အာဏာရှင်ဖြုတ်ချရန် CDM လက်နက်ပုန်း တပ်ဆင်ပေးသူများ

ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ် ၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ဦးဆောင်ခဲ့သလို ရုတ်တရက်ပေါ်လာသည့် အာဏာသိမ်းမှုဆန့်ကျင်ရေးကို အစပြုသူများလည်း ဖြစ်လာသည်

Published on Feb 20, 2021
CDM တွင် ပါဝင်နေသော ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ-Myanmar Now)
CDM တွင် ပါဝင်နေသော ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ-Myanmar Now)

CDM သည် အာဏာရှင်ယန္တရားကို ဖြုတ်ချနိုင်မည့် လက်နက်ပုန်းတစ်ခုဖြစ်သည့်အတွက် နောက်ဆုတ်ရန် အကြောင်းမရှိဟု မန္တလေးမြို့မှ ဆရာဝန်များက ပြောသည်။

အာဏာသိမ်းမှုက အများ၏ မျှော်လင့်ချက်ကို ချေဖျက်လိုက်သည်ဟု မန္တလေးကုတင် ၃၀၀ ဆေးရုံ တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။

“စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ မကြုံခဲ့ရပေမဲ့ အာဏာရှင်အရိပ်အငွေ့တွေက ကျွန်တော်တို့ မျိုးဆက်အထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်၊ အနာဂတ်၊ အခွင့်အရေးတွေ ပျောက်ခဲ့ရတယ်" ဟု ယခင်လကမှ အလုပ်စဝင်ခဲ့ပြီး ဆရာဝန်များ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဦးဆောင်စီစဉ်နေသည့် ထိုလူငယ်က ပြောသည်။

"ဒါကြောင့် စစ်အာဏာရှင်အမွေကို လက်သင့်မခံနိုင်သလို သူတို့ကိုလည်း အလုပ်အကျွေးမပြုနိုင်ဘူး။ အာဏာရှင်ကို ကျွန်မခံနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ တွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ကောင်စီ ဖွဲ့စည်းလိုက်သည်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး သုံးရပ်ကို သိမ်းယူလိုက်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင်စီက အများပြည်သူလွတ်လပ်ခွင့်ကို ပိတ်ပင်ရန် ဥပဒေများပြင်ဆင်ခြင်း၊ အင်တာနက်ဆက်သွယ်ရေးနှင့် အွန်လိုင်းလူမှုကွန်ရက် ပိတ်ပင်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လိုက်သည်။

ဆရာဝန်များ CDM စတင်

နိုင်ငံအသီးသီးတွင် ရင်ဆိုင်ရသော ကိုဗစ် ၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ကြသူတို့မှာ ကျန်းမာရေးဝန်ထမ်းများဖြစ်သည်။ ကပ်ဘေးကာလတွင် ရုတ်တရက် ပေါ်ပေါက်လာသော စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်လာရာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်တန့်အတွက် အာဏာဖီဆန်သောလှုပ်ရှားမှု (Civil Disobedience Movement- CDM) အတွက် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ရှေ့ဆုံးမှ ဦးဆောင်ခဲ့သည်။

အာဏာသိမ်းပြီး ပထမပတ်အတွင်း ဆရာဝန်များက CDM လုပ်ဆောင်ကာ ဆေးရုံ၊ ဆေးခန်းများကို သပိတ်မှောက်လိုက်ကြသည်။

“အခုဆို ဆေးရုံတွေက သော့ခလောက်တွေနဲ့ပိတ်ထားရတဲ့ Totally Shut down အခြေအနေဖြစ်သွားပြီ” ဟု မြို့နယ်ဆေးရုံ လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။

ဆေးရုံ၊ ဆေးခန်းများရှိ လူနာများကို လွှဲပြောင်းပေးကာ အများက လေးစားရသော ဆရာဝန်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်လာကြသည်။ ထို့နောက် နိုင်ငံအနှံ့အပြား သူနာပြုများအပါအဝင် ကျန်းမာရေးလောကမှ အကုန်လုံးနီးပါး CDM တွင် ပါဝင်လာကြသည်။

