သတင်း

ချက်ချင်းအမိန့်ချပေးရန် ဦးဝင်းထိန်တောင်းဆိုချက်ကို တရားရုံး ပယ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်က ၎င်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများပြီး ထောင်တစ်သက်တစ်ကျွန်းချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်းကို ချက်ချင်းအမိန့်ချပေးရန် ယနေ့ (ဖေဖော်ဝါရီ ၁၉) ရုံးချိန်းတွင် တောင်းဆိုလိုက်သော်လည်း ပယ်ချခံလိုက်ရသည်။

“အမှုစစ်တရားသူကြီးကနေပြီးတော့ ဥပဒေနဲ့အညီ သက်သေခံချက်တွေရယူပြီးမှပဲ အမိန့်ချမှတ်ပေးနိုင်မှာ ဖြစ်တဲ့အကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်”ဟု အမှုကို လက်ခံစစ်ဆေးနေသည့် ဒက္ခိဏခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဒေါ်ဖြူဝင်းလတ်က သတင်းထောက်များကို ပြောသည်။

NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄- က ဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အမှုကို ဗီဒီယိုကွန်ဖရန်းဇင်းဖြင့် ယနေ့ စတင်ကြားနာခြင်းဖြစ်ပြီး တရားလိုဘက်မှ သက်သေသုံးဦး တင်သွင်းထားသည်ဟု တရားရုံးက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။

ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကလည်း မည်သည့်အကြောင်းကြောင့် အမှုဖွင့်ထားသည်ကို စုံစမ်း၍ မရသေးသလို ရှေ့နေလိုက်ခွင့်ကိုယ်စားလှယ်စာ တရားရုံးသို့ တင်သွင်းရန်ကိစ္စမှာလည်း ပုံမှန်အမှုများကဲ့သို့ ချောမွေ့ခြင်းမရှိဟု Myanmar Now ကို ပြောသည်။

“ကိုယ်စားလှယ်လွှဲစာမှာ ဦးဝင်းထိန်လက်မှတ်ထိုးဖို့ လိုလို့ အချုပ်ထောင်ကိုသွားတော့ ထောင်ပိုင်ကြီးက ထားခဲ့ပါ၊ ညနေကျရင် အကြောင်းပြန်ပေးပါ့မယ်လို့ ပြောပေမယ့် အခုထိ (ညနေ ၄နာရီ) ထိ ဘာမှပြောမလာသေးဘူး။ ပုဒ်မ ၁၂၄-ကနဲ့ ဘာကြောင့်တရားစွဲလဲဆိုတဲ့ အကြောင်းအရာကလည်း အခုထိ ရှေ့နေလိုက်ခွင့်ကိုယ်စားလှယ်လွှဲစာ မရသေးတော့ အမှုတွဲ မိတ္တူကူးခွင့်မရသေးဘူး။ ဒါကြောင့် တိတိကျကျ မသိသေးဘူး”ဟု ဒေါ်မင်းမင်းစိုးက ရှင်းပြသည်။

ရန်ကုန်မြို့သို့ ပြန်ရောက်နေသည့် ဦးဝင်းထိန်ကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၄ ညဉ့်နက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ နေပြည်တော်သို့ ပြန်ပို့ပြီးနောက် နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထားကြောင်း၊ လာမည့်ရုံးချိန်းကို မတ် ၅ သို့ ပြန်လည်ချိန်းဆိုထားကြောင်း ဒက္ခိဏခရိုင်တရားရုံး ပြန်ကြားရေးအရာရှိက အတည်ပြုထားသည်။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့်ထားပြီးဖြစ်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်နေစဉ် အနီးကပ်လုံခြုံရေးအဖွဲ့သုံးစွဲသည့် စကားပြောစက်များ တရားမဝင်တင်သွင်းသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်သည်ဟု စစ်ကောင်စီက ကနဦးတွင် ကြေညာခဲ့သည်။ နောက်ပိုင်းတွင်  ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်ရေးစည်းကမ်းများကို ချိုးဖောက်ကာ မဲဆွယ်ယာဉ်တန်းကို ကြိုဆိုသည်ဟုဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတို့ဖြင့်လည်း အမှုဖွင့်ထားသည်ကို တွေ့ရသည်။

အလားတူပင် မဲဆွယ်ယာဉ်တန်းကို ကြိုဆိုခဲ့သည့် NLD ဒုတိယ ဥက္ကဋ္ဌ (၁) တာဝန်ယူထားသူ သမ္မတဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတို့ဖြင့်ပင် စစ်ကောင်စီက တရားရုံးတင်စစ်ဆေးနေသည်။

NLD ထိပ်ပိုင်းခေါင်းဆောင်များအနက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပိုမိုကြီးလေးသည့်အမှုများ ဖွင့်ရန် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း သုံးသပ်နေသူတို့လည်းရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိခင်ကို ရည်စူး၍ ပရဟိတ၊ စာကြည့်တိုက်နှင့် အခမဲ့အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ပေးနေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဖေဖော်ဝါရီ ၁ စစ်ကောင်စီ အာဏာသိမ်းပြီး မကြာမီ၌ပင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး တာဝန်ရှိသူအချို့ကိုပါ ထိန်းသိမ်းစစ်ဆေးနေသည်ဟု ဖောင်ဒေးရှင်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်များကို ကိုးကား၍ ထိုသို့ သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button