ရှားမှုသည် အလွန်ပြင်းထန်ပြီး ဘဏ်လုပ်ငန်း ရပ်တန့်သည်အထိ ဖြစ်ပေါ်နေသည်။ ၎င်းလှုပ်ရှားမှုသည် Civil Disobedience Movement (CDM) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်များအရ ဧည့်စာရင်းတိုင်ရမည့်ဥပဒေ ပြဌာန်းခြင်းနှင့်အတူ စစ်အာဏာရှင်ကို အထိနာစေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM၌ ပါဝင်သော ဝန်ထမ်းများ၊ အာဏာရ NLD ပါတီဝင်များအပါအဝင် သတင်းသမားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စသည်ဖြင့် ဖမ်းဆီးခံရသည်မှာ ၅၀၀ ကျော်ပြီဖြစ်သည်။ 

ဖမ်းဆီးခံရသူ အများအပြားသည် ညနက်သန်းခေါင်တွင် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အိမ်တံခါးခေါက်၍ မေးမြန်းစရာရှိသည်ဆိုကာ ခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းအပြီး ၈ ရက်အကြာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ည ၈ နာရီမှ နံနက် ၄ နာရီ အထိ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ပြီး “သန်းခေါင်ယံ လူဖမ်းပွဲ”ဟု အများက ခေါ်ဝေါ်သည့် ဖမ်းဆီးထိန်းသိမ်းရေးလုပ်ဆောင်မှုများအနက် တချို့ကို မှတ်တမ်းတင် ရိုက်ကူးထားသည့် ရုပ်သံများ အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။  

ညနက်သန်းခေါင် ဖမ်းဝရမ်းပြသခြင်း မရှိဘဲ ဖမ်းဆီးခေါ်ဆောင်ခြင်းမှာ ဥပဒေနှင့် မညီညွတ်ကြောင်း ဥပဒေကျွမ်းကျင်သူများ ဝေဖန်သံ ညံစီပြီးသည့်နောက် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၌ ဖမ်းဝရမ်းမပါဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်ဖြင့် အိမ်တွင်းဝင်ရောက် စစ်ဆေးရှာဖွေနိုင်သည့် ဧည့်စာရင်းတိုင်ကြားရေးအချက်ကို ယခင် စစ်ကောင်စီခေတ်များအတိုင်း ပြန်လည်ထည့်သွင်းလိုက်သည်။

ကိုယ်ထူကိုယ်ထ ကင်းသမား

ဧည့်စာရင်းဥပဒေ မထုတ်ပြန်မီ သန်းခေါင်ယံလူဖမ်းပွဲ စပြီး တစ်ရက်၊ နှစ်ရက်အတွင်း မြို့ကြီးများတွင် လူထုက ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ ကင်းစောင့်ကြခြင်းဖြင့် ဝင်ရောက်ဖမ်းဆီးခွင့်ကို အဟန့်အတားပြုကြသည်။ ကင်းစောင့်သည့် အစီအစဉ်မှာ ရုတ်တရက် ရောက်လာတတ်သည့် လူဆိုးသူခိုးများရန်မှ ကာကွယ်ရေးအတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပြည်သူများက ရပ်ကွက်အတွင်း လူလာဖမ်းပါက သံပုံးများ တရစပ်တီးလွှတ်၍ ဝိုင်းထားလိုက်ကြပြီး ဖမ်းဆီးခံရမည့်သူကို ကာကွယ်ပေးကြသည်။  

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ခေါင်းဆောင် အသက် ၂၆ နှစ်အရွယ် အိသဉ္ဇာမောင်က စစ်ကောင်စီ၏ ဧည့်စာရင်းတိုင်ကြားရေးစနစ်မှာ CDM လှုပ်ရှားမှု ပြုလုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများကို အရေးယူရန် ဦးတည်နေခြင်းဖြစ်၍ ပြည်သူများက မလိုက်နာဘဲ ဖမ်းဆီးလာပါက မောင်းထုတ်ကြရန် တိုက်တွန်းသည်။ 