ထို့နောက် သက်ဆိုင်ရာနယ်ပယ်အလိုက် တစ်နိုင်ငံလုံးရှိ အစိုးရဝန်ထမ်းများလည်း CDM တွင် တဖြည်းဖြည်း ပူးပေါင်းပါဝင်လာသည်။

cdm2021.com အမည်ရှိ အင်တာနက်စာမျက်နှာ၏ အချက်အလက်များအရ ၎င်းတို့ထံတွင် ပူးပေါင်းသော CDM နိုင်ငံဝန်ထမ်း ၁၇,၀၀၀ ကျော်အနက် ထက်ဝက်သည် ကျန်းမာရေးနယ်ပယ်မှဖြစ်ပြီး လက်ထောက်ဆရာဝန်များနှင့် သူနာပြုများ အများဆုံးပါဝင်နေသည်။

“မန္တလေးမှာရှိတဲ့ဆရာဝန်တွေ ရာနှုန်းပြည့်နီးပါး CDM မှာ ပါဝင်တယ်လို့ ပြောလို့ရမယ်။ မပါဝင်တဲ့သူကလည်း ဆေးရုံအုပ်လို ရာထူးကြီးကြီးတွေထဲက နည်းနည်းလောက်ပဲ ရှိမယ်။ ဒါတောင် အရိုးဆေးရုံတို့၊ ဆေးတက္ကသိုလ်ပါချုပ်တို့ဆို CDM မှာ ပါဝင်ကြတာပဲလေ” ဟု မန္တလေးမြို့မှ ဒေါက်တာခွန်ကျော်ဦးက ပြောသည်။

မန္တလေးတိုင်းရှိ အထွေထွေရောဂါကုဆေးရုံကြီးများသည် CDM လှုပ်ရှားမှု၌ တတိယနေရာမှာ ရှိနေပြီး ခရိုင်၊ မြို့နယ်ဆေးရုံအများစုနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်များသည်လည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ "ပင်းတယမီးအိမ်ရှင်"ဟု လူသိများသည့် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်သည်လည်း ဖေဖော်ဝါရီ အစောပိုင်း ၅ ရက်နေ့ကတည်းက အာဏာဖီဆန်လိုက်သည်။

NLD အစိုးရလက်ထက် ကျန်းမာရေးကဏ္ဍအပြောင်းအလဲကို ရာနှုန်းပြည့်အားမရသော်လည်း လူထုအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာသည်ဟု CDM ဆရာဝန်များက ဆိုသည်။

“အရင်ခေတ်က ပြည်သူ့ဆေးရုံဆို သွားမနေနဲ့ဆိုတဲ့အနေအထားကနေ NLD အစိုးရလက်ထက်မှာ ပြည်သူ့ဆေးရုံကိုသာ သွားပါဆိုတာမျိုး ပြောင်းလဲလာတယ်။ အဲဒီလိုအခြေအနေမျိုးကနေ ကျွန်တော်တို့ နောက်ပြန်ရောက်သွားမှာ မလိုချင်ဘူး” ဟု မန္တလေးတိုင်း၊ မြို့နယ်ဆေးရုံ လက်ထောက်ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။

ထို့အတွက်ကြောင့် ဖိအားများ၊ ခြိမ်းခြောက်မှုများ ရင်ဆိုင်နိုင်ရသော်လည်း အားမလျှော့ဘဲ အဆုံးထိ ဆက်တိုက်သွားမည်ဟု ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

ကျန်းမာရေးနယ်ပယ်ရှိ ဝန်ထမ်းများသာမက CDM တွင် မပါဝင်သေးသော အခြားဌာနဆိုင်ရာဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်သည်ဟု ၎င်းတို့က တိုက်တွန်းသည်။

သန်းခေါင်ယံ လူဖမ်းပွဲ

ထို့နောက် ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ရှေ့ဆုံးမှ တက်ကြွစွာပါဝင်နေသည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းတချို့ ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးခံရသည်။

"ဆေးရုံအုပ်တွေကတဆင့် ဆရာဝန်တွေ အလုပ်ပြန်ဆင်းပေးဖို့၊ မဆင်းရင် ဝန်ထမ်းရေးရာဥပဒေအရ အရေးယူမယ်ဆိုတာမျိုး၊ ဖိအားပေးတာမျိုးတွေ ရှိတယ်။ အဲဒီထက်ဆိုးတာက ဥပဒေဘောင်ကျော်လွန်ပြီး အင်အားသုံးပြီး ရဲနှင့် စစ်တပ်က ဖမ်းဆီးတယ်၊ ဖိအားပေးတယ်။ ခြိမ်းခြောက်တယ်။ မြို့ပေါ်ထက် ဆရာဝန်အင်အားနည်းတဲ့ တိုက်နယ်ဆေးရုံမျိုးမှာ ပိုကြုံတွေ့နေရတဲ့အခြေအနေရှိတယ်” ဟု အသက် ၂၄ နှစ်အရွယ် ဒေါက်တာကိုဦးက ပြောသည်။

CDM ဦးဆောင်သူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းတိုက်နယ်ဆရာဝန် ဒေါက်တာပြည့်ဖြိုးနိုင်ကို မြို့နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ညနေပိုင်းတွင် ဖမ်းဆီးခဲ့သည်။

အဆိုပါ အင်္ဂပူမြို့နယ်ကျန်းမာရေးဝန်ထမ်းများ CDM တွင် ပါဝင်နေသောကြောင့် လက်ရှိတွင် မြို့နယ်ဆေးရုံ လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားထားသည်။

အင်တာနက်စာမျက်နှာတွင် ပျံ့နှံနေသည့် ဗီဒီယိုဖိုင်များအရ မကွေးတိုင်း အောင်လံမြို့နယ်၊ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်တို့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၁၁ တွင် ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ပြည်သူလူထုဝန်းရံမှုကြောင့် အထမမြောက်ခဲ့သည်ကို တွေ့ရသည်။

CDM တွင် ပါဝင်သည့် မန္တလေးတိုင်း၊ ဆေးတက္ကသိုလ်၏ ပါမောက္ခချုပ်ကို ရဲ နှင့် စစ်တပ်က ဖေဖော်ဝါရီ ၁၂၊ နံနက် ၁ နာရီအချိန်တွင် ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

လာရောက်ဖမ်းဆီးရန် ကြိုးပမ်းသည့်အဖွဲ့တွင် ၆ ယောက်နီးပါး ပါဝင်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးစိုးအောင်နှင့် ဗိုလ်ကြီးအောင်မျိုးသူတို့က ဦးဆောင်ပါဝင်ကြောင်း ပါမောက္ခချုပ်၏ မိသားစုဝင်က လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ထားသည့် ဗီဒီယိုတွင် တွေ့ရသည်။ ပါမောက္ခချုပ်ကို ညအချိန်မတော် ဥပဒေမဲ့ဖမ်းဆီးရန် ကြိုးပမ်းမှုမှာ ပြည်သူလူထုဝန်းရံမှုကြောင့် အစီအစဉ်ပျက်သွားသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖမ်းဆီးမှုများရှိနေသကဲ့သို့ ဌာနတွင်း ဖိအားပေးမှုများလည်း ကြုံတွေ့နေရသည်ဟု ဝန်ထမ်းများက ပြောသည်။

အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသော အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ CDM တွင် ပူးပေါင်းလာနေပြီး မြန်မာ့မီးရထား၊ သစ်တော၊ လျှပ်စစ်ကဲ့သို့သော ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်။

လက်ရှိအခြေအနေအရ ကျန်းမာရေးအသိုင်းအဝိုင်းသာမက အခြားဌာနဆိုင်ရာအားလုံးပါဝင်မှသာ CDM သည် အနှေးနှင့်အမြန် အောင်မြင်မှုရရှိမည်ဖြစ်၍ ဖိအားများမကြောက်ဘဲ ရေရှည်ကြံ့ကြံ့ခံရန် လိုအပ်သည်ဟု CDM မှ ဆရာဝန်များက တိုက်တွန်းကြသည်။

သတ်မှတ်ကာလအတွင်း ရုံးပြန်မတက်ပါက အလုပ်ဖြုတ်နိုင်သလို ဆရာဝန်လက်မှတ် (ဆမလက်မှတ်) ပြန်သိမ်းသွားပါက ဆေးကုသခွင့်ရမည် မဟုတ်သော်လည်း အခြားအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု ပြောင်းလဲမည်ဟု ကြိုတင်စိတ်ပိုင်းဖြတ်ပြီးမှသာ ယခုလှုပ်ရှားမှုကို ဝင်ရောက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

လှုပ်ရှားမှု အချိန်ကာလတစ်ခုတွင် အောင်မြင်မည်ဟုလည်း ၎င်းတို့က ယုံကြည်သည်။

ဤအတောအတွင်း ဥပဒေဘောင်ကျော်လွန်ဆောင်ရွက်ချက်များကို အာဏာပိုင်များက ပြုမူလာသဖြင့် ဥပဒေနှင့်အညီ ပြန်လည်တုံ့ပြန်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေအတွက် ဥပဒေနဲ့အညီ ပြန်ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တွေ စတင်တိုင်ပင်ဆွေးနွေးနေပါပြီ။ ဘယ်နည်းနဲ့မှ CDM ကို နောက်ဆုတ်စရာမရှိပါဘူး”ဟု မန္တလေးမြို့ခံ ဆရာဝန်တစ်ဦးက ပြောသည်။

Myanmar Now က မေးမြန်းခွင့်ရသော CDM လှုပ်ရှားမှုပါ ဆရာဝန်များသည် ၎င်းတို့၏ လက်ရှိ လုံခြုံရေးအခြေအနေကြောင့် အခြားအရပ်ဒေသသို့ တိမ်းရှောင်နေသူများလည်း ပါဝင်သဖြင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား ထုတ်ဖော်ရေးသားခြင်းမပြုရန် တောင်းဆိုထားသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်

တပ်မတော်သတင်းမှန်ပြန်ကြားရေးက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြင်ပဆေးရုံများတွင် ဆေးကုသခွင့် မရပါက စစ်ဆေးရုံများတွင် လာရောက်ဆေးကုသနိုင်သည်ဟု ဆိုသည်။

CDM အဖျက်အမှောင့်လုပ်ရပ်ကြောင့် ဆေးကုသရန်ခက်ခဲနေသည့် သာစည်မြို့နယ် ဟံဇားတိုက်နယ်ဆေးရုံသို့ တပ်မတော်ဆေးအဖွဲ့များက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း တပ်မတော်ဘက်က ဆိုသည်။

ထို့ပြင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲတိုက်နယ်ဆေးရုံမှ ဆရာဝန်၊ သူနာပြုများက တစ်ပြိုင်တည်း CDM ပြုလုပ် ထွက်ခွာသွားမှုကြောင့် ဒေသခံပြည်သူများက ဖေဖော်ဝါရီ ၁၈ က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံ (ခုတင်-၅၀၀) ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာသိမ့်သိမ့်ထွန်း ဦးစီးသည့် ဆရာဝန် ၃ ဦးနှင့် သူနာပြု ၁၄ ဦးသည်လည်းကောင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲတိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဇော်ဖြိုးအောင် ဦးစီးသည့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦးသည်လည်းကောင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ တစ်ပြိုင်တည်း CDM ပြုလုပ်၍ ဆေးရုံအသီးသီးမှ ထွက်ခွာသွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ ဖေ့ဘွတ်အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

လုပ်ငန်းခွင်နှင့် ကင်းကွာနေသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စိတ်ခံစားချက်များကို ဦးစားမပေးဘဲ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဦးစားပေးပြီး လုပ်ငန်းခွင် အမြန်ဆုံးဝင်ရောက်ရန် မေတ္တာရပ်ခံကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၀ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဤမိန့်ခွန်းကြောင့် လှုပ်ရှားမှု၏ ထိရောက်ပုံကို အများက သဘောပေါက်လာကြသည်။ အင်တာနက်စာမျက်နှာပေါ်သို့ ရောက်လာသော အများစိတ်၀င်စားနေကြသည့် တယ်လီဖုန်းပြောဆိုမှု မှတ်တမ်းတစ်ခုတွင် ရုံးဝန်ထမ်းများ ရုံးမတက်ဘဲ ပြတ်ပြတ်သားသား အာဏာဖီဆန်ကြသောကြောင့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အခက်အခဲနှင့် ရင်ဆိုင်နေရပုံမှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။

အလုပ်မှ ယာယီထွက်ခွာခွင့်

လုပ်ငန်းခွင်မှ ထွက်ခွာခြင်းသည် လူနာကို ဆေးကုသရန် ငြင်းဆန်ခြင်းဖြစ်သောကြောင့် ကျန်းမာရေး၀န်ထမ်းတို့၏ ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဝေဖန်ခံနေရသည်။

အသက် ၂၈ နှစ်အရွယ် လက်ထောက်ဆရာဝန်တစ်ဦးက ဤလှုပ်ရှားမှုသည် အာဏာဖီဆန်မှုသာဖြစ်ပြီး ဆရာဝန်ကျင့်ဝတ် ချိုးဖောက်ခြင်းမဟုတ်ကြောင်း ပြောသည်။

စစ်အာဏာရှင်အုပ်ချုပ်မှုမှာ မနေချင်လို့ ဖီဆန်တဲ့အလုပ်ကို လုပ်တာပါ။ လူနာတွေကို ဆေးမကုချင်တာလည်း မဟုတ်ပါဘူး။ လက်ရှိမှာ စောင့်ကြည့်ခံရတဲ့အခြေအနေဖြစ်တဲ့အတွက် လုံခြုံတဲ့နေရာမှာ ခဏရှောင်နေပါတယ်ဟု ၎င်းက ဆိုသည်။

လက်ရှိသည် ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ကျန်ရှိနေသေးပြီး CDM လှုပ်ရှားမှုကြောင့် အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု မပျက်စေရန် အစီအစဉ်များ စတင်ရေးဆွဲနေပြီဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းမဟုတ်သော ဆရာဝန်များ စုပေါင်း၍ အခမဲ့ဆေးခန်းများ စတင်ဖွင့်လှစ်လာပြီး CDM ဆရာဝန်များက အလှည့်ကျစနစ်ဖြင့် လူမှုကူညီရေးအသင်းများနှင့်အတူ လိုက်ပါလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းအချို့နှင့် ညှိနှိုင်း၍ CDM ဆရာဝန်များ၏ ဆေးစာလွှဲအပ်ချက်ဖြင့်လာသော လူနာများ၏ ဆေးကုသစရိတ်အား ရာခိုင်နှုန်းတစ်ခုသတ်မှတ်လျှော့ချပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

မဖြစ်မနေ ဆေးရုံတက်ကုသရမဲ့ လူနာတွေရှိလာရင်လည်း စစ်ကောင်စီက ကြေညာထားတဲ့ သူတို့စစ်ဆေးရုံတွေမှာ ဆေးကုသလို့ရတယ်လို့ ဆိုတဲ့အတွက် အဲဒီဆေးရုံတွေမှာ တက်ရောက်ဆေးကုသနိုင်အောင် လိုအပ်တဲ့ ဆေးကုသမှုထောက်ခံချက်တွေ၊ ဆေးစာလွှဲတာတွေ လုပ်ပေးပါတယ်ဟု ဒေါက်တာကိုဦးက ပြောသည်။

အုပ်ချုပ်ရေးယန္တရားရပ်တန့်ရန် အာဏာဖီဆန်သည့် ရုံးမတက်သော ဝန်ထမ်းများ နေထိုင်စားသောက်ရေးကို ကူညီသောအဖွဲ့များလည်း ရှိနေသည်။

အကူအညီပေးနေသည့် အဖွဲ့အချို့မှာ၂/၂၁ ခိုင်မြဲသောလက်များ၊ We Support Heros, Get Well Soon နှင့် Civil Disobedience Campaign - Myanmar Engineers တို့ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ၃၀၀ ကျော်ကို ကူညီပေးထားကာ သူနာပြုများမှာ အများဆုံးပါဝင်သည်ဟု ၎င်းအဖွဲ့များထံမှ သိရသည်။

အသက် ၂၇ နှစ်အရွယ် သွားနှင့်ခံတွင်းဆရာဝန်တစ်ဦးက အာဏာရှင်ကို အမြစ်ကနေ တွန်းလှန်ရန် လိုအပ်ကြောင်း ပြောသည်။

အာဏာရှင်စနစ်ရှိနေသရွေ့ ကျွန်တော်တို့ယုံကြည်တဲ့၊ တောင့်တတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ရမှာ မဟုတ်ပါဘူး။ အာဏာရှင်မှန်သမျှ ဘာကောင်းကျိုးမှ မပေးပါဘူး။ အာဏာသိမ်းတာ ကြိမ်ရှိပါပြီ။ မိုက်မဲတဲ့လုပ်ရပ်ဖြစ်သလို ကျွန်တော်တို့နိုင်ငံဟာ အဘက်ဘက်က နစ်နာနိမ့်ပါးခဲ့ပါပြီ။ လာမဲ့အနာဂတ်မပျောက်ဖို့၊ ပြည်သူတွေဘဝ ထပ်မနစ်မွန်းဖို့၊ အာဏာရှင်ကို အမြစ်ကနေ တွန်းလှန်ဖို့ လိုပါတယ်ဟု ၎င်းက ဆိုသည်။

ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM သည် နိုင်ငံ့အရေးဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ (က) (နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟူသည့်အချက်) နှင့် ငြိစွန်းခြင်းမရှိကြောင်း၊ ထိုလှုပ်ရှားမှုတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၁ တွင် ထုတ်ပြန်ကြေညာထားသည်။

ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်များ တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းလျက် အပြည့်အဝအာမခံချက်ပေးသွားမည်ဟု အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။

ဝန်ထမ်းများသည် စုပေါင်းအရေးဆိုခွင့်၊ ဆန္ဒပြခွင့်ရှိသည်ဟု မြန်မာနိုင်ငံက သဘောတူထားသော အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး NLD က ဖေဖော်၀ါရီ ၁၆ တွင် ကြေညာထားသည်။

အရိုးအထူးကုဆရာဝန်ကြီးနှင့် ပါမောက္ခချုပ်လည်းဖြစ်သော အသက် ၆၀ အရွယ်ရှိ ဒေါက်တာဇော်ဝေစိုးက CDM အောင်မြင်အောင် စနစ်တကျ ကြိုးစားပြင်ဆင်ရန် လိုအပ်ကြောင်း၊ အားလုံးပါဝင်သည့် CDM ဖြစ်ကြောင်း ၊ ပြည်သူ့ငွေဖြင့် တည်ဆောက်ရမည်ဖြစ်သောကြောင့် စည်းကမ်းရှိပြီး ညီညွတ်ပေးကြရန် တိုက်တွန်းထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading