လူထု အစိုးရအဖွဲ့သစ်ပေါ်လာမှ ရုံးပြန်တက်ရန် ကြေညာသည့် မန္တလေးတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် နေအိမ်အကျယ်ချုပ်မှ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခံလိုက်ရသည်
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသော မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်အတွက် ယနေ့ အာမခံ လျှောက်ထားခဲ့သည်ဟု ၎င်း၏ ရှေ့နေဦးမျိုးဆွေက ပြောသည်။
ဝန်ကြီးဦးမျိုးသစ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရအဖွဲ့သစ် တက်မလာမချင်း မန္တလေးတိုင်းအတွင်းရှိ အစိုးရဌာနများကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ၎င်းလက်မှတ်ဖြင့် ဖေဖော်ဝါရီ ၁၀ က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းကြောင့် ယခုလိုတရားစွဲဆိုခံရခြင်း ဖြစ်သည်။

၎င်းအား ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၇ က ချမ်းအေးသာစံမြို့နယ်တရားရုံး၌ တရားစွဲတင်ခြင်း၊ ရှေ့နေပါဝါတင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရားလိုဖြစ်သူအား ယနေ့တွင် စစ်ဆေးမည်ဟု ဆိုထားသော်လည်း တရားလို ရောက်ရှိမလာခြင်း၊ စွပ်စွဲခံရသူ ဦးမျိုးသစ်အား ရုံးမထုတ်ခြင်းတို့ကြောင့် ယနေ့ရုံးချိန်း၌ အာမခံကိစ္စလျှောက်ထားရန်အတွက် ဆောင်ရွက်ခဲ့သည်ဟု ရှေ့နေဦးမျိုးဆွေက ပြောသည်။
“ဒီနေ့ရုံးချိန်းမှာ တရားလိုလည်း မလာသလို ဦးမျိုးသစ်ကိုလည်း ရုံးမထုတ်ပါဘူး။ ဦးမျိုးသစ်ရဲ့ ကျန်းမာရေးအခြေအနေအရ အာမခံရဖို့အတွက် ဆရာဝန်နဲ့ ဆေးစာအုပ်တွေနဲ့ တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ဝန်ကြီးဦးမျိုးသစ်သည် နှလုံးသွေးကြောကျဉ်းရောဂါအပြင် ကျောရိုးကျွံသည့်ရောဂါ ရှိသည့်အတွက် တရားခွင်၌ အချိန်ကြာမြင့်စွာ ထိုင်ရန်၊ မတ်တတ်ရပ်ရန် အခက်အခဲရှိသဖြင့် အာမခံရရန် လျှောက်ထားခြင်းဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၂၂ တွင် ရုံးချိန်း ချိန်းဆိုထားသည်။


လက်ရှိတွင် အာမခံလျှောက်ထားမှုအပေါ် တရားရုံးက လက်ခံ၊ မခံ မသိရသေးကြောင်း ရှေ့နေဦးမျိုးဆွေ က Myanmar Now ကို ပြောသည်။
ထို့ပြင် နေအိမ်အကျယ်ချုပ် ကျနေသော ဝန်ကြီးဦးမျိုးသစ်အား ယမန်နေ့ ည ၁၀ နာရီ ခန့်တွင် စစ်တပ်က လာရောက်ခေါ်ယူသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိကြောင်း ၎င်းက ဆက်ပြောသည်။
ပုဒ်မ ၅၀၅ (ခ) အရ ပြစ်ဒဏ် စီရင်ခံရပါက နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အာဏာသိမ်းမှုအပြီး အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ၊ အစိုးရဝန်ထမ်းများက ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် လုပ်ဆောင်ချက်များ စတင်ဆောင်ရွက်သည့် ရက်ပိုင်းအတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးမှ အလုပ်သမားရေးရာတာဝန်ယူထားသော သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများ၏ လက်မှတ်များဖြင့် အစိုးရဌာနများအား ရွေးကောက်ခံအစိုးရသစ် မတက်မချင်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်ဆိုသော ထုတ်ပြန်ချက်များ ထုတ်ခဲ့ကြသည်။
ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွှန့်လွင်ကိုလည်း ဖေဖော်ဝါရီ ၁၆ တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ရခိုင်ဝန်ကြီးချုပ်တို့ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည်။
ထို့ကြောင့် လာမည့် ဖေဖော်ဝါရီ ၂၂ တွင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ကို သက်ဆုင်ရာတရားရုံးအသီးသီး၌ ရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












