သတင်း

မန်းတိုင်းဝန်ကြီးချုပ်ကို တရားစွဲပြီး ထောင်အချုပ်ချ 

အာဏာသိမ်းစစ်ကောင်စီက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်အမှုဖွင့်လိုက်ပြီး မန္တလေးထောင်တွင် ချုပ်နှောင်ထားသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက်များနှင့် ပတ်သက်ပြီး မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က တရားလိုပြုလုပ်၍ ဖေဖော်ဝါရီ ၁၅ တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် ချုပ်မိန့်ရမန် ထပ်ပေးခြင်းဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ကို ရုံးထုတ်မည်ဆို၍ အောင်မြေသာစံမြို့နယ် တရားရုံးရှေ့၌ ပြည်သူသောင်းချီ လာရောက်ဝန်းရံခဲ့ကြသည်။  

ထို့ကြောင့် တရားရုံးသို့ လူကိုယ်တိုင် ရုံးမထုတ်တော့ဘဲ Video Conferencing ခေါ် အွန်လိုင်းဗီဒီယိုစနစ်ဖြင့်သာ စစ်ဆေးခဲ့သည်။ 

“စွပ်စွဲခံရသူ (ဒေါက်တာဇော်မြင့်မောင်) ဒီနေ့မှာ ရုံးရှေ့ရောက်မယ့်ဟာကို လုံခြုံရေးအခြေအနေအရ ရဲတပ်ဖွဲ့က ထုတ်ပေးနိုင်ခြင်း မရှိတဲ့အတွက် ၂၂ ရက်ကို ရုံးချိန်း ပြန်ချိန်းပြီးတော့ ချုပ်မိန့်ရမန် ပေးလိုက်တာ ဖြစ်ပါတယ်။ တရားရုံးကတော့ မန္တလေးအကျဉ်းထောင်မှာ ချုပ်ဖို့  ချုပ်မိန့်ပေးထားပါတယ်” ဟု အောင်မြေသာစံမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောသည်။ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မြို့တော်ဝန်ဦးရဲလွင်ကို ရုံးထုတ်မည်ဆိုသော သတင်းများကြောင့် ပြည်သူသောင်းချီက ယနေ့ နံနက် ၁၀ နာရီမထိုးခင်ကစ၍ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်တရားရုံးရှေ့၌ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 

အမှုအတွက် ဥပဒေအကျိုးဆောင်  ၅ ဦး လိုက်ပါဆောင်ရွက်ရန် ပြင်ဆင်နေပြီး အမှုကို လာမည့်ဖေဖော်ဝါရီ ၂၂ တွင် ရုံးချိန်း ထပ်မံခေါ်ဆိုထားကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေဦးမျိုးမင်းဇော်က ပြောသည်။ 

“ဒီနေ့ တရားရုံးမှာ ဒေါက်တာဇော်မြင့်မောင်ကို အမှုစွဲတင်ပြီး video conferencing အရ အမှုဆက်သွားတယ်။ ရှေ့နေ ၅ ဦး ပါဝါတင်တယ်” ဟု ရှေ့နေ ဦးမျိုးမင်းဇော်က ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူတို့၏ သီးခြားလူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ 

ဖေဖော်ဝါရီ ၂၂ ရုံးချိန်း မည်သို့စစ်ဆေးမည်ကို ထိုနေ့မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်တရားရုံးထံမှ သိရသည်။ 

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မြို့တော်ဝန်ဒေါက်တာရဲလွင်ကို မည်သည့်ပုဒ်မများဖြင့် အမှုဖွင့်ခြင်း၊ ရုံးထုတ်စစ်ဆေးခြင်း ပြုလုပ်မည်၊ မလုပ်မည်ကိုပင် ယနေ့ နံနက်အစောပိုင်းအထိ မသိရှိခဲ့ကြောင်း ၎င်းတို့ရှေ့နေများက ပြောသည်။  

ဒေါက်တာဇော်မြင့်မောင်သာ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ကြောင်း ဝန်းရံသူများက ဆန္ဒပြခဲ့သည်။ (ဓာတ်ပုံ- Myanmar Now) 

မြို့တော်ဝန်ဒေါက်တာရဲလွင်ကို မည်သည့်တရားရုံး၌ တရားစွဲ၊ အမှုဖွင့်ထားသည်ကို လတ်တလော မသိရသေးပေ။ 

“သာမန်အခြေအနေကတော့ တရားရုံးမှာ ပရိသတ်ရှေ့မှာ တရားခံတင်တယ်။ ရှေ့နေရှိတယ်။ အာမခံလျှောက်လဲတယ်။ ဒါပေမဲ့ အခုကာလမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆရာကြီး (ဒေါက်တာဇော်မြင့်မောင်) ကို ရုံးမထုတ်ဘူး။ ဥပဒေရှိသေးတယ်လို့ ပြောတယ်။ ဥပဒေအတိုင်း ဆက်လုပ်လေ။ ကျွန်တော်တို့လည်း လုပ်စရာရှိတာ ဆက်လုပ်မယ်။  မှားယွင်းတဲ့လုပ်ထုံးလုပ်နည်းတွေက ဥပဒေနဲ့ မညီရင် အချိန်မရွေး တရားပြန်စွဲလို့ ရပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းကြည်က ပြောသည်။  

ဖေဖော်ဝါရီ ၁ တွင် နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းကာ နိုင်ငံ့အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ဖမ်းဆီးခံထားရသည်။

ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည်လည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရပြီး လာမည့် ဖေဖော်ဝါရီ ၂၂ တွင် စစ်တွေတရားရုံး၌ ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။ 

အခြားဝန်ကြီးချုပ်များမှာလည်း ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အချို့မှာ နေအိမ်အကျယ်ချုပ်ဖြစ်၍ အချို့မှာ နေရာပြောင်းလဲ ဖမ်းဆီးခံထားရသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ပြည်ထောင်စုအမတ် ၁၇ ဦး၊ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ရှမ်းပြည်နယ် ​စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့​ပြော​ရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်တို့ အမှုဖွင့်ခံထားရသည်။ 

Show More

Related Articles

Back to top button