၎င်းတို့ကဲ့သို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ရပ်ကွက်လုံခြုံရေး ဆောင်ရွက်ကြရန်နှင့် မတရားသော အမိန့်အာဏာဟူသမျှကို ဆန့်ကျင်ရေးအတွက် စစ်ကောင်စီက ထုတ်ပြန်သော အမိန့် ၊ ညွှန်ကြားချက်များကို မလိုက်နာရန် လှုံ့ဆော်ထားသည်။

AAPP ၏ ရန်ကုန်ရုံးတာဝန်ခံ ကိုအောင်မျိုးကျော်က “ပြည်သူအတွက် အကျိုးပြုတဲ့ ဥပဒေမဟုတ်ဘူး။ ဒီအတွက် လွှတ်တော်ကနေ ဒီဥပဒေကို (ဧည့်စာရင်း တိုင်ရမည့် ဥပဒေ) ပယ်ဖျက်ထားတာ ဖြစ်တယ်။ ဒါကို သူတို့က လက်နက်ကို အားကိုးပြီးတော့ မတရားသဖြင့် ပြန်ပြီးတော့ ပြဌာန်းလိုက်တာ ဖြစ်တယ်။ ဒါကြောင့် လိုက်နာမှာလည်း မဟုတ်ဘူး။ ဧည့်စာရင်းတိုင်မှာလည်း မဟုတ်ဘူး။ လိုလည်းမလိုဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ ဖြစ်တယ်” ဟု ပြောသည်။

CDM ပါ ထွေအုပ်ဝန်ထမ်း

သာကေတမြို့နယ် ထူပါရုံ ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၄၉ နှစ်အရွယ် ကိုမျိုးမင်းလတ်က ဧည့်စာရင်းတိုင်ရခြင်းစနစ်မှာ ရပ်ကွက်အတွင်း လူစိမ်းဝင်လျင် ချက်ချင်းသိရှိအောင် ဆောင်ရွက်ရသည့် စနစ်ဖြစ်ပြီး သန်းခေါင်ယံ ဧည့်စာရင်းစစ်သည့်အခါ မသင်္ကာဖွယ်ရှိသည့် အိမ်များကို ဦးတည်ရှာဖွေပြီး တစ်အိမ်လုံး အိပ်စုံမှုံမွှားဖြင့် ထထိုင်ကြရ၍ တစ်အိမ်လုံးမွှေနှောက် ရှာဖွေသည်ကို ထိုင်ကြည့်နေရကြောင်း ၎င်းက ဆိုသည်။

“ဧည့်စာရင်းတိုင်ရမယ်ဆိုတာက သူတို့ လုပ်ချင်တာ သူတို့လုပ်တာလေ။ ကျွန်တော်တို့ ပြည်သူတွေက ဘယ်သူကမှ လက်မခံဘူး။ ရှုံ့လည်း ရှုံ့ချတယ်။ အချိန်မရွေးတံခါးခေါက်ပြီး ဝင်ရှာလို့ရတဲ့ စနစ်ဆိုးကတော့ မကြိုက်ဘူး။ ပြည်သူတွေကို အချိန်မရွေးဒုက္ခပေးလို့ရတဲ့ ပုံစံကြီး ကျွန်တော်တို့ကတော့ မကြိုက်ပါဘူး” ဟု ဆိုသည်။

၎င်းသည် သာကေတမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပထမဆုံးပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်၏ ဖိအားပေးခိုင်းစေမှုများကို မဆောင်ရွက်လို၍ CDM တွင် ပါဝင်ရကြောင်း Myanmar Now ကို ပြောသည်။

“ဧည့်စာရင်းဥပဒေနဲ့ ပတ်သက်ပြီး ကိုယ့်ရပ်ရွာက ပြည်သူတွေကို ဒီလိုမျိုးလုပ်မယ်ဆိုရင် ကျွန်တော်တော့ လုပ်ဖို့ ဆန္ဒမရှိဘူး။ ကျွန်တော့် ပြည်သူကို ကျွန်တော် ဘယ်တော့မှ ဒုက္ခမပေးဘူး။ ပြည်သူက တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူးကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ။ အစိုးရက တင်မြှောက်တဲ့ အုပ်ချုပ်ရေးမှူး ဘယ်တော့မှ မဖြစ်ချင်ဘူး” ဟု ၎င်းက ဆိုသည်။  

စတင်လှုပ်ရှား

ဧည့်ဆိုးကြီးကို အသက်သွင်းနိုင်ရေးအတွက် အရပ်ကွက်တချို့တွင် ဧည့်စာရင်းတိုင်ကြားရမည့် စာရွက်စာတမ်းများကို ရပ်ကွက်နေ ပြည်သူများထံ စတင် ဝေပေးနေပြီ။ 

တစ်လနှင့်အထက် နေထိုင်မည်ဖြစ်၍ အနေကြာစာရင်း ထည့်သွင်းပေးပါရန်ဟူသည့် စာရွက်စာတမ်းဖြစ်ပြီး “ဧည့်သည်များသည် ပြေး(၄)ပြေး၊ ခိုး၊ဆိုး၊ခါး၊ နှိုက် မှုများနှင့်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်သည့်ကိစ္စများ၊ လက်နက်ခဲယမ်းကိစ္စများ လုံးဝ (လုံးဝ) ကင်းရှင်းကြောင်း ကျွန်တော်/ကျွန်မ အိမ်ရှင်က ဝန်ခံကတိပြုပါသည်” ဟု စာသားပါရှိပြီး ဧည့်သည်ရောက်ရှိချိန်မှစ၍ လေးနာရီအတွင်း ဧည့်သည့်ပြန်သွားသည့်အချိန်မှ စ၍ လေးနာရီအတွင်း သတင်းပို့ရမည်ဟု ပါရှိသည်။ 

အထက်တန်းရှေ့နေ ဒေါ်သဇင်မြတ်မြတ်ဝင်းက ဖေဖော်ဝါရီ ၁၆ တွင် သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် နှင့် (က) ရပ်ကွက်တို့ရှိ ပြည်သူများ အဆိုပါစာရွက်ကို ကိုင်ဆောင်၍ ကြောက်ရွံ့ထိတ်လန့်နေသည်ကို တွေ့ရှိခဲ့ရသည်။

“ရပ်ကွက်က လူတွေက နားမလည်ကြဘူး။ မတိုင်ဘူးဆိုရင် အဖမ်းခံရမှာလား အရေးယူရမှာလား မသိကြဘူးပေါ့။ ကျွန်မကတော့ တိုင်စရာ မလိုဘူးလို့ ပြောပြခဲ့တယ်။ သူတို့က ရွေးကောက်ထားတဲ့ ဥက္ကဋ္ဌတွေလည်း မဟုတ်ဘူး။ စစ်ကောင်စီဥက္ကဋ္ဌတွေ။ ဒါကြောင့် တိုင်စရာ မလိုဘူးလို့ ရှေ့နေတစ်ယောက်အနေနဲ့ လမ်းညွှန်မှုပေးခဲ့တယ်။ သူတို့က ဘာမှတော့ မတုံ့ပြန်ဘူး။ ကြောက်နေကြတယ်။ တိုင်မယ် မတိုင်ဘူး။ မသိရသေးဘူး။ ဒီည စုံစမ်းကြည့်ရမယ်” ဟု ရှေ့နေက ပြောသည်။

သန်းခေါင်ယံဧည့်ဆိုးကြီးများကို နစအ စစ်ကောင်စီက အသက်သွင်းနေပြီဖြစ်ပြီး ယခုဖြစ်ပွားနေသည့် ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်ပါက မကြာမီ သင့်အိမ်ရှေ့တံခါးသို့လည်း ရောက်ရှိလာနိုင်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading