သတင်း

မန္တလေးရထားဝန်ထမ်းအိမ်ရာ ညအချိန် ပစ်ခတ်ခံရ

ရထားမောင်းရန် ငြင်းဆန်ခဲ့သော နည်းပြများအပါအဝင် ဝန်ထမ်းလေးဦးကို စစ်တပ်က ထိန်းသိမ်းထားလိုက်ပြီး ညပိုင်းတွင် မန္တလေးမီးရထားဝင်းအိမ်ရာများကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။ 

မန္တလေး ၇၉ လမ်းနှင့် ၃၄ လမ်းရှိ မီးရထားဝန်ထမ်းများနေထိုင်သည့် အိမ်ရာများတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က စစ်တပ်နှင့် ရဲ အင်အား ၅၀ ခန့်ရှိသော အဖွဲ့က လာရောက်ပြီး အကြောင်းမဲ့ပစ်ခတ်ခဲ့သည်ဟု မီးရထားဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြသူများက ဆိုကြသည်။

“အကြောင်းမဲ့ ဝင်ပစ်တာ။ ကျွန်မတို့က သူတို့ (တပ်နှင့်ရဲ) ရောက်လာတော့ သံပုံးတီးကြတယ်။ စပစ်တာက ကင်းစောင့်နေတဲ့အဖွဲ့ (မီးရထား)ကို အရင်စပစ်တာ။ နောက်ပြီးတော့ အိမ်ရာတွေဘက်ကို တရစပ် ပစ်တော့တာပဲ”ဟု မီးရထားဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ အမျိုးသမီးဦးက ၎င်းကြုံတွေ့ရပုံကို ပြောသည်။

အဆိုပါစစ်သားများနှင့် ရဲများက ချီတက်လာကြပြီး မြင်မြင်သမျှ ပစ်ခတ်နေပြီး ဝန်ထမ်းအိမ်ရာများရှေ့အရောက် မျက်ရည်ယိုဗုံးများလည်း ပစ်ခွဲခဲ့သည်။ 

“ကလေးလေးတစ်ယောက်ဆို ပန်းနာရောဂါရှိတာ ၊ မီးခိုးတွေမွှန်ပြီး မေ့သွားတယ်။ မအော်လည်း မအော်ရဲဘူး။ ဘယ်ကို အကူအညီတောင်းရမှန်းမသိအောင် ကမ္ဘာပျက်နေသလိုပဲ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။ 

မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ဝန်ထမ်းအိမ်ရာနေ ကလေးငယ်အများအပြား မျက်လုံးထိခိုက်ပြီး မူးဝေအော့အန်ကြသည်ဟု မီးရထားဝန်ထမ်းအိမ်ရာနေသူများက ပြောသည်။ 

 “ကျွန်မဆို ကလေးနှစ်ယောက်ကို ခေါ်ပြီး ရေချိုးခန်းထဲ ပုန်းနေခဲ့တယ်။ မျက်လုံးတွေကို ရေစိုဝတ်တွေ အုပ်ပေးထားရတယ်။ ကလေးတွေလည်း တုန်လို့၊ ကလေးတွေ မပြောနဲ့ ။ ကျွန်မတို့ကို ကြောက်လိုက်တာ”ဟု မီးရထားဆက်သွယ်ရေးဝန်ထမ်းတစ်ဦး၏ ဇနီးက ပြောသည်။

စစ်တပ်နှင့် ရဲများသည် မီးရထားဝန်ထမ်းအိမ်ရာ နောက်ဘက်အုတ်တံတိုင်းပေါ်သို့ သေနတ်တင်ကာ လမ်းတစ်ဖက်ရှိ ပရဟိတဓါရီအသင်းရုံးတစ်ခုသို့ ထပ်မံပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် ပရဟိတအသင်းမှ အသက် ၂၁ နှစ်အရွယ် ကိုကျော်ဖြိုးဝေ၏ ညာဘက်ပေါင်တွင် ရာဘာကျည်ထိမှန်ခဲ့ပြီး အသင်းပိုင်ကား ၂ စီး ထိခိုက်ပျက်စီးခဲ့သည်။

“အုတ်တံတိုင်းပေါ်ကို သေနတ်တင်ပြီး ပစ်သွားတာ။ ကျွန်တော်တို့က ခုတင်ပေါ်မှာ စုပေါင်းပြီး အိပ်နေတာ၊ အခု ဒဏ်ရာ ဆေးပတ်တီး စည်းထားပါတယ်၊ နာနေတယ်”ဟု ကိုကျော်ဖြိုးဝေက ပြောသည်။

ကိုကျော်ဖြိုးဝေ၏ ညာဘက်ပေါင်တွင် ရာဘာကျည် ထိမှန်ခဲ့သည်၊ (ဓာတ်ပုံ-Myanmar Now)

ဆက်လက်၍ “ဒါမျိုး အကြမ်းဖက်တာကို ရှုတ်ချတယ်ပဲ ပြောချင်ပါတယ်၊ ကျွန်တော်တို့က ပရဟိတသမားတွေ ၊ လူတွေကို ကူညီကယ်ဆယ်ဖို့ပဲ ရှိတဲ့လူတွေပါ။ ဒီလိုလူတွေကို လုပ်တာက မကောင်းဘူးပေါ့ဗျာ”ဟု ဆက်ပြောသည်။

ပရဟိတကားများအား သတင်းအမှားများဖြင့် ပုံဖျက်ထားသည့်အတွက် ညပိုင်းအခြေအနေများတွင် ထင်ယောင်ထင်မှားဖြင့် ရန်မူခံရမည်စိုး၍ ကယ်ဆယ်ရေးသွားရောက်နိုင်ရန် အခက်အခဲရှိနေသည်ဟု အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး ကန့်ကွက်ဆန့်ကျင်နေကြသော်လည်း မန္တလေးတွင် ခပ်ကြမ်းကြမ်း ချေမှုန်းနေရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး လုံခြုံရေးတာဝန်ယူထားသူတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ပစ်ခတ်ခံရသော မန္တလေးမီးရထားဌာနသည် ရုံးမတက် လုပ်ငန်းခွင်မဝင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM- Civil Disobdience Movement) တွင် ပါဝင်နေသည်။ 

စစ်ကောင်စီက အာဏာသိမ်းအပြီး ၈ ရက်မြောက်နေ့မှစ၍ မန္တလေးမီးရထားဝန်ထမ်းများသည် ခရီးစဉ်ပြေးဆွဲခြင်းများ ရပ်နားကာ CDM ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

ထို့ကြောင့် မိတ္ထီလာသင်တန်းကျောင်းမှ စက်ခေါင်းမောင်းသင်တန်းဆရာ နှစ်ဦးနှင့် စက်ပြင်ဆရာ နှစ်ဦးတို့ကို တပ်က မီးရထားမောင်းနှင်ခိုင်းရာ ၎င်းတို့က ငြင်းဆန်သောကြောင့် ထိန်းသိမ်းထားခဲ့သည်။ 

ပစ်ခတ်မှုမဖြစ်မီ ညနေပိုင်းက ၎င်းတို့ လေးဦးကို လွှတ်ပေးရန် မန္တလေးစက်ခေါင်းမောင်းဝင်းရှေ့တွင် မီးရထားဝန်ထမ်းနှင့် ပြည်သူများစုပေါင်းကာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။ 

ရထားမထွက်ရေးအတွက်လည်း ဒေသခံများက ၇၉ လမ်း၊ ၃၄ လမ်းရှိ သံလမ်းများပေါ်တွင် သစ်သားတုံးများ ၊ ခဲများဖြင့် ပိတ်ဆို့ဆန္ဒပြခဲ့သည်။

စုဝေးတောင်းဆိုနေသူများ လူစုခွဲပြီးနောက် ညဘက်တွင် ၎င်းတို့နေထိုင်ရာ အိမ်ခန်းများကို လိုက်လံပစ်ခတ်ခဲ့ကြသည်ဟု မီးရထားဝန်ထမ်းများက ဆိုသည်။

ထိခိုက်ပျက်စီးသွားသော ပရဟိတအသင်းကားတစ်စီးအား တွေ့ရစဉ်။ ( ဓာတ်ပုံ-Myanmar Now)

ယနေ့ နံနက်ပိုင်းတွင်လည်း ပိတ်ဆို့ထားသည်များကို ဖယ်ရှားကာ ရထားတစ်စီး ထွက်ခွာသွားပြီး ရထားပေါ်တွင် တစ်ခုံလျှင် စစ်သားနှစ်ဦးနှုန်းဖြင့် တစ်တွဲလုံးအပြည့် စစ်သားများ တင်ဆောင်သွားကြောင်း၊ ရထားပေါ်တွင် ခဲများ စုပုံထားသည်ကိုလည်း တွေ့လိုက်ရကြောင်း မီးရထားဝန်ထမ်းများက ဆိုကြသည်။

“ရထားကို ဟွန်းသံတောင် မပေးဘူး။ သူခိုးလို တိတ်တိတ်လေး ထွက်သွားတာ။ ဆိုင်ကယ်မောင်းသလောက်”ဟု မျက်မြင်တွေ့ရှိသူ မီးရထားဝန်ထမ်းက ပြောသည်။

မန္တလေးဘူတာကြီးမှ မီးရထားဝန်ထမ်းများက အာဏာသိမ်းသည့်စစ်ကောင်စီ အလိုမရှိကြောင်း မန္တလေးမြို့အနှံ့ လှည့်လည်ဆန္ဒပြနေကြသည်။

“ကျွန်တော်တို့ကို မင်းမဲ့စရိုက်လို အခုလိုတွေ လုပ်တာတွေ၊ ဖိအားပေးတာတွေ၊ ဘယ်လိုလုပ်လုပ် CDM ဆက်လုပ်သွားမယ်၊ ပန်းတိုင်မရောက်မချင်း၊ ဒီမိုကရေစီမရမချင်း ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်”ဟု မန္တလေး မီးရထားစက်ခေါင်းမောင်းအရာရှိတစ်ဦးက ပြောသည်။

မန္တလေး၊ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးရှိ မီးရထားဝန်ထမ်းများသည် CDM တွင် ပါဝင်နေသောကြောင့် ရထားပြေးဆွဲမှု လုံးဝနီးပါး ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ 

ရန်ကုန်တွင် CDM တွင် ပါဝင်နေသော မီးရထားဝန်ထမ်းများအား အလုပ်ပြန်တက်ရန် ဖိအားပေးနေမှုများလည်း ရှိနေသည်။ 

Show More

Related Articles

Back to top button