အမေ့ခံ အမျိုးသမီး

မကွယ်လွန်ခင် ၄ လ အလို ၂ဝ၁၄ ဒီဇင်ဘာလက ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲက နေအိမ်မှာ တွေ့ရတဲ့ နော်မယ် (ဓာတ်ပုံ - အန်ဆန်ဝါ / Myanmar Now)
မကွယ်လွန်ခင် ၄ လ အလို ၂ဝ၁၄ ဒီဇင်ဘာလက ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲက နေအိမ်မှာ တွေ့ရတဲ့ နော်မယ် (ဓာတ်ပုံ - အန်ဆန်ဝါ / Myanmar Now)

ရန်ကုန် - ကျွန်မရဲ့ အိမ်နီးနားချင်းလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်၊ ကျွန်မကို ရက်ကန်းသင်ပေးတဲ့ ဆရာမတစ်ဦးလည်း ဖြစ်တဲ့ နော်မယ် ဆုံးပါးသွားကြောင်း မေမေ ဖုန်းဆက်ပြောတဲ့ နေ့ကို ကောင်းကောင်း မှတ်မိနေပါတယ်။ အဲဒီနေ့က ၂ဝ၁၅၊ မတ်လ ၁၁ ရက်နေ့။ ညနေခင်း လေပြည်လေးကလည်း တိုက်ခတ်နေခဲ့ပြီး မဲဆောက်မြို့မှာ တက်နေတဲ့ ကျွန်မတို့ ကျောင်းကပြန်လာခါစအချိန်ဖြစ်ပါတယ်။

ဒီလိုနေ့ရက်မျိုးကို တစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ် ဆိုတာ သိပြီးသားပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ ကျွန်မ ဝမ်းနည်း တုန်လှုပ်စွာနဲ့ ငိုကြွေးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သူ့ဆီကို ကျွန်မသွားလည်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းမှာရှိတဲ့ ဓနိမိုး၊ ထရံကာအိမ်လေးရဲ့ မှောင်မှောင်မည်းမည်းအခန်းငယ်လေးထဲ အိမ်ရာပေါ်မှာ ဖျော့တော့ပိန်လှီပြီး လဲလျောင်းနေတဲ့ သူ့ကို တွေ့ရတဲ့အချိန်မှာ ကျွန်မ အင်မတန် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

ကွယ်လွန်ချိန်မှာတော့ သူ့အသက် ၄၁ နှစ်ရှိပါပြီ။ ၈ နှစ်နဲ့ ၁ဝ နှစ်အရွယ် သားနှစ်ယောက်၊ ခင်ပွန်းသည်တို့ ကျန်ရစ်ပါတယ်။ သူက အမြဲတမ်း မျက်မှောင်ကြုတ်ထားသလို ဖြစ်နေပြီး မျက်နှာထားကလည်း ခပ်တည်တည်ဖြစ်နေတဲ့အတွက် သူ့အိမ်နီးချင်းတွေရဲ့ လှောင်ပြောင်စရာ ဖြစ်နေပါတယ်။

သူအရင်က ကျွန်မကို ပြောခဲ့တာတစ်ခု ရှိပါတယ်၊ “ငါ့ကလေးတွေကို လူပီပီသသ ကြီးပြင်းနိုင်ဖို့ အခွင့်အရေးရစေချင်တယ်။ ပညာတတ်တွေဖြစ်စေချင်တယ်။ ငါနဲ့ ငါတို့ အဘိုးအဘွားတွေလို ဒုက္ခ မကြုံစေချင်ဘူး။ ငါ့အတွက်ကတော့ ဘာမှ မပူတော့ပါဘူး။ ဘဝတစ်ခုလုံး ဘုရားသခင်ကိုပဲ ပေးအပ်ထားတယ်။ ငါနေရဖို့လည်း သိပ်မကြာတော့ပါဘူး” လို့ သူက ဝမ်းနည်းစွာနဲ့ အိမ်ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း ကျွန်မကို ပြောပြဖူးပါတယ်။ သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူ့ကို ကျွန်မ ဘာမှ မကူညီနိုင်ခဲ့ပါဘူး။

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်း ကိုးခုမှာရှိတဲ့ ဒုက္ခသည်တွေလိုပါပဲ၊ နော်မယ်ဟာ ဆင်းရဲမွဲတေမှု၊ စစ်ပွဲ၊ ခွဲခြား ဆက်ဆံခံရမှုတွေကြောင့် အချိန်မတန်မီ ဆုံးပါးသွားခဲ့ရတာပါ။ ကရင်ပြည်နယ်က သူ့ဇာတိအရပ်မှာ နေခွင့်မရခဲ့ဘဲ ဒုက္ခသည်စခန်းက နိမ့်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကိုပဲ ရခဲ့ပါတယ်။

သူ့အဖြစ်အပျက်ဟာ ထူးထူးခြားခြား မဟုတ်ပေမဲ့ ကျွန်မရင်ထဲမှာ အမြဲ ရှိနေမှာပါ။ သူ့အဖြစ်အပျက်ကြောင့်ပဲ ရွှေ့ပြောင်း ကရင်တိုင်းရင်းသားအမျိုးသမီးတွေရဲ့ အခက်အခဲကို မှတ်မှတ်ထင်ထင် ဖြစ်နေပါတယ်။ ကျွန်မကလည်း ဒီအမျိုးသမီးတွေထဲက တစ်ဦးပါပဲ။

၂ဝဝ၆ ခုနှစ်မှာ ဒီဒုက္ခသည်စခန်းကို ကျွန်မစရောက်လာစဉ်မှာပဲ နော်မယ်ကို စတွေ့ခဲ့တာပါ။ အဲဒီတုန်းက ကျွန်မ အသက်က ၁ဝ နှစ်။ အမေ့ဆွေမျိုးတွေက ဒီဒုက္ခသည်စခန်းဟာ လုံခြုံတယ်၊ တည်ငြိမ်မှုရှိတယ်၊ ကလေးတွေပညာသင်နိုင်တယ်၊ အလုပ်အကိုင်အခွင့်အရေးတွေလည်း ရှိတယ်ပြောလို့ အမေနဲ့အတူ ကျွန်မရောက်သွားတာပါ။

နော်မယ်ရဲ့ မျက်ခုံးတွေကြောင့် မာရေကျောရေလို့ လူတွေက ထင်ပေမဲ့ သူဟာ ရိုးသားကြင်နာတတ်သူပါ။ သူနဲ့ စတွေ့ချိန်မှာ သူ့အသက်က ၃ဝ ကျော်လောက်ဖြစ်လို့ အသက်အရွယ်ချင်း ကွာပေမဲ့ သူဟာ ကျွန်မရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်လာသလို ဆရာမလည်း ဖြစ်လာပါတယ်။ သူငယ်ငယ်က ကရင်ပြည်နယ်မြောက်ဘက် တောင်တန်းဒေသဘက်တွေမှာ နေခဲ့တုန်းက သူ့အမေဆီကနေ ရိုးရာရက်ကန်းခတ်နည်း သင်ခဲ့ရလို့ နော်မယ်လည်း ရက်ကန်း ကျွမ်းကျင်ပါတယ်။

သူဟာ အစွန်အဖျားရွာတစ်ရွာမှာ ကြီးပြင်းခဲ့ပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ ရှင်သန်အောင် နေထိုင်ခဲ့ရပုံတွေအကြောင်း ကျွန်မကို ပြန်ပြောပြပါတယ်။

နော်မယ်က ကျောင်းစာ မသင်ခဲ့ရသလို ပြင်ပဗဟုသုတလည်း နည်းရှာပါတယ်။ သူဟာ စစ်ပွဲတွေဖြစ်၊ ဆင်းရဲနုံချာတဲ့ နေရာမှာ ဘဝရပ်တည်ရေးအတွက် လယ်သမား၊ ရက်ကန်းသည် အဖြစ် ရုန်းကန်ခဲ့ရတဲ့ ကရင်အမျိုးသမီးတစ်ဦးပါပဲ။

သူ့ရဲ့ပထမခင်ပွန်းဟာ တိုက်ပွဲမှာ ဆုံးသွားပြီး သားလေးယောက်စလုံးဟာလည်း ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။ ၂ဝဝ၄ မှာ ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ မှတ်ပုံတင်နိုင်ခဲ့လို့ အခြေခံအစားအစာ အသုံးအဆောင်လေးတွေကိုတော့ ရခဲ့ပါတယ်။ အဲဒီနောက်မှာ သူရဲ့ နေထိုင်ရေးတိုးတက်လာပြီး ဘဝလုံခြုံမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။

ဒုက္ခသည်စခန်းမှာ ကရင်အမျိုးသားတစ်ယောက်နဲ့ တွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူထပ်ယူလိုက်တဲ့သူက မူးယစ်ဆေးစွဲလာပြီး ရှိတဲ့ငွေနည်းနည်းကိုလည်း ဘိန်းနဲ့ အရက်အတွက် ဖြုန်းတီးပစ်ခဲ့ပါတယ်။

အဲဒီလို ဖြစ်နေတာနဲ့ ပတ်သက်ပြီး နော်မယ် အပြစ်တင်စကားဆိုတာ ကျွန်မ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။ ခင်ပွန်းအပေါ် မမှီခိုဘဲနဲ့ ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့သူပါ။ သားနှစ်ယောက်က ငယ်သေးပေမဲ့ အိမ်မှုကိစ္စတွေ လုပ်ရင်း အပြင်အလုပ်တွေကိုပါ လုပ်ခဲ့ပါတယ်။ သွေးနုသားနုချိန်မှာတောင် ရေခပ်၊ အဝတ်လျှော်တာတို့တွေ လုပ်ပါတယ်။

ကျွန်မက သူ့အိမ်ကို နေ့တိုင်းနီးပါးရောက်ပြီး ရက်ကန်းရက်သင်ပါတယ်။ သူစိုးရိမ် ထိတ်လန့်နေရတာတွေအကြောင်း ကျွန်မကို တိုးတိုး တိတ်တိတ်ပြောပြပါတယ်။ သူအပြင်းအထန် ဖျားနေချိန်မှာတော့ သူ့ဘေးနား ကျွန်မ မရှိနိုင်ဘဲ ပညာသင်ဖို့ အဝေးကို ရောက်နေပါတယ်။

ကျန်းမာရေးမကောင်းတဲ့ တခြားဒုက္ခသည်တွေလိုပဲ နော်မယ်ဟာ ရောဂါသက်သာဖို့ နီးစပ်ရာဆေးခန်းတစ်ခုကနေ အခြေခံဆေးဝါးလေးတွေရပြီး နေ့စဉ်အလုပ်တွေကို ဆက်လုပ်ပါတယ်။
သူ့သားအိမ်က ဇောက်ထိုးဖြစ်နေတယ်လို့ ဆရာဝန်က ပြောပြီး အလေးအပင်တွေကို မသယ်ဖို့ သတိပေးခဲ့ပေမဲ့ ဒုက္ခသည်စခန်းမှာ လုပ်ရတဲ့ အလုပ်တွေက ဒါကို ရှောင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ သူ့ယောက်ျားက သူ့ကို ဂရုမစိုက်တဲ့အပြင် ရောဂါကို ပုံကြီးချဲ့နေတယ်လို့တောင် ထင်ပါတယ်။ ၂ဝ၁၄ နှစ်လယ်ပိုင်း ရောဂါပြင်းထန်လာချိန်အထိ အလုပ်တွေ ဆက်လုပ်နေရသေးတယ်။ နောက်ဆုံး အဲဒီနှစ် ဒီဇင်ဘာလမှာတော့ ဒုက္ခသည်စခန်းက ဆေးရုံကြီးကို တင်လိုက်ရပါတော့တယ်။ နော်မယ်ရဲ့ သားအိမ်ကင်ဆာဟာ နောက်ဆုံးအခြေအနေကို ရောက်နေလို့ ဆရာဝန်တွေက လက်လျှော့လိုက်ပြီဆိုတဲ့အကြောင်း အမေက အဝေးမှာ ကျောင်းတက်နေတဲ့ ကျွန်မကို လှမ်းပြောပါတယ်။ ဒေါ်လာ သောင်းနဲ့ချီပြီး အကုန်အကျခံနိုင်မယ်ဆိုရင်တော့ ရောဂါကို ကုလို့ရမယ့်အကြောင်း ဆရာဝန်တွေက ရှင်းပြပါတယ် တဲ့။ သူ့အနေနဲ့ အထည်လေးတွေ ရက်ပြီးတော့ ဝင်ငွေရနေတာဖြစ်ပြီး နှစ်ရက်ကြာမှ တစ်ထည်လောက်ပြီးတာပါ။ သူ့မှာ ငွေပိုမရှိသလို ဘယ်သူကမှလည်း သူ့ကို မထောက်ပံ့တာကြောင့် သူနေတဲ့ တဲလေးဆီကိုပဲ ပြန်လာပြီး နောက်ဆုံးခေါင်းချရမယ့် နေ့ကိုပဲစောင့်နေခဲ့ရပါတယ်။

သူ့အဖြစ်ကို ကြည့်ပြီး စစ်ပွဲတွေ၊ ဆင်းရဲမှုတွေသာရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမရနိုင်တဲ့ နေရာက တခြားအမျိုးသမီး ဘယ်လောက်များများ နော်မယ်လို ဒုက္ခတွေကြုံတွေ့နေရမလဲလို့ တွေးမိပါတယ်။ အမျိုးသမီးတွေဟာ ထိခိုက်ခံရပိုလွယ်သူတွေပါ။ ရှေးရိုးစွဲနေတဲ့ ယဉ်ကျေးမှုတွေကပဲ သူတို့ကို ကြုံလာသမျှကံကြမ္မာကို ဆိတ်ဆိတ်နေပြီး လက်ခံဖို့ သင်ကြားပေးနေတာပါ။

ပစ်ပယ်ခံရတဲ့သူတွေ၊ သူတို့ရဲ့ အခွင့်အရေးတွေကို မသိရှာတဲ့သူများရဲ့ဘဝဟာ ကြမ်းတမ်းလွန်းပါတယ်။ အပြင်လောကကို ကြည့်ခွင့်မရဘဲ နာကျင်မှုတွေ ကြိတ်မှတ်ခံစားနေရတဲ့ ဒီအမျိုးသမီးတွေအကြောင်း စဉ်းစားမိတိုင်း ကျွန်မရင်ထဲမှာ နာကျင်မိပါတယ်။ သူတို့အတွက် လွတ်မြောက်ရာလမ်း ရှာတွေ့လာနိုင်မလား။ ကျွန်မ မသိပါဘူး။ မျှော်လင့်ရုံပဲ မျှော်လင့်နိုင်တာပါ။

ဒုက္ခသည်စခန်းမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မမှာ နော်မယ်ရဲ့ ဘဝကို လှစ်ဟပြဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်ထားပါတယ်။ စာနယ်ဇင်းလောကကို စတင်ဝင်ရောက်လာသူ ကျွန်မအဖို့ ဒီလိုအဖြစ်အပျက်မျိုးကို မျှဝေရေးသားခြင်းဟာ ကျွန်မတို့ အသိုင်းအဝိုင်းထဲက အကာအကွယ်မဲ့ ဒုက္ခရောက်နေသူတွေ အကြောင်း ဆွေးနွေးမှုဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေတာပါ။ ဒါဆိုရင် သူတို့ဘဝတွေအကြောင်း ပြင်ပကမ္ဘာကလည်း တဖြည်းဖြည်း သိရှိလာပါလိမ့်မယ်။ သူတို့ရသင့်တဲ့ အကူအညီတွေကိုလည်း လူတွေက ပေးလာနိုင်မှာဖြစ်ပါတယ်။

(Myanmar Now သတင်းဌာန အလုပ်သင်သတင်းထောက် အန်ဆန်ဝါ၏ ဆောင်းပါးကို အောင်ခင် ဘာသာပြန်သည်)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading