‘အနာဂတ်က စစ်အစိုးရမဟုတ်’ ဟု ဆိုလာသည့် ဆန္ဒပြလူငယ်များ၏ ဟစ်ကြွေးသံ

ရွေးကောက်ခံခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် နိုင်ငံတစ်ဝန်း ဖြစ်ပေါ်လာသည့် ဆန္ဒထုတ်ဖော်မှုများတွင် နယ်ပယ်ပေါင်းစုံမှ လူငယ်လူရွယ်အများစု ပါဝင်ပြီး စစ်အုပ်ချုပ်မှုသံသရာ ပြန်မလည်စေရန် အာဏာသိမ်းမှုကို အဆုံးစွန်အထိ တွန်းလှန်သွားမည်ဟု ဆိုကြသည်

Published on Feb 18, 2021
အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်နေသူအချို့ကို ဖေဖော်ဝါရီ ၁၇ တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now) 
အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်နေသူအချို့ကို ဖေဖော်ဝါရီ ၁၇ တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီး တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now) 

အသက် ၂၁ နှစ်အရွယ် ‘ရှိုင်း’ သည် ဖေဖော်ဝါရီလ၏ ပြီးခဲ့သည့် နေ့ရက်တိုင်းနီးပါးကို ၎င်းနေထိုင်ရာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ၁၀ မိုင်၊ ၁၅ မိုင် ကွာဝေးသည့် လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဆူးလေ စသည့်နေရာများတွင် ကုန်ဆုံးလေ့ရှိသည်။

ဂရပ်ဖစ်ဒီဇိုင်နာဖြစ်သည့် ရှိုင်းတစ်ယောက် အလုပ်သွားရန် မဟုတ်၊ သူငယ်ချင်းများနှင့် လည်ပတ်ပျော်ပါးရန်လည်း မဟုတ်ပေ။ သိန်းသန်းချီသော ပြည်သူလူထုက ဆန့်ကျင်ရှုတ်ချနေသည့် စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း ၎င်းလည်း တစ်ဦးတစ်ယောက်အဖြစ် ပါဝင်ထုတ်ဖော်ဆန္ဒပြရန် ဖြစ်သည်။

“အမေစု ပြန်လွတ်ရမယ်။ ပြီးရင် ကျွန်တော်တို့အာဏာ ကျွန်တော်တို့ဆီ ပြန်ရောက်ရမယ်” ဟု ၂၀၂၀ တွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲမဲပေးခဲ့ရသူ ရှိုင်းက ၎င်းနှင့် သူငယ်ချင်းတစ်စုတို့ ဆန္ဒထုတ်ဖော်မှု၏ တောင်းဆိုချက်နှင့် ပန်းတိုင်ကို ပြောသည်။

ရှိုင်းနှင့် သူငယ်ချင်းများ ဖေဖော်ဝါရီ ၁၄ တွင် ထိုင်ဆန္ဒပြနေသည့် မြေနီကုန်းတံတားအနီး နေရာအရှေ့တွင် ‘အာဏာရှင်စနစ်ကို အဆုံးသတ်ပါ’ ဟု အဓိပ္ပါယ်ရသည့် စာသားပါ ဆိုင်းဘုတ်အပါအဝင် ဆန္ဒပြဆိုင်းဘုတ် ၁၀ ခုခန့် တွေ့ရသည်။

ရွေးကောက်ခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များပြန်လွှတ်ပေးရန်၊ စစ်အာဏာရှင်၏ ဝါဒဖြန့်အာဘော်ကို ပြန်ထုတ်လွှင့်နေသည့် နိုင်ငံပိုင်ရုပ်သံမီဒီယာများကို ရှုတ်ချခြင်း စသည့်အကြောင်းအရာများ ရေးသားထားကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်သည် ဖေဖော်ဝါရီ ၁ နံနက် မိုးမလင်းမီအချိန်တွင် ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံအချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ် ၅ ခုကြာ စစ်အာဏာရှင်စနစ်အောက်တွင် ကျရောက်ခဲ့ပြီး ၂၀၁၁ တွင် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရ တက်လာခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရွေးကောက်အနိုင်ရခဲ့ပြီး အရပ်သားစစ်စစ်အစိုးရ တက်လာခဲ့သည်။

အစိုးရသက်တမ်း ၅ နှစ် ကြာပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရခဲ့ကာ ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်မည့် ဖေဖော်ဝါရီ ၁ လွှတ်တော်အစည်းအဝေး မစမီ နာရီပိုင်းအလိုတွင် အစိုးရခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရကာ မြန်မာပြည်သူတို့၏ ဝေဒနာဟောင်း စစ်အာဏာသိမ်းမှု နောက်တစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းယူပြီး နောက်တစ်ရက်တွင်ပင် ဆန္ဒပြမှုများ တစ်စတစ်စ ထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးသို့ ကူးစက်ကာ အာဏာရှင်ဆန့်ကျင်ရေးလူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် စစ်အာဏာရှင်သမိုင်းများကို လက်လှမ်းမီခဲ့သူ လူကြီးပိုင်းများသာမက ဆယ်ကျော်သက်နှင့် ၂၀ ဝန်းကျင်အရွယ် လူငယ်များက နိုင်ငံတစ်ဝန်း နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော်နေကြသည်။

အစိုးရဝန်ထမ်းများသာမက လူတန်းစားအလွှာစုံမှ အသက်အရွယ်အစုံ ပြည်သူများ ပါဝင်လာသည့် ၂၀၂၁ လူထုအုံကြွမှုသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ချက်ချင်းဆိုသလို ဆုပ်ကိုင်လိုက်နိုင်သည်။ အထူးသဖြင့် တက်ကြွလှုပ်ရှားလူငယ်များသာမကဘဲ အသိုင်းအဝိုင်းပေါင်းစုံမှ လူငယ်များ ပါဝင်လာအောင် မည်သည့်အရာက စေ့ဆော်လိုက်သနည်းဟု အထူးစိတ်ဝင်စားကြသည်။

“လူငယ်တွေဟာ သူတို့တက်လမ်းကို မပိတ်ချင်ဘူး။ သူတို့ဘဝကို သူတို့ လျှောက်ချင်တယ်။ သူတို့ဘဝကို သူများစီမံတာကို မလိုချင်ဘူး။ အဲဒီတော့ သူတို့လမ်းအတွက် သူတို့ဖောက်နေကြတာလို့ မြင်တယ်” ဟု ၎င်းတို့ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရမဟုတ်ဘဲ စစ်တပ်က အာဏာသိမ်း၍ အုပ်ချုပ်ရန်ကြိုးပမ်းမှုကို လက်မခံကြောင်း ရှိုင်းက ပြောသည်။

အနာဂတ်ကို ချယ်လှယ်မခံနိုင်

ရှိုင်းတစ်ယောက် ဆန့်ကျင်ရှုတ်ချနေသည့် စစ်တပ်အဖွဲ့အစည်းသည် ၎င်းကိုယ်တိုင် ရင်းနှီးကျွမ်းဝင်သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ရှိုင်း၏ ဖခင်ဖြစ်သူမှာ စစ်တပ်တွင် တပ်ကြပ်ကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တပ်ကြပ်တစ်ဦး၏ သားဖြစ်သူ ဖြစ်လင့်ကစား စစ်တပ်အဖွဲ့အစည်းနှင့် ပတ်သက်၍ ခါးသီးသော အတွေ့အကြုံများလည်း ရှိခဲ့သည်။

“ငယ်ငယ်က ကျောင်းတက်တုန်းက ဗိုလ်ကြီးသားသမီးတွေနဲ့ တက်ရင် အရမ်းအနှိမ်ခံရတယ်။ တပ်သားအဆင့်ရဲ့ သားသမီးဆိုတော့ အနှိမ်ခံရတယ်။ အဲဒါကို ကျွန်တော်တော်တော် မုန်းခဲ့တယ်” ဟု ရှိုင်းက ပြောသည်။

ရှိုင်းအသက် ၁၃ နှစ်အရွယ်တွင် ဖခင်ဖြစ်သူ အဆုတ်ရောဂါတစ်မျိုးဖြင့် ကွယ်လွန်ခဲ့သည်။ မကွယ်လွန်မီအချိန်အထိ ကိုယ့်လမ်းကိုယ်ရွေးချယ်ရန်သာ ၎င်းကို အစဉ်တိုက်တွန်းခဲ့သည်ဟု ရှိုင်းက မှတ်မှတ်ရရ ပြန်ပြောင်းပြောပြသည်။

“ပညာရေးစနစ်မှာဆိုရင်လည်း သူတို့ (စစ်အစိုးရ) ချခဲ့တဲ့ (အုတ်မြစ်) ကြီးကို လုံးဝမကြိုက်ပါဘူး။ လူငယ်တွေကို ထူးချွန်လာအောင် လုပ်တာမဟုတ်ဘဲနဲ့ လူငယ်တွေကို ပုံစံသွင်းနေတာ” ဟု ရှိုင်းက ပြောသည်။

စစ်အုပ်ချုပ်မှုစနစ်ကို မတော်လှန်ဘဲ လက်ခံလိုက်မည်ဆိုပါက ယခုမျိုးဆက်သာမက နောက်မျိုးဆက်များ ပညာရေးအမှောင်ခေတ်ကို ထပ်မံဖြတ်သန်းရလိမ့်မည်ဟု ၎င်းက ဆိုသည်။

ရှိုင်းနှင့် သူငယ်ချင်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် နော်ဖူးကလည်း ရှိုင်း၏ ပြောဆိုချက်ကို ထောက်ခံသည်။ စစ်အုပ်ချုပ်မှုစနစ်အောက်တွင် လူငယ်များ လိုချင်သည့် လွတ်လပ်မှု၊ ဖန်တီးမှု၊ အတွေးအခေါ်ကွန့်မြူးမှုတို့ အဆုံးသတ်သွားလိမ့်မည်ဟု နော်ဖူးက ပြောသည်။

“စစ်အာဏာရှင်စနစ်က ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်တွေ အကုန်လုံး ပျက်စီးသွားမယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

နော်ဖူးနှင့် ရှိုင်းတို့ သူငယ်ချင်းအုပ်စုမှာ အယောက် ၃၀ ခန့်ရှိပြီး နယ်ပယ်ပေါင်းစုံ၊ အလုပ်အကိုင်ပေါင်းစုံ လုပ်ကိုင်နေကြသည့် လူငယ်များဖြစ်သည်။ နော်ဖူးက အလွတ်တန်း မိတ်ကပ်ပညာရှင်အဖြစ် လုပ်ကိုင်နေပြီး အခြားသူများမှာ ဓာတ်ပုံဆရာ၊ သတင်းအချက်အလက်နည်းပညာရှင်၊ အစိုးရဝန်ထမ်း စသည်ဖြင့် ပါဝင်သည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၎င်းတို့သူငယ်ချင်းများ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သည့်အခါ ယင်းစနစ်ကို လက်မခံလိုသည့် အခြားလူငယ်များစွာကို မြင်တွေ့ရသည့်အတွက်လည်း အားတက်ရသည်ဟု နော်ဖူးက ဆိုသည်။

“ဒီအစိုးရကို လက်မခံချင်တဲ့ လူငယ်တွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

‘အဆုံးအထိ လုပ်မယ်’

၎င်းတို့သူငယ်ချင်းများသည် ဆန္ဒထုတ်ဖော်ရန် အစီအစဉ်များကို နေ့စဉ်တိုင်ပင်ကြပြီး မည်သည့်နေရာသို့ သွားမည်၊ တစ်ရက်တာအတွက် ငွေကြေးမည်မျှသုံးမည်ကအစ စနစ်တကျ စီစဉ်သည်ဟု ၎င်းတို့က ဆိုသည်။ ၎င်းတို့သည် ရန်ကုန်၌ ဆန္ဒပြမှုများ စတင်သည့် နေ့ကတည်းက တစ်ရက်မပျက် ဆန္ဒပြနေသော်လည်း အလှည့်ကျ အနားယူကြသည့်အပြင် စားဝတ်နေရေးအတွက်လည်း အလုပ်လုပ်နေကြသေးသည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်နေခြင်းမှာ ကာလမည်မျှ ကြာမည်ကို မသိသည့်အတွက် တစ်ရက်၊ နှစ်ရက်၊ တစ်လ၊ နှစ်လတာသာ မဟုတ်ဘဲ ရေရှည်အတွက်ပါ စဉ်းစားထားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့အကုန်လုံးက စလုပ်ကတည်းက အဆုံးအထိလုပ်မယ်လို့ တွေးထားတဲ့လူတွေ၊ တခြားလူတွေလည်း အဲဒီလိုမျိုးပဲလို့ ထင်တယ်” ဟု နော်ဖူးက ပြောသည်။

လူတန်းစားအလွှာပေါင်းစုံမှ သိန်းသန်းချီသော ပြည်သူများ အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသကဲ့သို့ပင် စစ်တပ်လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် နိုင်ငံ့ဝန်ထမ်းအများအပြား၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) မှာလည်း အရှိန်ရလာသည်။

ဆေးပညာအသိုင်းအဝိုင်းမှ ဆရာဝန်နှင့် သူနာပြုများ စတင်အကောင်အထည်ဖော်ခဲ့သည့် CDM သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လျှပ်စစ်ရုံးဝန်ထမ်းများ၊ မီးရထားဝန်ထမ်းများ စသည့် အစိုးရဝန်ကြီးဌာနအများအပြားသို့ ကူးစက်ပျံ့နှံ့လျက်ရှိသည်။

အစိုးရယန္တရားလည်ပတ်ရာတွင် အရေးပါသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို အားကိုးပြီး စစ်တပ်အာဏာသိမ်းယူထားမှုကို ရပ်တန့်ပစ်နိုင်ရန် CDM ဝန်ထမ်းများက မျှော်လင့်သည်။

ထိုနိုင်ငံ့ဝန်ထမ်းများအနက် အသက် ၂၁ နှစ်အရွယ် လျှပ်စစ်ရုံးဝန်ထမ်း ရဲလင်းခန့်လည်း ပါဝင်သည်။ ၎င်းသည် ရန်ကုန် အလုံမြို့နယ်ရှိ လျှပ်စစ်ရုံးတွင် နေ့စားဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ ၎င်းအပါအဝင် အလုံမြို့နယ်လျှပ်စစ်ရုံးရှိ ဝန်ထမ်း ၅၀ မှ ၆၀ ခန့် တစ်ရုံးလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသဖြင့် ရုံးမှာ လက်ရှိ ပိတ်ထားသည်ဟု ရဲလင်းခန့်က ဆိုသည်။

အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် နိုင်ငံပိုင်ရုပ်သံတွင် ထုတ်လွှင့်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်မည်ဟု ပြောဆိုထားသည့်အပေါ်လည်း လုံးဝအယုံအကြည်မရှိဟု ၎င်းက ဆိုသည်။

“အာဏာသိမ်းတဲ့ ရက်ပိုင်းအတွင်းမှာကို လုပ်နေတာတွေက ဒီမိုကရေစီနဲ့ မညီညွတ်ဘူး။ စစ်အစိုးရယန္တရားအောက်မှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ မထင်ပါဘူး” ဟု ရဲလင်းခန့်က ပြောသည်။

ရွေးကောက်ခံ NLD ပါတီဝင် လွှတ်တော်အမတ်များ၊ ဝန်ကြီးချုပ်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ဆန္ဒထုတ်ဖော်မှုများကို အင်အားသုံးဖြိုခွင်းခြင်း၊ ဆန့်ကျင်ဆန္ဒပြမှုများကို ပြင်းထန်စွာအရေးယူနိုင်သည့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်သည့် ဥပဒေများ ပြဋ္ဌာန်းပြင်ဆင်ခြင်းများကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“အနာဂတ်က ဒီမှာ ရပ်နေလို့ မရဘူး။ အနာဂတ်က စစ်အစိုးရ မဟုတ်ဘူး” ဟု ရဲလင်းခန့်က ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းလာပါကလည်း လူငယ်များက ဦးနှောက်ရှိရှိ တုံ့ပြန်ကြလိမ့်မည်ဟု ၎င်းတို့သူငယ်ချင်းတစုက ဆိုသည်။ အာဏာရှင်စနစ်ကျဆုံးရေးသည် ယနေ့လူငယ်များအတွက်သာမက နောက်မျိုးဆက်များ၏ အနာဂတ်အတွက်ပါ အခရာကျသည့်အတွက် ပြည်သူရွေးကောက်တင်မြှောက်သည့် အစိုးရပြန်တက်အချိန်အထိ ဆက်လက်ဆန္ဒထုတ်ဖော်မည်ဟု ၎င်းတို့က ဆိုသည်။

“ကျွန်တော်တို့ ဒီလိုမျိုး လမ်းပေါ်မှာ ထွက်ရသလို နောက်မျိုးဆက်တွေ မထွက်ရအောင် အဓိကပါ” ဟု ‘မနက်ဖြန်တွင် ငါတို့ အသက်ရှင်နေမည်လား မသေချာ’ ဟု အဓိပ္ပါယ်ရသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားလျက် ရှိုင်းက ပြောသည်။

ထိုကဲ့သို့ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အသက် ၂၀ ဝန်းကျင် လူငယ်အများအပြား ပါဝင်နေခြင်းမှာ ခေါင်းဆောင်တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် မဟုတ်ဘဲ တစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် မိမိတို့ကိုယ်တိုင် ဦးဆောင်နေခြင်းဖြစ်သည်ဟု ရှိုင်းက ပြောသည်။

အကယ်၍ ခေါင်းဆောင်တစ်ဦးတစ်ယောက် ရှိနေမည်ဆိုပါကလည်း လှုပ်ရှားမှု၏ အားနည်းချက် ဖြစ်သွားနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

“တကယ့်တကယ် ခေါင်းဆောင်ကို ဖမ်းလိုက်ပြီဆို နောက်ကလူတွေက ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲဒီလို လမ်းတွေ ပျောက်သွားတတ်တယ်။ လူငယ်တွေမှာကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အကုန်လုံးက ခေါင်းဆောင်ပဲ။ ထွက်တဲ့လူက ခေါင်းဆောင်ပဲ။ တစ်ယောက်ကို တစ်ခုခုလုပ်မယ်ဆိုရင်လည်း ဘယ်သူမှ လမ်းမပျောက်ဘူး။ သူတို့ဖမ်းလည်း ဆက်လုပ်နေဦးမှာပဲ” ဟု ရှိုင်းက ဆိုသည်။

စစ်အုပ်ချုပ်မှု သံသရာမလည်စေလို

ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များထံ စစ်တပ်က အာဏာပြန်လည် မလွှဲအပ်သရွေ့ ဆန္ဒထုတ်ဖော်မှုများကို တစ်စိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နိုင်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်ဟု အသက် ၂၉ နှစ်အရွယ် Musica Htet က ပြောသည်။

ဂီတနှင့် အသံပိုင်းဆိုင်ရာပညာဖြင့် အသက်မွေးသူ ၎င်းအပါအဝင် သူငယ်ချင်းများသည် အာဏာရှင်ဆန့်ကျင်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းတစ်ခုသာ မဟုတ်ဘဲ တတ်ကျွမ်းနားလည်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

၁၉၉၀ နှင့် ၂၀၀၀ ပြည့်နှစ်ကာလ စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် လူငယ်ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်သည့်အတွက် စစ်အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန်ဝေဒနာများ မခံစားလိုတော့ဟုလည်း ဆိုသည်။  

၎င်းကြီးပြင်းခဲ့ရသည့် အသိုင်းအဝိုင်းတွင် စစ်ဗိုလ်ချုပ်များ၏ သားသမီးများက ပညာရေး၊ စီးပွားရေး စသည့်နယ်ပယ်အစုံတွင် အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ် ရှိနေခဲ့ပြီး ယင်းအခြေအနေကို လူငယ်များ၏ အနာဂတ်တွင် ထပ်မံ မမြင်လိုတော့ခြင်း ဖြစ်သည်။​

လူငယ်များ၏ သေးငယ်သော အိပ်မက်ပေါင်း မြောက်မြားစွာကို ဖျက်ဆီးရိုက်ချိုးပစ်မည့် စစ်အာဏာရှင်စနစ်ကို ရရာနည်းဖြင့် ဆန့်ကျင်နေသည့် လူငယ်များအပေါ် ပြည်သူလူထုက ယုံကြည်ပေးရန်လည်း Musica Htet က တိုက်တွန်းသည်။

“သံသရာ ခဏခဏ မလည်အောင် ဒီတိုက်ပွဲကို ကုန်အောင် တိုက်မှ ဖြစ်မယ်။ မဟုတ်ရင် ခဏခဏ (အာဏာ) အသိမ်းခံနေရလိမ့်မယ်” ဟု ၎င်းက ပြောဆိုလိုက်သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading